သတင်းများ

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားစွဲဆိုလျှောက်ထားမှုကို သွားရောက်ဖြေရှင်းသည့်ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲများ တောင်ကြီးမြို့၌ပြုလုပ်

တောင်ကြီး      ဒီဇင်ဘာ   -   ၁၀

295

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ တရားစွဲဆိုလျှောက်ထားမှုအား ဦးဆောင်သွားရောက်ဖြေရှင်းသည့် ကိစ္စနှင့် စပ်လျဉ်း၍ လူထုထောက်ခံပွဲကို ဒီဇင်ဘာ (၁၀) ရက် နံနက် (၉)နာရီခွဲက တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်ရှိ မြကန်သာပန်းခြံရှေ့မှ ဗိုလ်ချုပ် အောင်ဆန်းလမ်းအတိုင်း ချီတက်၍ ဗိုလ်ချုပ် ပန်းခြံ၌ ကျင်းပသည်။

အဆိုပါထောက်ခံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့အား ထောက်ခံကြောင်း “ WE STAND WITH OUR LEADER ” “ နိုင်ငံတော်၏ အကျိုးစီးပွားကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည် ” စသည့် ကြွေးကြော်သံများဖြင့်အင်အား (၃၀၀၀)ကျော်ခန့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ အထိ ချီတက်၍ နိုင်ငံတော်အလံအား အလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့အား ထောက်ခံပွဲတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဦးဆောင်သောအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ဘာသာပေါင်းစုံအဖွဲ့များ၊တိုင်းရင်းသား ပေါင်းစုံအဖွဲ့များ၊ တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီး၊ ကလော၊ ရပ်စောက်၊ ဖယ်ခုံ၊ ဆီဆိုင်နှင့် လွိုင်လင် ခရိုင်အတွင်းရှိ နမ့်စန်၊ ပင်လုံမြို့နယ်ရှိ ပြည်သူများ၊ CSO အဖွဲ့ အစည်းများ၊ ရဟန်းပျိုအဖွဲ့အား၊ အ.ထ.က (၄)တောင်ကြီးမှ ဘင်ခရာတပ်ဖွဲ့များ ပါဝင်ချီတက် ထောက်ခံကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 ၀၉ - ၂၅၀၁၃၂၉၄၃

 

အသက်(၁၆)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ   −   ၁၀

294

၂၀၁၉−၂၀၂၀ ပညာသင်နှစ် ရှမ်းပြည်နယ် အသက်(၁၆)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ၊ ကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၉)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပြည်နယ် ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အားကစားဖြင့် နိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်လျက်ရှိပါကြောင်း၊ အားကစားလုပ်ငန်းကို သာမန်အမြင်ထက် အမြော်အမြင်ကြီးမားရန် လိုအပ်ပါကြောင်း၊ ပထမအကြိမ် ကျောင်းသားအားကစားပွဲတော်ကို ၁၉၉၀ ပြည့်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ စတင်ကျင်းပခဲ့ပြီး နှစ်စဉ်အလှည့်ကျ တာဝန်ယူကျင်းပလာခဲ့ရာမှာ ချင်းပြည်နယ်၊ ဟားခါးမြို့အပြီးတွင်  ကျောင်းသားအားကစားပွဲတော်ကို ရပ်နား သွားခဲ့ပါကြောင်း၊ ယခုအခါ ၂၀၁၉−၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသားအားကစားပွဲတော်ကို ပြန်လည်စတင်ကျင်းပလာခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဌာန်ရွတ်ဆိုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ ကြသည်။

ဆက်လက်၍ တောင်ကြီးခရိုင်အသင်းနှင့် မူဆယ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် ပညာရေးညွန်ကြားမှူးနှင့်ဝန်ထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပြိုင်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိ  ခရိုင်(၈)ခရိုင်မှ အမျိုးသား၊ အမျိုးသမီး  ဘောလုံးပြိုင်ပွဲဝင်(၈)သင်း၊ ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး(၈)သင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသား(၈)သင်းနှင့် ပြေးခုန်ပစ်ပြိုင်ပွဲ များဖြင့် ဒီဇင်ဘာ(၁၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင်အကောင်းဆုံး အားကစားသမားများနှင့် ထူးချွန်သူများ ရွေးချယ်ကာ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ကျောင်းပေါင်းစုံ အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်းသိရသည်။

