သတင်းများ

(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၁၇

12

၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ (၁၇)ရက်  နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထဋ်က (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့နယ်ရှိ ပင်လုံကျောက်တိုင်ကွင်း၌ ကျင်းပသွားမည် ဖြစ်ကြောင်း၊ လူထုတွေ့ဆုံပွဲ၊ မီးပုံပွဲနှင့် ညစာစားပွဲများကို ကျင်းပသွားမည်ဖြစ်သောကြောင့် လုပ်ငန်းကော်မတီများမှ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ ဆွေးနွေးတင်ပြပြီး၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်းဆွေးနွေးကာ လုပ်ငန်းကော်မတီအလိုက် တင်ပြဆွေးနွေးရာ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ အားကစား နှင့် ပျော်ပွဲရွှင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ စစ်ရေးပြလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ညစာစားပွဲ နှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ဖျော်ဖြေရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ အသီးအသီးတို့မှ ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ညောင်ရွှေအကျဉ်းထောင်ရှိ အကျဉ်းသား/အကျဉ်းသူများအား အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်

တောင်ကြီး ဇန်နဝါရီ - ၁၇

13

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ အကျဉ်းဦးစီးဌာန ညောင်ရွှေအကျဉ်းထောင်၌ အကျဉ်းသား/သူ များအား ဇန်နဝါရီ ၁၇ ရက် နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူ များနှင့်အတူ အကျဉ်းသား/သူများအား အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အကျဉ်းဦးစီးဌာန ညောင်ရွှေအကျဉ်းထောင်၌ အကျဉ်းသား/သူ များအား နှုတ်ခွန်းဆက်စကားပြောကြားရာ  မိမိတို့ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ယခုလိုလာရောက်ရခြင်းသည် ကမ္ဘောဇဘဏ်တည်ထောင်သူ နာယက ဝဏ္ဏကျော်ထင်စည်သူ ဦးအောင်ကိုဝင်းအား ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတော်အစိုးရမှ သရေစည်သူဘွဲ့ကို ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့်အတွက် ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်အစိုးရဖွဲ့နှင့် ပူးပေါင်း၍ ညောင်ရွှေ အကျဉ်းထောင်၏ အကျဉ်းသား/သူများ၏ ဆန္ဒအရ ကြာဇံကြော်နှင့် ငါးခြောက်ကြော်တို့ကို လာရောက်လှူဒါန်းပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် အားလုံးအတွက် ဆုတောင်းမေတ္တာပို့သပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ များတို့မှ ညောင်ရွှေအကျဉ်းထောင်ရှိ အကျဉ်းသား (၃၀၈၂)ဦး၊ အကျဉ်းသူ(၃၆၃)ဦးတို့အား ကြာဇံကြော်နှင့်ငါးခြောက်ကြော်တို့ကို ဝေငှပေးခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

တောင်ကြီး ဇန်နဝါရီ   −   ၁၄

7

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၀)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၀)ကို ဇန်နဝါရီ(၁၄)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့အစည်းအဝေးအမှတ်စဉ်(၅/၂၀၁၉) ဆုံးဖြတ်ချက်နှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ်(၅/၂၀၁၉) ဆုံးဖြတ်ချက်များအား ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆန်းဝင်းက ဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြုရယူပြီး၊  ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၀) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၀) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကာ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြပြီး၊ ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

စီမံကိန်းဘဏ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် စီမံကိန်းအဆိုပြုလွှာပုံစံ ဖြည့်စွက်ခြင်းဆိုင်ရာသင်တန်း ကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၁၆

