Articles

Winner ကုမ္ပဏီမှ စုစည်းကျင်းပသည့် TAUNGGYI EXHIBITON & CAREXPO ဖွင့်ပွဲ ကျင်းပ

တောင်ကြီး   စက်တင်ဘာ  ၂၅

 

20130925

 

Winner ကုမ္ပဏီမှ စုစည်းကျင်းပသည့် TAUNGGYI  EXHIBITON & CAR EXPO ဖွင့်ပွဲကို စက်တင်ဘာ(၂၅)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ Future Auto Car Sales Centre ဒါရိုက်တာ ဦးနေလင်းအောင်နှင့် Winner ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးညွန့်အောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ပြခန်းများအား လှည့်လည်ကြည့်ရှုကြပြီး၊ ခန်းမအတွင်း၌ ရှမ်းယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးကြသည်။

 

အဆိုပါ Winner ကုမ္ပဏီမှ စုစည်းကျင်းပသည့် TAUNGGYI  EXHIBITON & CAR EXPO ဖွင့်ပွဲတွင် ကုမ္ပဏီအရောင်းပြခန်းပေါင်း (၁၃၀)ရှိပြီး၊ အိမ်သုံးကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ ကျန်းမာရေး အထောက်အကူပြု ဆေးပစ္စည်းများ၊ အားကစားပစ္စည်းများ ပါရှိပြီး၊ ဖော်ဖြေရေးအစီအစဉ်ဖြင့် ဟာသလူရွှင်တော်များ၊ Allstar Dancer အဖွဲ့နှင့် နာမည်ကြီးအဆိုတော် အိုင်ရင်းဇင်မာမြင့်၊ Dယံတို့၏ သီဆိုဖော်ဖြေ၍ ပြပွဲရက်အတွင်း Future Auto မှ ကားများအား (အထူးစျေးနှုန်း+မြန်မာနိုင်ငံ၏ ပထမဆုံး (၆)လ Warranty Services များမှင့် မတူသောဝန်ဆောင်မှုများ) ပေးပြီး၊ ပြပွဲကိုနေ့စဉ် နံနက်(၉)နာရီမှ ည(၉)နာရီအထိ ပြသရောင်းချလျက်ရှိ၍ (၂၅.၉.၂၀၁၃) မှ (၂၉.၉.၂၀၁၃)ရက်အထိ ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကျိုင်းတုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျိုင်းတုံ   စက်တင်ဘာ  ၂၂

 

2

 

၂၀၁၃-ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့၊ နံနက် (၀၇:၄၅)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် ဌာနဆိုင်ရာများ လိုက်ပါလျှက်  ကျိုင်းတုံမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်ရေးအတွက် နမ့်လပ်ချောင်း တိုးချဲ့တူးဖော် ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အခြေအနေများကို ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ပါသည်။ 

 

ကျိုင်းတုံမြို့၊ ဆည်မြောင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြရုံး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဘတင့်က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြရာတွင် နမ့်လပ်ချောင်းအား အကျယ် (၆၀)ပေ ရရှိအောင်တူးဖော်ပြီး ချောင်းကမ်းတစ်လျှောက် အောက်ခြေ (၂၆)ပေ၊ အပေါ်မျက်နှာပြင် (၁၂)ပေ တာဘောင်ဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လျာထားပြီး၊ ဆောင်ရွက်ရမည့် ပမာဏမှာ ချောင်းအရှည် (၈၄၀၀)ပေ၊ မြေကျင်း (၃)သောင်းခန့်ဖြစ်၍ ကုန်ကျစရိတ် (၆၁)သန်း ကုန်ကျနိုင်မည်ဖြစ်ကြောင်း တင်ပြပါသည်။ ပြည်နယ်ဝန်ကြီးချုပ်က ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့ရေဝင်နစ်မြုပ်မှု ကာကွယ်ရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မြို့ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ နမ့်လပ်ချောင်း၏ရေစီးရေလာနှင့် ချောင်းကျဉ်းသောနေရာများအား ချောင်းပေါ်ရှိ နောင်တုန် ချောင်းကျတံတားပေါ်မှ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

