Articles

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ဆက်လက် ကျင်းပ

တောင်ကြီး   စက်တင်ဘာ  ၁၂

 

1

 

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို စက်တင်ဘာလ(၁၂)ရက်၊ မွန်းလွဲ(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် (၁၂၈)ဦး တက်ရောက်ကြသည်။

 

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့် မေးခွန်း (၂၂)ခုအား ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြန်လည်ဖြေကြားကြပါသည်။

 

   ဆက်လက်၍ ယမန်နေ့က တင်သွင်းခဲ့သော ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းအား ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်မှ သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာပါသည်။

 

   ထို့နောက် ယမန်နေ့က တင်ပြခဲ့သော ကော်မရှင်နှင့် ကော်မတီ(၃)ရပ်တို့၏ တာဝန်၊ လုပ်ကိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းလျာထားချက်များနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ဥက္ကဌမှ ရှင်းလင်းတင်ပြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်မှ သဘောတူညီသည့်အတွက် ကော်မရှင်နှင့် ကော်မတီ(၃)ရပ်ကို ဖွဲ့စည်းရာတွင် အတည်ပြုကြောင်း လွှတ်တော်မှ ကြေညာပါသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပညာရေး၊ ကျန်းမာရေး၊ အားကစားဆိုင်ရာ လူမှုရေးကဏ္ဍများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက လွှတ်တော်သို့ ရှင်းလင်း တင်ပြပါသည်။

 

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို မွန်းလွဲ (၁၄:၄၅)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သိရှိရသည်။

 

ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပ

တောင်ကြီး   စက်တင်ဘာ   ၁၁

 

1

 

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(တတိယနေ့)ကို စက်တင်ဘာလ (၁၁)ရက် နံနက်(၁၀၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်  ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ဒုတိယ ဥက္ကဌ နှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ(၁၃၀)ဦး တက်ရောက်ကြသည်။

 

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့် မေးခွန်း(၁၅)ခုအား သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ပြန်လည်ဖြေကြားကြပါသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၃-၂၀၁၄ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းအား လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

 

   ထို့နောက် ယမန်နေ့က တင်သွင်းခဲ့သော " ဥပဒေကြမ်း (၃)ရပ်" အနက် "ရှမ်းပြည်နယ်စည်ပင်သာယာရေး အဖွဲ့များ ဥပဒေကြမ်း" နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာ ကော်မတီမှ ပြင်ဆင်ဖြည့်စွက်ချက်(၂၂)ချက်အား ပြင်ဆင်ရန် အဆိုပြုချက်များအနက် ဥပဒေကြမ်းပါ အမှတ်စဉ်(၁၄) အပိုဒ်(ဂ)အား ဖြုတ်ရန် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးက လွှတ်တော်သို့ တင်ပြသဖြင့် ဥပဒေပြုရေးရာ ကော်မတီက သဘောတူသည့်အတွက် ဥပဒေ၏ အစိတ်အပိုင်း မဖြစ်ကြောင်း၊ ကျန်ပြင်ဆင်ဖြည့်စွက်ချက်(၂၁)ချက်နှင့် ကျန်ဥပဒေကြမ်း(၂)ရပ်လုံးအား ပြင်ဆင်ရန် အဆိုပြုချက်များအား သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများက သဘောတူညီသည့်အတွက် ဥပဒေ၏ အစိတ်အပိုင်းဖြစ်ကြောင်း ကြေညာပါသည်။

 

   ဆက်လက်၍ "ရှမ်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့များ ဥပဒေကြမ်း"တစ်ရပ်လုံးအနက် (၂၂)ချက်အား ပြင်ဆင်ရန် အဆိုပြုချက်များအနက် ဥပဒေကြမ်းပါ အမှတ်စဉ်(၁၄) အပိုဒ်(ဂ)အား ဖြုတ်ရန်နှင့် ကျန်ပြင်ဆင်ဖြည့်စွက်ချက်(၂၁)ချက်အား ပြင်ဆင်ရန် အဆိုပြုချက်အား အတည်ပြုပေးပါရန်နှင့် ကျန် ဥပဒေကြမ်း(၂)ရပ်လုံးအား ပြင်ဆင်ရန် အဆိုပြုချက်အား အတည်ပြုပေးပါရန် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက လွှတ်တော်သို့ တင်ပြရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုပါ ဥပဒေကြမ်းများအား ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်က သဘောတူကြောင်း ကြေညာပါသည်။

 

   ထို့နောက် ယမန်နေ့က ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့သော အဆို(၂)ရပ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်သို့ အဆုံးအဖြတ်ရယူရာ အဆိုတစ်ရပ်အား မှတ်တမ်းတင်ရန် အတည်ပြုကြောင်းနှင့် အဆိုတစ်ရပ်အား အတည်ပြုကြောင်း ကြေညာပါသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အစိုးရသစ်လက်ထက် ရှမ်းပြည်နယ်အတွင်းရှိ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးနှိမ်နင်းရေး ဆောင်ရွက်မှု အခြေအနေတို့အား သက်ဆိုင်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များက လွှတ်တော်သို့ အသီးသီး ရှင်းလင်းတင်ပြကြပါသည်။

 

   ထို့နောက် ပြည်နယ်လွှတ်တော် ဥက္ကဌက ပြည်နယ်လွှတ်တော်တွင် နောက်ထပ် ဖွဲ့စည်းမည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊ တိုင်တန်းစာ စိစစ်ရေးကော်မတီနှင့် ဘတ်ဂျက်စိစစ်ရေးကော်မတီတို့တွင် ထည့်သွင်းဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ ကော်မရှင်/ကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတို့၏ အမည်စာရင်းတို့ကို ပြည်နယ်လွှတ်တော်သို့ တင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူး ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပြီး ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး တတိယနေ့ ကို ညနေ့(၁၅၀၀)နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။

 

နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၁၀ 

 

2

 

   နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကို စက်တင်ဘာ(၁၀)ရက်၊ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံး၊ ဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဝန်ကြီးဌာန(၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီးများက အမှာစကား အသီးသီး ပြောကြားပြီး အခမ်းအနား တက်ရောက်လာသည့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့် အပြန်အလှန် ဆွေးနွေး မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

 

   ထို့နောက် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီးများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြသည်။

 

ရှမ်းပြည်နယ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၀၈

 

3

 

   ၂၀၁၃-ခုနှစ်၊ ရှမ်းပြည်နယ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာ(၈)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင့်မိုရ်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "ဒို့အင်ဒို့အား" သီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။

 

   ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားပြီး၊ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေက ဖတ်ကြားသည်။

 

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးတို့က ၂၀၁၃-ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပိုစတာပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "လူတိုင်းအတွက် ပညာရေး" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

   ၎င်းနောက် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "ဇာတိမာန်" သီချင်းကို သီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 61 guests and no members online