11

နိုင်ငံတော်စီးပွားရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန (ရုံးချုပ်)၊ မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းနှင့် Renaissance Institute တို့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် စီမံကိန်းဘဏ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် စီမံကိန်းအဆိုပြုလွှာပုံစံ ဖြည့်စွက်ခြင်းဆိုင်ရာသင်တန်းကို ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable  Development Plan)ကို ရေးဆွဲလျက်ရှိသည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲရန် Sustainable  ဆောင်ရွက်သည့်နေရာတွင် ရေရှည်တည်တံ့ခိုင်မြဲရုံသာမက ဟန်ချက်ညီရန် လိုအပ်ပါကြောင်း၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်အားလုံးသည် ဟန်ချက်ညီရန် အားလုံးပါဝင်မှု ရှိ၍ မျှတရန်လိုအပ်ပါကြောင်း၊ MSDP စီမံကိန်းထဲတွင် နိုင်ငံအတွက် ထားရှိသော ဖွံ့ဖြိုးရေးမျှော်မှန်းချက် များကို ရေးဆွဲထားပြီး နိုင်ငံကို မူလရှိပြီးသား အမျိုးမျိုးသောစီမံကိန်းများကို အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကြီးတစ်ခုအောက်၌ သဟဇာတဖြစ်စေရန် ပေါင်းစည်းဆောင်ရွက်နိုင်မှသာ တိုင်းပြည် အတွက် စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု စီမံကိန်း များသည် MSDP နှင့် ကိုက်ညီမှု ရှိ/မရှိ ဆိုသည်ကို စိစစ်သုံးသပ်ရမည့်အတွက် Project Bank ကိုလည်း သေချာစွာ သဘောပေါက်နားလည်ရန် လိုအပ်ပါကြောင်း၊ သင်တန်းတွင် Project Template ကို လေ့လာခြင်းဖြင့် မိမိတို့ရှမ်းပြည်နယ်ဒေသကြီး၏ မဟာဗျူဟာကျစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် Project Bank ထဲပါဝင်ရမည့် အဆိုပြုတင်ပြချက်များ ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှု အခွင့်အလမ်းများရှိနေသည့် ရှမ်းပြည်နယ်အတွက် မဟာဗျူဟာမြောက်စီမံကိန်းများအား အဓိကဦးစားပေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းပါဝင်သည့် စီမံကိန်းများဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားသွားသည်။

ဆက်လက်၍ MDI မှ Senior Policy Specialist ဒေါ်သီဒါနွဲ့က MSDP Project Bank တို့နှင့် စီမံကိန်းအဆိုပြုလွှာဖြည့်စွက်နည်းတို့ကို ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသူများက သိရှိလိုသည်များ ကို မေးမြန်းဆွေးနွေးကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့မှ အတွင်းရေးမှူးများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်စီမံကိန်း ဦးစီးရုံး (ရုံးခွဲ) လားရှိုး၊ ကျိုင်းတုံရှိ ပြည်နယ်ခွဲဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသစီမံကိန်း ဦးစီးမှူးများ၊ ခရိုင်/မြို့နယ်စီမံကိန်းဦးစီးမှူးများ၊ ပြည်နယ်စီမံကိန်းဦးစီးရုံးမှ အရာထမ်းများ၊ စုစုပေါင်း အင်အား (၄၅၀)ဦးခန့် တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်တန်းကျေးရွာ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၁၄

6

နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှု၊ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေပံ့ပိုးမှု၊ စေတနာအဖွဲ့၏အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ဒေသခံမိဘပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ဆောက်လုပ် ခဲ့သော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၊ (အောင်မေတ္တာဆောင်) ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ဇန်နဝါရီ (၁၄)ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူတို့သည် ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး၊ ကျောင်းဆောင်သစ်ရှေ့တွင် အမှတ်တရသစ်ပင်များ စိုက်ပျိုးခဲ့ကြကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးကို၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ စေတနာအဖွဲ့မှ စီမံကိန်းဒေသတာဝန်ခံ ဒေါ်အေးအေးသန့်တို့မှ အသီးအသီး အမှာစကားပြောကြားကြပြီးနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သော စာအုပ်ဒါဇင်(၁၀၀)အား ပြည်နယ်လူမှုရေးဝန်ကြီးမှ ပေးအပ်ရာ ကျောင်းတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူ ခဲ့သည်။ 

အဆိုပါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း၊ (အောင်မေတ္တာဆောင်) ကျောင်းဆောင်သစ်အား နိပွန်ဖောင်ဒေးရှင်း စေတနာအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၆၇၂၄၄၈၈၀)ကျပ်၊ ရပ်ရွာမှ ထည့်ဝင်ငွေ(၁၀၆၃၇၀၀၀) ကျပ်၊ စုစုပေါင်း (၇၇၈၈၁၈၈၀)ကျပ်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူတို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာ တိုက်နယ်ဆေးရုံအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

အစရ(ရှမ်း)

 

သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှုပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၁၅