အစရ(ရှမ်း)

 

ဒီဇင်ဘာဒုတိယအကြိမ် လူထုလမ်းလျှောက်ပွဲဆင်နွှဲ

တောင်ကြီး ဒီဇင်ဘာ   -   ၈

289

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ဒီဇင်ဘာဒုတိယအကြိမ် လူထု လမ်းလျှောက်ခြင်းကို ဒီဇင်ဘာ(၇)ရက် နံနက်(၆)နာရီက ပြည်နယ်လေ့ကျင့်ရေးအားကစားရုံရှေ့၌ကျင်းပရာ လမ်းလျှောက်ပွဲ ကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က တာလွှတ်ပေးသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ဒေသခံပြည်သူများက ပြည်နယ်လေ့ကျင့်ရေးအားကစားရုံရှေ့မှ ဗိုလ်ချုပ်အောင်ဆန်း လမ်းအတိုင်းလမ်းလျှောက်ပြီး စူဋ္ဌာမုနိလောကချမ်းသာစေတီတော်ရင်ပြင်တွင် သွေးပူလေ့ကျင့်ခန်းအတွဲ(၁) အတွဲ(၂)ပြုလုပ် ကြပြီး ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် လူထုလမ်းလျှောက်ပွဲဒုတိယအကြိမ်တွင် စုစုပေါင်းအင်အား(၃၀၀၀၀)ကျော်ခန့် ပါဝင်ဆင်နွှဲကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မီနီမာရသွန်ပြိုင်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၁၀

293

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၈ ရက် နံနက်(၆)နာရီအချိန်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလားတွင် ကျောင်းအခြေပြု အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဘတ်စကတ်ဘော၊ ပိုက်ကျော်ခြင်း၊ စက်ဘီး၊ မီနီမာရသွန် အားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ကျင်းပကြောင်းသိရသည်။

ဆက်လက်၍ TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲကို အုပ်ချုပ်သူနည်းပြ(၁၀၀)ဦးမှ ဦးဆောင်၍ အားကစားနည်း(၅)မျိုးပါဝင်ကြောင်းသိရှိရသည်။ ထိုပြိုင်ပွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်(၁၇) မြို့နယ်မှ အားကစားသမား (၁၅၄၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

ထို့နောက် အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဌေးအောင်နှင့် ခရိုင် မီးသတ်ဦးစီးမှူး ဦးမျိုးထွဋ်ဦးတို့မှ ဆုများအသီးသီး တက်ရောက်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရှိရသည်။

အစရ(ရှမ်း)

 

ဒုတိယအကြိမ်ဓနု အမျိုးသားနေ့ နောင်ချိုမြို့၌ကျင်းပ

နောင်ချို ဒီဇင်ဘာ-၄

288

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ဒီဇင်ဘာ(၄)ရက် နံနက်(၉)နာရီက နောင်ချိုမြို့နယ် အားကစားကွင်း၌ ဒုတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့ကျင်းပသည်။