ထို့နောက် ကျိုင်းတုံ-မိုင်းယန်း-မိုင်းခတ်လမ်းအတိုင်း ထွက်ခွာခဲ့ပြီး ကတ်တောင်-ကတ်ထိုက် လမ်းမှတစ်ဆင့် ၂၀၁၃-ခုနှစ်၊ သြဂုတ်လ (၉)ရက်၊ (၁၀)ရက်နေ့များက မိုးသည်းထန်ပြီး တောင်ကျရေတိုက်စား သဲဖုံးမှုကြောင့် ပျက်စီးခဲ့သော ဝပ်ဆောင်းအုပ်စု၊ ဝမ်ကန်နွဲ့ရွာအနီးရှိ သဲဖုံးသည့်မြေများအား ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ပါသည်။ ဝမ်ကန်နွဲ့ဘုန်းကြီးကျောင်းအနီးရှိ ရှင်းလင်းဆောင်တွင် ဆည်မြောင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဘတင့်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဒုတိယဦးစီးမှူး ဦးဇော်မြင့်တို့က သဲဖုံးလွှမ်းမှုကြောင့် ဝပ်ဆောင်းအုပ်စုနှင့် ကတ်တောင်အုပ်စုတို့တွင် လယ် (၂၇၀)ဧက ပျက်စီးခဲ့မှု၊ ယင်းလယ်များတွင် ပဲပုပ်နှင့် နွေစပါး ပြန်လည်စိုက်ပျိုးနိုင်မည့် အခြေအနေ၊ လယ်ယာမြေများ ပြန်လည်ပြုပြင် ဆောင်ရွက်မည့် အခြေအနေ၊ နမ့်ဖူးချောင်းအား ပြန်လည်တူးဖော် ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် တောင်သူ (၆)ဦး၏ လယ် (၇)ဧကအား စံပြလယ်ယာအဖြစ် ပြန်လည်ဖော်ထုတ် ဆောင်ရွက်ပေးမည့်နေရာနှင့် ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ပြည်နယ်ဝန်ကြီးချုပ်က အမြန်ဆုံးဦးစားပေး ဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူက ဒေသခံတောင်သူများအား ရှမ်းဘာသာဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 

ထိုမှတစ်ဆင့် ကျိုင်းတုံ-တောင်ကြီးလမ်း မိုင်တိုင်အမှတ် (၃၈၉)အနီး နမ့်အောချောင်းမှ ရေယူ၍ ကျိုင်းတုံမြို့ သောက်သုံးရေဖြန့်ဝေရာ မူလရေယူကန်၊ ရေစစ်ကန်နှင့် ရေသွယ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ ရေစစ်ကန် ရှင်းလင်းဆောင်တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာက ရေစစ်ကန်လုပ်ငန်းများကို (၁၈.၄.၂၀၁၁)နေ့တွင် လုပ်ငန်းစတင်ကာ (၂၀.၁၂.၂၀၁၂)တွင် ပြီးစီးခဲ့ကြောင်း၊ တစ်နေ့ရေဂါလံ (၆)သိန်းခန့် ပေးနိုင်ပြီး ကုန်ကျစရိတ် ကျပ်သိန်း (၂)ထောင်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။ နမ့်အာချောင်း၏ ရေဝေရေလဲဒေသ မိုင်တိုင်အမှတ်(၃၈၄)အနီးတွင် ဧက(၁၅၀)အား  ရေဝေရေလဲဧကအဖြစ် ထိန်းသိမ်းစိုက်ပျိုးနေမှုများနှင့် ယခုမိုးရာသီတွင် သစ်ပင်မျိုးစုံ (၁၇၀၀၀)စိုက်ပျိုး ရှင်သန်လျှက်ရှိကြောင်း ရှင်းလင်းတင်ပြပါသည်။ ပြည်နယ်ဝန်ကြီးချုပ်က သန့်ရှင်းသော သောက်သုံးရေရရှိရေး အလေးထားဆောင်ရွက်ပေးရန်နှင့် နောင်တိုးတက်လာမည့် လူဦးရေအတွက် ရေဖူလုံရေးလိုအပ်ပါကြောင်း စီမံဆောင်ရွက်ထားရန် မှာကြားခဲ့ပါကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တို့အကြား ချစ်ကြည်ရေး စျေးရောင်းပွဲတော် နှင့် ဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ   စက်တင်ဘာ  ၂၂

 

6

 

၂၀၁၃-ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်၊ ညနေ(၁၆:၀၀)နာရီတွင် ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တို့အကြား ညီအစ်မရင်းခြာကဲ့သို့ ချစ်ကြည်ရင်းနှီးသော မြို့များဖြစ်ရေး ရည်ရွယ်လျှက် စီစဉ်ကျင်းပသော ချစ်ကြည်ရေးကုန်စည်ပြပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက် အမှာစကားပြောကြားကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။ 