10

၂၀၂၀ ပြည့်နှစ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေး ရှိသော သင်ယူမှုပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက တောင်ကြီးတက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က မြန်မာ့ပညာရေးအတွက် သင်ယူမှုအခွင့်အလမ်း မြင့်မားပြီး အရည်အသွေးရှိသော သင်ယူမှုကို အကောင်အထည်ဖော်ဆောင်ရွက်နေ သည့်အချိန်တွင် ရှမ်းပြည်နယ်တွင်ရှိသည့် ကျောင်းသား/ကျောင်းသူများအတွက် ပိုမိုရရှိပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ဆွေးနွေးပေးကြသူများကို အထူးပင်ကျေးဇူးတင်ဝမ်းမြောက်မိ ပါကြောင်း၊ ရှမ်းပြည်နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး တစ်သက်တာသင်ယူမှုအခွင့်အရေး ရရှိရေးနှင့် အရည်အသွေးရှိသော သင်ယူတက်မြောက်မှု အခွင့်အလမ်းရရှိရေးအတွက် လိုအပ်နေသော အဆောက်အဦများ၊ သင်ထောက်ကူပစ္စည်းများ၊ အိုင်စီတီပစ္စည်းများနှင့် ဆရာ/ဆရာမများ ဖြည့်ဆည်း ဆောင်ရွက်ပေးရုံသာမက ဆရာ/ဆရာမများကိုလည်း အရည်အသွေးပိုမိုမြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ ထူးချွန်ထက်မြက်သော ကျောင်းသား/ကျောင်းသူများကို ပိုမိုမွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆရာ/ ဆရာမများကလည်း မွေးဖွားချိန်မှ ဘဝတစ်လျောက်လုံးစဉ်ဆက်မပြတ် သင်ယူပြီး အရည်အသွေး ရှိသော ပညာရေးစနစ်တွင် ဘဝတစ်သက်တာသင်ယူရမည်ဖြစ်ပြီး ဒေသ၏လိုအပ်ချက်များကို အထောက် အကူဖြစ်စေမည့် လက်တွေ့အသုံးချလုပ်ငန်းများ လမ်းညွှန်ဆောင်ရွက်ပေးနိုင်ရန်အတွက် အရည်အသွေး ပြည့်ဝရန် လိုအပ်ပါကြောင်း၊ သင်ယူမှုအခွင့်အလမ်းပိုမိုမြင့်မားလာရေးအတွက်လည်း ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများကို အထူးအလေးပေးပြီး လိုအပ်သည့်နေရာများတွင် ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ကျောင်း ဆောင်သစ်ဆောက်လုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားများကိုလည်း တိုင်းရင်းသား ဘာသာစာပေသင်ကြားနိုင်ရန် သက်ဆိုင်ရာဘာသာစာပေယဉ်ကျေးမှုအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ကာ သင်ယူမှုအခွင့်အလမ်းဆုံးရှုံးနေသော ကျောင်းပြင်ပရောက် ကလေးများကိုလည်း ကျောင်းပြင်ပပညာရေးဖြင့် သင်ယူခွင့်ရရှိစေခဲ့ပါကြောင်း၊ အရည်အသွေးရှိသော သင်ကြားသင်ယူမှုများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့် ဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် ယနေ့ဆွေးနွေးပွဲကို တက်ရောက်လာကြသော လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရေးကိုစိတ်ဝင်စားသည့် မိဘများ၊ ပညာရေးဌာနမှ ပုဂ္ဂိုလ်များနှင့် အတူ ပူးပေါင်း ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရှမ်းပြည်နယ်အတွင်း သင်ယူမှုအခွင့်အလမ်းမြင့်မားရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေး တင်ပြပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

တောင်ကြီးမြို့၌ (၅၁)နှစ်မြောက်မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ-၁၀

4

   ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၅၁)နှစ်‌မြောက်မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဇန်နဝါရီ(၉)ရက် မွန်းတည့်(၁၂)နာရီက တောင်ကြီးမြို့၊ တောင်ကျောင်းကြီး ပထမ စာသင်တိုက်မှသံဃာတော်များစတင်ကြွချီ၍ ဗိုလ်ချုပ်အောင်ဆန်းလမ်းမအတိုင်း မူလမင်းကွန်း ကျောင်းတိုက်အထိ ဆွမ်းဆန်စိမ်းလောင်းလှူခံကြသည်။