 အခမ်းအနားတွင် ကြိုဆိုပါတယ်ဓနုမြေ သီချင်းဖြင့်ကပြဖျော်ဖြေ၍ သဝဏ်လွှာများဖတ်ကြားကြပြီး၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အမှာစကားပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဓနုလူမျိုးတို့သည် ရှမ်းပြည်နယ်နှင့် မြန်မာပြည်မကြီးအကြား ဒေသများတွင်အများဆုံးနေထိုင်ပြီး၊ မန္တလေးတိုင်းအတွင်းရှိမြို့များ၊ ကျောက်နီတွင်းဒေသ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ရှမ်းပြည်နယ်ရှိမိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ ရပ်စောက်၊  ပင်းတယ၊ ပွေးလှ၊ ရွာငံ၊ အောင်ပန်း၊ ပင်မှီ၊ ဘော်နင်း၊ သာမိုင်းခမ်း၊ ကလော၊ တောင်ကြီး၊ ညောင်ရွှေ၊ ဟဲ ဟိုး၊ လုံးပိုး၊ တီကျစ်၊ ပင်လောင်းမှစ၍ ပျဉ်းမနားအရှေ့ဘက် ပေါင်းလောင်းမြစ်ရိုးတစ်လျှောက်အထိ ရှည်လျားသော ရှမ်းကုန်းပြင်မြင့် အနောက်ဘက် တောင်တန်းကြားကွင်းပြင်များ၌ အနှံ့အပြားနေထိုင်လျှက်ရှိကြောင်း လေ့လာ တွေ့ရှိရပြီး၊ ၂၀၁၂ခု နှစ်သန်းခေါင်စာရင်းအရ ရှမ်းပြည်နယ်တွင်နေထိုင်သည့် လူမျိုးမှတ်တမ်းတွင် နေထိုင်မှု အများဆုံး  ရှမ်း၊ ဒုတိယ ပအိုဝ်း၊ တတိယ ဗမာ၊ စတုတ္ထ ဓနုဖြစ်ပြီး၊ မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများအနက် ဓနုတိုင်းရင်းသားလူမျိုးများသည် လူဦးရေအများဆုံး အမှတ်စဉ်(၁၀)တွင်တည်ရှိသဖြင့် လူမျိုးကြီးစားရင်းတွင် ပါဝင်ကြောင်း၊ ဓနုတိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံအတွင်း ရှေးဘိုးဘွားဘီဘင် လက်ထက်ကတည်းက နေထိုင်သည့် မူရင်းဒေသဇာတိချက်ကြွေ မွေးရပ်မြေရှိသည့် လူမျိုးဖြစ်ပြီး၊ နီးစပ်ရာလူမျိုးတို့၏ ဘာသာစကား မဟုတ်ဘဲကိုယ်ပိုင်ဘာသာစကားရှိသည့် ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးတမ်းရှိ လူမျိုးဖြစ်သည်ကို တွေ့ရှိပါကြောင်း၊ ဓနုအမျိုးသားနေ့အခမ်းအနားကို ဓနုတိုင်းရင်းသားပျံ့နှံ့နေထိုင်သည့်မြို့များတွင် အလှည့်ကျကျင်းပ၍ ပထမအကြိမ် ရွာငံမြို့တွင်ကျင်းပပြီး၊ ဒုတိယအကြိမ်အဖြစ် ယနေ့နောင်ချိုမြို့နယ်တွင် ကျင်းပနိုင်ခဲ့သည့်အတွက် ဓနုတိုင်းရင်းသားများကိုယ်စား ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းပြောကြားသွားသည်။

 ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောအလှူငွေကျပ်သိန်း(၅၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပေးအပ်ရာတာဝန်ရှိသူတစ်ဦးမှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

 

တောင်ကြီးခရိုင်၊ မြို့နယ်ဥပဒေရုံးနှင့် အရာထမ်းအိမ်ရာ အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ   −   ၉

291

တောင်ကြီးခရိုင် ဥပဒေရုံး၊ မြို့နယ်ဥပဒေရုံးနှင့် အရာထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်ပွဲကို ဒီဇင်ဘာ(၉)ရက် နံနက် (၁၀)နာရီက တောင်ကြီးမြို့အထွက်(၂)မိုင် ကံကြီးရပ်ကွက်ရှိ တောင်ကြီး−ဟိုပုံးသွား ကားလမ်းဘေး၌ ကျင်းပကြောင်းသိရ သည်။