 

အခမ်းအနားဖွင့်ပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ချင်းမိုင်ခရိုင်မှ (Governor of Chiang Mai)Mr.Tanin Subhasaen နှင့် တာဝန်ရှိသူများ၊ နှစ်နိုင်ငံယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများ အင်အား(၃၀၀)ခန့် တက်ရောက်ခဲ့ပြီး၊ ချင်းမိုင်မြို့မှ ဒေသထွက်ကုန်ပစ္စည်းများ၊ ယဉ်ကျေးမှု ရိုးရာပစွည်းများ၊ ပိုးထည်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆိုင်ခန်း (၁၅)ခန်းနှင့် ကျိုင်းတုံမြို့မှ ဆိုင်ခန်း (၁၁)ခန်း ဖွင့်လှစ်ရောင်းချခဲ့ကြပြီး၊ ကုန်စည်ပြပွဲကို (၂၂.၉.၂၀၁၃) နှင့် (၂၃.၉.၂၀၁၃) နှစ်ရက် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရပါသည်။

 

၂၀၁၃-ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် ကျိုင်းတုံဟိုတယ်သစ်၊ အစည်းအဝေးခန်းမ၌ ကျိုင်းတုံ-ချင်းမိုင် အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး၊ ထိုင်းနိုင်ငံဘက်မှ (Governor of Chiang Mai)Mr.Tanin Subhasaen  ဦးဆောင်သော ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုန်သည်ကြီးများအဖွဲ့မှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

 

ဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် (Governor of Chiang Mai)Mr.Tanin Subhasaen  တို့က အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပြီး တက်ရောက်လာသူများက နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် နယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်ရေး၊ ကျိုင်းတုံနှင့် ချင်းမိုင်ဒေသအတွင်း အသိအမြင်ဗဟုသုတများဖလှယ်ရေး၊ ကျိုင်းတုံနှင့် ချင်းမိုင်တို့ အမွှာမြို့တော်များအဖြစ် အပြန်အလှန် ယဉ်ကျေးမှုဖလှယ်ရေး၊ ခရီးသွားကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းများ တို့မြှင့်ဆောင်ရွက်ရေး၊ နယ်စပ်ဧရိယာများတွင် တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်သော မီးခိုးငွေ့ ပြဿနာများ ပူးပေါင်းဖြေရှင်းရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးတို့အတွက် အကြံပြုဆွေးနွေးကြပါသည်။

 

ယင်းနောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် (Governor of Chiang Mai) Mr.Tanin Subhasaen တို့က နိဂုံးချုပ် အမှာစကားများ အသီးသီး ပြောကြားပြီး၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခြင်းများပြုလုပ်ကာ (၁၁:၀၀)နာရီတွင် အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Mercy Corps အဖွဲ့အစည်း တွေ့ဆုံ

တောင်ကြီး  စက်တင်ဘာ  ၂၄

 

20130924

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စက်တင်ဘာ(၂၄)ရက်၊ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ Mercy Corps အဖွဲ့အစည်း Jenny Vaughan  ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံသည်။

 

   တွေ့ဆုံမှုတွင် Jenny Vaughan မှ ဆွေးနွေးရာ မိမိတို့ အဖွဲ့အစည်းသည် အမေရိကန်နိုင်ငံ အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ လူတိုင်းအသုံးဝင်သည့် သဘာဝအရင်းအမြစ်စီမံခန့်ခွဲရေး စီမံကိန်းလုပ်ငန်းများကို ရှမ်းပြည်နယ်အတွင်းတွင် (၂)နှစ်လုပ်ကိုင်ဆောင်ရွက်ပြီး၊ ၂၀၁၃-ခုနှစ်၊ ဒီဇင်ဘာလတွင် သင်တန်းဖွင့်လှစ်ပေး၍ ပြည်သူလူထု (၅၀)ဦး ရွေးထုတ်ကာ နှစ်ဦးနှစ်ဘက် တင်းမာမှုများ၊ လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုလုပ်ငန်းများကို သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသွားသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဆွေးနွေးပြောကြားရာ အင်းလေးကန်ဒေသ (၅)မြို့နယ်ကို ဟောပြောပွဲအဖြစ် ပြည်သူလူထုတွေကို အသိပညာပေး ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည့် အကူအညီများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသွားကြောင်း သိရှိရသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 45 guests and no members online