   (၅၁)နှစ်မြောက်မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ   ဘုန်းတော်ကြီး ကျောင်း (၉၉)ကျောင်းမှ သံဃတော်(၁၃၈၂)ပါး၊ သီလရှင်ကျောင်း(၁၀)ကျောင်းမှ သီလရှင်အပါး(၁၀၀) တို့အား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ ဒေသခံပြည်သူများတို့မှ ဆွမ်းဆန်စိမ်း၊ ဆေးဝါး၊ လှူဖွယ်ဝတ္ထုပစ္စည်းအမျိုးမျိုးတို့ လောင်းလှူကြသည်။

ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့်ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်များတို့က မူလမင်းကွန်းကျောင်းတိုက် တွင် ဆရာတော်၊ သံဃာတော်ကြီးများအား ဆွမ်းဆန်စိမ်း၊ ဆေးဝါးများ၊ လှူဖွယ်ဝတ္ထုအစုစုတို့ကို လောင်းလှူကြသည်။

   ထို့နောက် ရေစက်သွန်းချအခမ်းအနားကို မူလမင်းကွန်းကျောင်းတိုက်ဓမ္မာရုံ၌ ဆရာတော်၊ သံဃာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာဂန္ထဝါစက ပဏ္ဍိတ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇဝန္တထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့မှ မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဇျာယ် ချီးမြှင့်တော်မူ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီးဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများတို့က ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်းသိရသည်။

   အဆိုပါ (၅၁)နှစ်‌မြောက်မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ဘုန်းတော်ကြီး ကျောင်း (၉၉)ကျောင်းအတွက် ဆန်(၇၅၂)အိတ်၊ သီလရှင်ကျောင်း (၁၀)ကျောင်းအတွက် ဆန်(၇၅)အိတ်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းအတွက် ဆန်(၅)အိတ်၊ ဆွမ်းဆန်စိမ်းလောင်းလှူရေး ဦးစီး ကော်မတီ ကြီးကြပ်မှုဖြင့် မဏ္ဍာပ်များမှ လောင်းလှူသောဆန်(၃၅၀)အိတ်၊ စုစုပေါင်း(၁၁၈)အိတ်နှင့် တန်ဖိုးသင့်လှူဒါန်းငွေစုစုပေါင်းမှာ (၂၉၅၅၀၀၀၀)ကျပ်၊ ဗိုလ်ချုပ်လမ်းတစ်လျောက်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ရက်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များနှင့် မြို့သူမြို့သားများမှ ဆွမ်းဆန်စိမ်း လောင်းလှူသည့် ခန့်မှန်းတန်ဖိုးစုစုပေါင်းကျပ်သိန်းနှစ်ထောင်ဖြစ်ပြီး၊ (၅၁)နှစ်‌မြောက်မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး၏ လှူဒါန်းငွေကျပ်စုစုပေါင်းမှာ (၂၂၉၅၅၀၀၀၀)ကျပ်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင် မိတ်ဆက်ရှင်းလင်းပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၁၅

9

ရှမ်းပြည်နယ် ၂၀၁၉- ၂၀၂၀ ခု ဘဏ္ဍာနှစ်၊ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင် (Citizen’s Budget) မိတ်ဆက်ရှင်းလင်းပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အစိုးရ အနေဖြင့် ပြည်နယ်၏မူဝါဒနှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် အစိုးရ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေရရှိပုံနှင့် ခွဲဝေသုံးစွဲပုံတို့ကို အများပြည်သူတို့ ရှင်းလင်း လွယ်ကူစွာ သိရှိနားလည်စေရန်၊ ပြည်နယ်အတွင်း ပြည်သူလူထုကို ဗဟိုပြုသည့် စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တာဝန်ယူ၊ တာဝန်ခံမှုရှိသည့် အစိုးရစနစ်တစ်ရပ် ဖြစ်စေရန်စသည့် အကျိုး ရလဒ်များ ဖြစ်ထွန်းစေရေးကို ရှေးရှုပြီး ပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင် (Citizen’s Budget) ထုတ်ဝေရခြင်းဖြစ်ကြောင်း၊ ၂၀၁၉- ၂၀၂၀ ခုနှစ်အတွက် ရှမ်းပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းစာစောင်ကို ထုတ်ဝေနိုင်ခြင်းသည် ပြည်နယ်အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ယူ၊ တာဝန်ခံမှုရှိခြင်း၊ ဘတ်ဂျက်ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ပြည်သူလူထုကို ပါဝင်စေခြင်းအစရှိသော အလေ့အကျင့်ကောင်းများ ခိုင်မာအားကောင်းလာစေရန်အတွက် ပြည်နယ်အစိုးရက ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ယခုထုတ်ဝေလိုက်သည့် ရသုံးခန့်မှန်းခြေငွေစာရင်းအချက်အလက်များစာစောင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေး နှစ်ကို လေ့လာအသုံးချပြီး ပြည်သူများက အတူတကွပူးပေါင်းဆောင်ရွက်နိုင်ကြရန် တိုက်တွန်းပြောကြား သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံဆိုင်က အမှာစကားပြောကြားပြီး Renaissance Institute နှင့် အာရှဖောင်ဒေးရှင်းမှ တာဝန်ရှိသူတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား ကြသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ Renaissance Institute ဥက္ကဌ ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၈