ဆက်လက်၍ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်ဥပဒေရုံးတောင်ကြီးခရိုင်နှင့် မြို့နယ်ဥပဒေရုံးတို့သည် ကိုယ်ပိုင်ရုံး မရှိသည့်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အဆောက်အဦ၌ ရုံးခန်းများဖွင့်လှစ်ဆောင်ရွက်ခဲ့သည်ကို သိရှိရပါကြောင်း၊ အဆောက်အဦတစ်ခုတည်းတွင် ရုံး(၃)ရုံးစုပေါင်းဖွင့်လှစ်ဆောင်ရွက်နေရ၍ နေရာမလုံလောက်သဖြင့် လုပ်ငန်းအဆင်မပြေမှု များရှိခြင်းကြောင့် ခရိုင်နှင့်မြို့နယ်ဥပဒေရုံး မြေနေရာခွင့်ပြုရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ရှမ်းပြည်နယ်ဥပဒေချုပ်ရုံးက တင်ပြခဲ့ပါကြောင်း၊ ၂၀၁၇ခုနှစ် ဇွန်လ(၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၃/၂၀၁၇) တွင်ဆွေးနွေးခဲ့ပြီး ဧရိယာ(၀.၆၈၀)ဧကရှိ ယခုမြေနေရာကို ခွင့်ပြုခဲ့ပါကြောင်း၊ တောင်ကြီးမြို့ တွင်ဥပဒေရုံးများအတွက် ပထမဦးဆုံး မြေနေရာချထားပေးနိုင်ခဲ့တာဖြစ်ပါ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဝမ်းမြောက် မိပါကြောင်း၊ အဆောက်အဦဆောက်လုပ်ရန် ဘတ်ဂျက်တောင်းခံသဖြင့် ၂၀၁၈−၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ခရိုင်နှင့် မြို့နယ်ရုံးအဆောက်အဦနှင့် (၃)ခန်းတွဲ RC (၁)ထပ်၊ အရာထမ်းအိမ်ရာအတွက် ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုခဲ့ပါကြောင်း၊ တင်ဒါခေါ်ယူဆောင်ရွက်ခွင့်ပြုခဲ့ပြီး ရှမ်းပြည်နယ်ဥပဒေချုပ်ရုံးက ဆက်လက်ဆောင်ရွက်ခဲ့ရာ ယခုလိုအဆောက်အဦသစ်များ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ယခုလိုဖြည့်တင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်နှင့်အညီ ဥပဒေရုံးများကလည်း တရားစီရင်ရေး ကဏ္ဍတွင်ဖြောင့်မတ်မှန်ကန်စွာ ပါဝင်ဆောင်ရွက်ပြီး အုပ်ချုပ်ရေးကဏ္ဍတွင်လည်း ဥပဒေနှင့်အညီကောင်းမွန်သော အကြံဉာဏ် များပေးခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် အထောက်အကူပြုကြရန် ပြောကြားသွားသည်။

ထို့နောက် ရှမ်းပြည်နယ်ဥပဒေအရာရှိဦးဇော်ဇော်ထွေးက အဆောက်အဦနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရှမ်းချယ်ရီ တောင်တန်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးလင်းက အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတန်းများကို ပြည်နယ် အရာရှိဦးဇော်ဇော်ထွေးထံ လွှဲပြောင်းပေးအပ်ကာ  တောင်ကြီးခရိုင် ဥပဒေရုံးနှင့် တောင်ကြီးမြို့နယ် ဥပဒေရုံးသစ်အဆောက်အဦ ကိုပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦး တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ ဆိုင်းဘုတ်ကမ္မည်းမော်ကွန်းကို အမွှေးနံ့သာ ပက်ဖြန်းပေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

၎င်းနောက် ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူတို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ခရိုင်ဥပဒေရုံးဖွင့်ပွဲ အခမ်းအနားကိုတက်ရောက်၍ အသီးသီးအမှာစကား ပြောကြားကြပြီး ရုံးဆိုင်းဘုတ်ဖွင့်ပွဲကို ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ဆိုင်းဘုတ်ကမ္မည်းမော်ကွန်းကို အမွှေးနံ့သာပက်ဖြန်းပေးကြကာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတန်းများကို ပြည်နယ် အရာရှိဦးဇော်ဇော်ထွေးထံ လွှဲပြောင်းပေးအပ်ကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃                    

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ငွေရည်ပုလဲဘိလပ်မြေစက်ရုံ ကွင်းဆင်းကြည့်ရှု

နောင်ချို ဒီဇင်ဘာ   -   ၃

287

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် လုံရုံးကျေးရွာအုပ်စု လောက်ဖန်းကျေးရွာရှိ ငွေရည်ပုလဲ ဘိလပ်မြေကုမ္ပဏီစက်ရုံသို့ ဒီဇင်ဘာ(၃)ရက် မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ကွင်းဆင်း ကြည့်ရှုကြကြောင်း သိရသည်။

ငွေရည်ပုလဲဘိလပ်မြေကုမ္ပဏီဒါရိုက်တာဦးစိန်မျိုးအောင်က ဘိလပ်မြေထုတ်လုပ်မှုနှင့်ပတ်သက်၍ရှင်းလင်းရာ ဒေသခံ ပြည်သူများအတွက် အကျိုးပြုလုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေးလမ်းတံတားအလှူအဒါန်းကိစ္စရပ်များရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘိလပ်မြေထုတ်လုပ်ထိန်းချုပ်မှုခန်းမ ကျောက်မီးသွေးစက်ရုံမှ ထွက်ရှိလာသော လျှပ်စစ်ဓါတ်အားဖြန့်ဝေပေးသည့် လျှပ်စစ်ဓါတ်အားထိန်းချုပ်မှုအခန်းနှင့် သကြားစက်ရုံတန်ချိန် (၁၂၀၀၀)ကြိတ်ဝါးမည့် အမှတ်(၃) သကြားစက်တည်ဆောက်မည့်နေရာသို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းကြောင်းသိရသည်။

အဆိုပါ ငွေရည်ပုလဲဘိလပ်မြေကုမ္ပဏီမှ (၁)ရက်ဘိလပ်မြေမှာ တန်ချိန်(၁၀၀၀)+(၄၀၀၀)ကျCrownဘိလပ်မြေတံဆိပ်ဖြင့် (၄၂.၅)နှင့်(၅၂.၅)နှစ်မျိုး ထုတ်လုပ်လျက်ရှိပြီး ကျောက်မီးသွေးသုံးဘွိုင်လာတာဘိုင်ဖြင့် လျှပ်စစ်(60-MWD)ထုတ်လုပ်ပေး၍ အနီးရှိရွာများကို လျှစ်စစ်ဓါတ်အား ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943

 

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး ဒီဇင်ဘာ   −   ၉

292

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယခင်က ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး ၂၀၁၉ခုနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီတို့တွင် ကျင်းပနိုင်ရန် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်မှုအရ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ(၉)ရက် နံနက်(၉)နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက ပေးပို့သည့်သဝဏ်လွှာအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးကဖတ်ကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပရခြင်းမှာ နိုင်ငံတော်အစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒရှိမှု ပိုမို ပေါ်လွင်စေပြီး ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး၊ ပညာရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ သက်ရောက်မှုရှိစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အတွက် ကုလသမဂ္ဂ၏ ဦးတည်ချက် (Theme)ကတော့ “Together, We are United Against Corruption” (အဂတိတိုက်ဖျက်ရေး တိုက်ဖျက်ရေးအတွက် ကျွန်ုပ်တို့ အားလုံး စုပေါင်းညီညွှတ်ကြပါစို့) ဆိုသည့်ခေါင်းစဉ်နှင့်အညီ လူသားမျိုးနွယ်စုအတွင်း လှိုက်စားနေသော အဂတိလိုက်စားမှုကို ပြည်နယ်အစိုးရ၏ ဦးဆောင်မှုအောက်တွင် မဏ္ဍိုင်သုံးရပ်မှ တာဝန်ရှိသူများ၊ နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများက စုပေါင်းညီညာ စွာဝိုင်းဝန်းပူးပေါင်း တိုက်ဖျက်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသွားသည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြေခံသဘောတရားနှင့် လက်ရှိဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းပြောကြားပြီး  UNDP ကရိုက်ကူးထားသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip အားပြသ၍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် အစိုးရကျောင်းသားကျောင်းသူများက တေး သရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ကာ စာစီစာကုံး၊ ကာတွန်း၊ ကဗျာပြိုင်ပွဲနှင့် Role Play  ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျင်းပ

တောင်ကြီး ဒီဇင်ဘာ   -   ၂

286

မြန်မာနိုင်ငံအနေဖြင့် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးသွားသူများကို အမှတ်ရစေရန် ကျန်းမာရေး ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အိပ်ချ်အိုင်ဗွီပိုးရှိသူများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွသောစိတ်ဓါတ်များနှင့် ပူးပေါင်းပါဝင်ပြီး ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်ဆိုသည့် ရည်ရွယ်ချက် များဖြင့် ၂၀၁၉ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကို ဒီဇင်ဘာ(၁)ရက် နံနက်(၉)နာရီ ကတောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက် ရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “Communities make the difference” “အေအိုင်ဒီအက်စ်ရောဂါ ကင်းဝေးရေးလူထု အားလုံးပါဝင်ပေး” နှင့်အညီ အိပ်ချ်အိုင်ဗွီကူးစက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများတွင် သက်တူရွယ်တူ ကျန်းမာစောင့်ရှောက်မှုပေးသူများ၊ ကွန်ယက်အဖွဲ့များ၊ ဦးတည်အုပ်စုဝင်များ၊ အမျိုးသမီး၊ လူငယ်၊ လူထုကျန်းမာရေးလုပ်သား များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ အိပ်ချ်အိုင်ဗွီအရေးတက်ကြွလှုပ်ရှားသူများအစရှိသော လူထုအားလုံးပါဝင်ပြီး လူတိုင်း အတွက် စံချိန်စံညွှန်းကိုက်ညီသော အရည်အသွေးမီ ကျန်းမာရေးဝန်ဆောင်မှုများကို ရရှိခံစားစေရန်နှင့် အိပ်ချ်အိုင်ဗွီကူးစက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က အမျိုးသားခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်ဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းယုအောင်က ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းဆောင်ရွက် ခဲ့သော ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများအား ရှင်းလင်းတင်ပြကာ ခန်းမအပြင်ဘက်တွင် ပြသထား သောပြခန်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများအား ရှင်းလင်းလိုက်လံ ပြသကြည့်ရှုကြကြောင်း သိရရှိသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943