3

၂၀၂၀ပြည့်နှစ် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၇ ရက် မွန်းလွှဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဖွဲ့စည်းထားရှိသော ကျင်းပရေးဦးစီးကော်မတီ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများ အလိုက် လိုအပ်သည်များ ညှိနှိုင်းတိုင်ပင်ဆွေးနွေးနိုင်ရန်အတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်နေ့အခမ်းအနားကို နှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့ရာ ယခုနှစ်ဆို (၇၃)နှစ်ပြည့်မြောက်ဖြစ်ပြီး ထူးထူးခြားခြားအနေဖြင့် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်အကြီးအကဲများမှ တက်ရောက်ချီးမြှင့်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲများ လာရောက် မည်ဖြစ်သည့်အတွက် မိမိတို့ဘက်မှ လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းပိုင်းဆိုင်ရာများနှင့် ပတ်သက်ပြီး လစ်ဟာမှုမရှိစေရေး အလေးထားဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် ရှမ်းပြည်နယ်သည် မိမိတို့နေထိုင်သည့် ရှမ်းပြည်နယ်၏ အထိမ်းအမှတ်နေ့ထူးနေ့မြတ်လည်း ဖြစ်ပါကြောင်း၊ ပြခန်းများ ခင်းကျင်းပြသမှုနှင့်ပတ်သက်၍ ပီပီပြင်ပြင်ခင်းကျင်းပြသပေးရန်၊ နေရာချထားမှုနှင့် စနစ်တကျ ခင်းကျင်း ပြသပေးရန် ဥပမာအနေဖြင့် သစ်သီးဝလံပြခန်း၊ ဒေသထွက်ပစ္စည်းများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ များ၏ ဝတ်စားစီရင်မှုစသည့် ပြခန်းများ အလေးထားဆောင်ရွက်ပေးရန် ပြောကြားသွားသည်။

ဆက်လက်၍ (၇၃) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ လိုအပ်ချက်များ၊ အားနည်း ချက်၊ အားသာချက်များရှိပါက မိမိထံသို့ လာရောက်တင်ပြနိုင်ကြောင်းနှင့် ဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ထို့နောက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်းဆွေးနွေး၍ တက်ရောက်လာကြသော လုပ်ငန်းကော်မတီအလိုက် တင်ပြဆွေးနွေးရာ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်း ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ပြခန်းများ ခင်းကျင်းပြသရေး လုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး၊ ပို့ဆောင်ရေးနှင့် ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ သတင်း မှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ရေးကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်း ကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်း ကော်မတီတို့မှ အသီးသီးဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

သန်းခေါင်စာရင်းကောက်ယူနေမှုအားရှမ်းပြည်နယ်ဝန်ကြီးချုပ်ကွင်းဆင်းကြည့်ရှု ‌‌

တောင်ကြီး ဇန်နဝါရီ-၁၅

8

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ နှင်းဆီလမ်း၊ ပြည်တော်သာရပ်ကွက်တွင် ဇန်နဝါရီ ၁၅ရက် နံနက်၈နာရီခွဲက‌ ဒေါ်စန်းစန်း‌အေး၊ ဦးစိုး‌အောင်၊ ဒေါ်လှမြင့်တို့နေအိမ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများက သန်းခေါင်စာရင်းကောက်ယူနေမှုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် သူရတင်ကိုကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ တစ်အိမ်တက်ဆင်းလှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ရှမ်းပြည်နယ်ပညာရေးစုံညီပွဲတော် ဖွင့်ပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၇