 

တစ်နိုင်ငံလုံးဓာတ်အားသုံးစွဲသူ (၅၀%)ပြည့်အထိမ်းအမှတ် တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး ဒီဇင်ဘာ   −   ၈

290

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ တစ်နိုင်ငံလုံးဓာတ်အားသုံးစွဲသူ(၅၀%)ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာ(၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ Treasure Palace Hotel ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိုင်ငံတော်အနေဖြင့် အစိုးရသစ်တာဝန်ယူ ဆောင်ရွက်သည့် ၂၀၁၆ ခုနှစ်မှစ၍ နိုင်ငံတော်၏အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး နှင့်လျှပ်စစ်မီးရရှိရေးများကို ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် လျှပ်စစ် ဓာတ်အားတိုးတက်၊ ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးနိုင်ရေးကာလတို ကာလရှည်စီမံချက်များချမှတ်၍ စီမံကိန်းလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၁၆−၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သန်း(၁၈၆၆၈.၇၅၁)ကျပ်၊ ၂၀၁၇−၂၀၁၈ ဘဏ္ဍာရေးနှစ် အတွင်းကျပ်သန်း(၂၁၁၂၃.၃၇၇)ကျပ်၊ ၂၀၁၈−၂၀၁၉ (၆)လပတ် ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သန်း(၁၈၀၀၆.၁၈၃)ကျပ်၊ ၂၀၁၈− ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သန်း(၂၂၈၈၈.၁၁၃)ကျပ်၊ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သန်း(၃၆၁၀၀)ကျပ်၊ ၂၀၁၆−၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရှမ်းပြည်နယ် အတွင်းကျပ်သန်း(၂၉၇၀၀.၄၉၈)ကျပ်အသုံးပြု၍ ပြည်သူများလျှပ်စစ်မီးဗို့အား ပြည့်မှီစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာသုံးစွဲနိုင်ရေးအစရှိသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှမ်းပြည်နယ် တွင်(၂၃၀)ကေဗွီဓာတ်အားခွဲရုံ(၂)ရုံ၊ (၁၃၂)ကေဗွီဓာတ်အားခွဲရုံ(၄)ရုံ၊ (၆၆)ကေဗွီဓာတ်အားခွဲရုံ(၄၈)ရုံ၊ (၃၃)ကေဗွီဓာတ်အားခွဲရုံ (၁၅၉)ရုံ၊ (၁၁)ကေဗွီဓာတ်အားခွဲရုံ(၄၆၅၅)ရုံ၊ (၂၃၀)ကေဗွီမဟာဓာတ်အားလိုင်း(၁၄၈)မိုင်၊ (၁၃၂)ကေဗွီမဟာဓာတ်အားလိုင်း (၂၁၆.၇၀)မိုင်၊ (၆၆)ကေဗွီဓာတ်အားလိုင်း(၇၈၉.၇၃)မိုင်၊ (၃၃)ကေဗွီဓာတ်အားလိုင်း(၇၄၈.၆၅)မိုင်၊ (၁၁)ကေဗွီဓာတ်အားလိုင်း (၂၃၄၇)မိုင်၊ (၄၀၀)ဗို့ဓာတ်အားလိုင်း(၂၄၄၆.၀၉)မိုင်တို့ဖြင့် မြို့များအပြင် ကျေးရွာ(၁၈၆၆)ရွာ၊ မီးသုံးစွဲသူ(၄၂၃၉၃၀)ဦးနှင့် အိမ်ထောင်စု(၅၁၇၀၅၇)ဦးတို့အား နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားပေးထားရှိပြီး ဓာတ်အားသုံးစွဲမှုပမာဏမှာ (၂၈၆.၆)မဂ္ဂါဝပ် သုံးစွဲလျက်ရှိပါကြောင်း၊ မီးလင်းရန်ကျန်ရှိသည့် မြို့နယ်ကျေးရွာများကို လျှပ်စစ်ဓာတ်အားတိုးမြှင့်ရရှိရေး အတွက်ပြည်ထောင်စုဘတ်ဂျက်များဖြင့် လျာထားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနှင့် ယခုလိုတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲသူ(၅၀%)အထိ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် မြို့ပြနှင့် ကျေးလက်နေပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းအောင် လျှပ်စစ် ဓာတ်အားကို ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှ ရှင်းလင်း ပြောကြားပြီး ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဒုတိယအင်ဂျင်နီယာမှူးများ ဖြစ်ကြသော ဦးကျော်လှိုင်ဝင်း၊ ဦးသိန်းထွန်း၊ ဦးသက်ပိုင်မျိုးတို့မှ ရှမ်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ တို့အားအထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျင်းပ

တောင်ကြီး    နိုဝင်ဘာ   -   ၃၀

285
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူ များကအပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာတွန်းပန်းချီယှဉ်ပြိုင်နေကြ သောအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့် ကျောင်းသား/ သူများအား ကြည့်ရှူအားပေးကြသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာတွန်းပန်းချီပြိုင်ပွဲ အထက်တန်းအဆင့်တွင်(၄၁)ဦး၊ အလယ်တန်းအဆင့်တွင်(၄၀)ဦး၊ မူလတန်းအဆင့်တွင်(၃၂)ဦး၊ စုစုပေါင်း(၁၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၌ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သရုပ်ဖော်တင်ဆက် ကြသည့် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်များဖြစ်ကြသော အလက(၁၄)၊ အထက(၅)၊ အထက(၁)၊ အထက(၄) နှင့်မဟော်သဓာအကယ်ဒမီ(ကိုယ်ပိုင်အထက)ကျောင်းမှ ကျောင်းသား/သူများက ကဗျာနှင့်တေးသရုပ်ဖော်ပြိုင်ပွဲ တွင် “မောင်တို့မယ်တို့သာယာရေး”ခေါင်းစဉ်နှင့် “ဤလေးဖြာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဖျော်ဖြေတင်ဆက်ကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09 250132943

More Articles...

  1. ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကျင်းပ
  2. တောကျယ်ကျေးရွာ ရေပြာအိုင်အဝင်လမ်း ကတ္တရာလမ်းဖွင့်ပွဲ ကျင်းပ
  3. ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တရုတ်သံရုံးမှ စီးပွားရေးသံမှူးMr. Tan Shufu အဖွဲ့နှင့်လက်ခံတွေ့ဆုံ
  4. (၃/၂၀၁၉-၂၀၂၀)ကြိမ်မြောက် စက်မှုကုန်ကြမ်း သစ်လုံး/ခွဲသား အိတ်ဖွင့်တင်ဒါကြေညာခြင်း
  5. ရှမ်းပြည်နယ်တွင်ငွေလုံးငွေရင်းရန်ပုံငွေ ဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများအတွက် တင်ဒါဖွင့်လှစ်
  6. ဒုတိယအကြိမ် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကျင်းပ
  7. တောင်ကြီးမြို့ ရှမ်းနှစ်သစ်ကူးပွဲတော် ညစာစားပွဲကျင်းပ
  8. ရှမ်းပြည်နယ်အတွင်းရှိဌာနဆိုင်ရာများအားe-government အထောက် အကူပြုအခြေခံ ကွန်ပျူတာသင်တန်းဖွင့်
  9. ရှမ်းနှစ်သစ်ကူးပွဲတော် တောင်ကြီးမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ
  10. ရှမ်းပြည်နယ် လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့ ရှမ်းပြည်နယ်အတွင်း ထုတ်ပေးထားသည့် ခွင့်ပြုမိန့်များစာရင်း

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 60 guests and no members online

Latest Updates