2

နိုင်ငံတော်က လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝပြီး ထူးချွန်ထက်မြက်သော လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်နေသည့်အချိန်တွင် ထူးချွန်ထက်မြက်သည့် ကျောင်းသား/ကျောင်းသူ များကို မိဘများ၊ ဆရာများနှင့် တစ်စုတစ်စည်းတည်းစုံစုံညီညီမြင်တွေ့နိုင်ရန်အတွက် ရှမ်းပြည်နယ်ပညာရေး စုံညီပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီ ၇ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ အ.ထ.က(၅)၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပ သည်။

၂၀၂၀ ပြည့်နှစ် ရှမ်းပြည်နယ်ပညာရေးစုံညီပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ အ.ထ.က(၄)၊ အ.ထ.က(၇)၊ အ.ထ.က (၅)၊ အ.ထ.က (ရွှေညောင်)တို့ မှ ကျောင်းသား/ကျောင်းသူများ၏ ဘင်ခရာ၊ ပန်းပွား စွမ်းရည်ပြသနေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အရည်အသွေးရှိသော ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေ သည့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ရည်ရွယ်ချက်ချမှတ်ပြီး ပညာရေးစုံညီပွဲတော်ကို ကျောင်းအဆင့်၊ မြို့နယ် အဆင့်၊ ပြည်နယ်အဆင့် ကျင်းပခဲ့ပါကြောင်း၊ စုံညီပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်များမှာ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် ထိုးထွင်းကြံဆမှုများနှင့် တီထွင် ဖန်တီးမှုအလေ့အကျင့်များ ပြည့်ဝစေမည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများနှင့် ပညာရှင်များ ပေါ်ထွက်လာ စေရန်၊ ၂၁ ရာစုတွင် ပညာရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်မြှင့်တင်ဆောင်ရွက်သွားရန်၊ အနာဂတ် နိုင်ငံတော်အတွက် လူမှုဘဝစံများကို သိရှိနားလည်နိုင်မည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် စွမ်းအားရှင်များ ပေါ်ထွက်လာစေရန်၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာပြီး စာရိတ္တနှင့် ပြည်သူ့နီတိ၊ ရိုးရာ ယဉ်ကျေးမှုနှင့် အမျိုးသားရေးလက္ခဏာများကို စောင့်ထိန်းနိုင်မည့် အမျိုးကောင်းသား/အမျိုးကောင်းသမီးများ ပေါ်ထွန်းလာစေရန် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ အသိပညာ၊ အတက် ပညာနှင့် ဆက်သွယ်မှုနည်းပညာဆိုင်ရာ တိုးတက်မှုများကို ချိတ်ဆက်ပေးရန်၊ ပညာရေးမြှင့်တင်မှု အစီအစဉ်များ အရ အခြေခံပညာရေးကဏ္ဍ၏ စွမ်းဆောင်ချက်များကို ထုတ်ဖော်ဂုဏ်ပြုခြင်းဖြင့် စွမ်းဆောင်မှုအရှိန်အဟုန် မြင့်တင်ရန် ပြောကြားသွားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး မြို့နယ်ကျောင်းများဖြစ်သော ပထမဆုရရှိသည့် ကလောမြို့နယ်၊ ဒုတိယဆုရရှိသည့် တောင်ကြီးမြို့နယ်၊ တတိယဆုရရှိသည့် ရပ်စောက်မြို့နယ်တို့ကို အသီးသီးဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

More Articles...

  1. (၇၂) နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကျင်းပ
  2. ငြိမ်းချမ်းရေးကော်မရှင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ Nippon Foundation၊ PPDC နှင့် PNLO တို့ပါဝင်သော ညှိနှိုင်းဆွေးနွေး
  3. သစ်လုံး/သစ်ခွဲသား အိတ်ဖွင့်(တင်ဒါ)ကြေညာခြင်း
  4. ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအဆိုပြုလွှာ ဖွင့်ပွဲကျင်းပ
  5. ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခရစ်ယာန်အသင်းတော်များမှ ဦးဆောင်ကျင်းပသော ခရစ္စမတ်မိတ်ဆုံစားပွဲကျင်းပ
  6. (၆၂)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
  7. ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော်ကျင်းပ
  8. ရှမ်းပြည်နယ်ဝန်ကြီးချုပ် ခရစ္စမတ်မိတ်ဆုံစားပွဲ တက်ရောက်ချီးမြှင့်
  9. ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲဖွင့်ပွဲကျင်းပ
  10. ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E Mr.Ronen Gilor အဖွဲ့နှင့် လက်ခံတွေ့ဆုံ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 60 guests and no members online

Latest Updates