သတင်းများ

လူမှုအသိုက်အဝန်းနှင့် လူနေမှုအဆင့်(E)ရှိသော အိမ်ထောင်စုများသို့ DVB-T-2 Set Top Box နှင့် စာအုပ်စာစောင်များ အခမဲ့ ပေးအပ်လှူဒါန်း

တောင်ကြီး မေ - ၅

1035

   ပြန်ကြားရေးဝန်ကြီးဌာနက ရှမ်းပြည်နယ်အတွင်းရှိ လူမှုအသိုက်အဝန်းနှင့် လူနေမှုအဆင့်(E)ရှိသော အိမ်ထောင်စု များသို့ DVB-T-2 Set Top Box နှင့် စာအုပ်စာစောင်များ အခမဲ့ ပေးအပ်လှူဒါန်းပွဲကို မေ(၅)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားရာ တွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ လူမှုအသိုက်အဝန်းနှင့် လူနေမှုအဆင့်(E) ရှိသည့် အိမ်ထောင်စုများ ကို Set Top Boxများ အခမဲပေးအပ်ခြင်းသည်၊ နိုင်ငံတော်သမ္မတကြီး၏ ပြည်သူ့ဗဟိုပြုလုပ်ငန်းများကို အကောင်အထည် ဖော်ခြင်းဖြစ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်များကိုလည်း အထောက်အကူပြုခြင်း ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မြို့နယ်(၁၅)မြို့နယ်အတွက် DVB-T-2 Set Top Box အလုံးရေ(၁၀၈၂၂)ကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီးဖြစ်၍ ယခုအကြိမ်မှာ DVB-T-2 Set Top Box အလုံး(၁၆၉၂၆)လုံး ထပ်မံ၍ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရှိရသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြန်ကြားရေးဝန်ကြီးဌာနကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ သတင်းအချက်အလက်နှင့် နည်းပညာခေတ်အတွင်း အချက်အလက်များကို အမြန်ဆန်ဆုံးနှင့် အထိရောက်ဆုံးသိရှိရန် နည်းလမ်းမှာ ရုပ်မြင်သံကြားနှင့် ရေဒီယို၊ အင်တာနက်စသည့် နည်းပညာအကူအညီဖြင့် သိရှိနိုင်မည့် နည်းလမ်းဖြစ်ပါကြောင်း၊ ယခုထုတ်လွှင့်ပြသနေသည့် Analogue စနစ်က ရုပ်သံလိုင်း တစ်လိုင်းသာကြည့်ရှုနိုင်ပြီး၊ ယခုပြုပြင်ဆောင်ရွက်လျှက်ရှိသည့် Digital စနစ်သည့် ရုပ်သံလိုင်း(၁၅)လိုင်းကနေ (၁၆)လိုင်းအထိ ကြည့်ရှုနိုင်ကြမည် ဖြစ်သည့်အတွက် ဒေသခံပြည်သူများ အနေဖြင့် ဝမ်းမြောက်ပီတိဖြစ်မှာကြောင်း ပြောကြားသွားကြောင်းသိရသည်။ 

   ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးပိုက်ထွေးက DVB-T-2 Set Top Boxများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ယမန်နှစ်ကာလ ရှမ်းပြည်နယ်အတွက် DVB-T-2 Set Top Box (၁၂၂၈၉)လုံး ပေးအပ်လှူးဒါန်းခဲ့ပြီးဖြစ်၍ ၂၀၁၄ - ၂၀၁၅ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးတွက် DVB-T-2 Set Top Box အလုံးရေ(၃၂၇၈၆၃)လုံး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၄.၉၂၄၅)တန်ဖိုး လှူဒါန်းပေးခဲ့ပြီး၊ ယခု၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးအတွက် DVB-T-2 Set Top Box (၇၉၆၉၈)လုံးတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၁.၁၂၇) သန်း လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရုပ်မြင်သံကြားထုတ်လွှင့်မှုကို (၁၉၈၀)ခုနှစ်မှ စတင်ခဲ့ပြီး၊ NTSC စနစ် နှင့် Analogue ထုတ်လုပ်မှုဖြင့်ဆောင်ရွက်ခဲ့ပြီး၊ တိုးတက်ပြောင်းလဲလာသည့် ခေတ်နှင့် အညီ Analogue စနစ်မှ Diginal စနစ်ကို ပြောင်းလဲရသည့် အကြောင်းရင်း(၃)ခုရှိပါကြောင်း၊ နိုင်ငံတကာတွင် တိုးတက်ပြောင်းလဲလာသည့် Diginal နည်းပညာများနှင့်အညီ မြန်မာနိုင်ငံတွင်ပြောင်းလဲဆောင်ရွက်ရန်လိုအပ်ခြင်း၊ International  Telecommunication Union (ITU)က Digital စနစ်ဖြင့် ထုတ်လွှင့်ခြင်းကို နိုင်ငံတကာ၌ ၂၀၁၅ခုနှစ်အပြီး ဆောင်ရွက်ရန်ဆုံးဖြတ်ထားခြင်း၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှလည်း ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများကို ၂၀၁၀ပြည့်နှစ် နောက်ဆုံးထားကာ Digital စနစ်ဖြင့် ပြောင်းလဲ ထုတ်လွှင့်ရာ ဆုံးဖြတ်ဆောင်ရွက်ထားခြင်းများကြောင့် မြန်မာနိုင်ငံမှာလည်း Analogue စနစ်မှ Digital စနစ်တို့ ပြောင်းလဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ DVB-T-2 Set Top Box ကို အသုံးပြုဖမ်းယူကြည့်ရှုခြင်းဖြင့် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့် သည့် ရုပ်သံလိုင်း(၁၄)လိုင်းဖြစ်သည့် MRTV (News), MRTV (Entertainment), MITV, Hlutta, NRC, Farmer, Reader Channel, 5 Plus, MRTV-4, Channel-7, For Edu, MNTV, Channel-9, MRTV Sport (Colour Bar) တို့ကို ဖမ်းယူကြည့်ရှုနိုင်ပြီး၊ ရုပ်သံလိုင်းများအပြင် FM ရေဒီယိုလိုင်းများကိုလည်း ဖမ်းယူနားဆင်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသွားသည်။

   ထို့နောက် ပြန်ကြာရေးဝန်ကြီးဌာနက DVB-T-2 Set Top Boxနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာ စာကြည့်တိုက် များအတွက် စာအုပ်စာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးပိုက်ထွေးမှ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လက်ခံရယူပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်များသို့ DVB-T-2 Set Top Boxများ ထောက်ပံ့လှူဒါန်းပေးရာ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူး၊ ဦးမောင်မောင်မြင့့််က လက်ခံရယူသည်။

   ၎င်းနောက် ခရိုင်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးစိုင်းအောင်ဆာက ကျေးဇူတင်စကားပြန်လည်ပြောကြားပြီး၊ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြန်ကြားရေးဝန်ကြီးဌာနမှ ကျေးရွာ စာကြည့်တိုက်များအတွက် လှူဒါန်းသောစာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။

   ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်အတွက် Set Top Boxများကို တောင်ကြီးခရိုင်အတွင်းရှိ ပင်လောင်းမြို့နယ်အတွက် (၁၀၇၆)လုံး၊ ရွာငံမြို့နယ်အတွက် (၈၀၀)လုံး၊ လွိုင်လင်ခရိုင်အတွင်းရှိ ကွန်ဟိန်းမြို့နယ်အတွက် (၂၁၇)လုံး၊ လဲချားမြို့နယ်အတွက်(၄၀၀)လုံး၊ မိုင်းကိုင်မြို့နယ်အတွက် (၆၉၈)လုံး၊ လင်းခေးခရိုင် အတွင်းရှိ လင်းခေးမြို့အတွက်(၃၈၅)လုံး၊ မိုးနဲမြို့နယ်အတွက်(၂၈၉)လုံး၊ မောက်မယ်မြို့နယ်အတွက်(၃၂၁)လုံး၊ မိုင်းပန် မြို့နယ်အတွက်(၂၆၂)လုံး၊ ကျိုင်းတောင်းမြို့နယ်အတွက်(၁၀၈)လုံး၊ စုစုပေါင်း (၁၀)မြို့နယ်အတွက် (၄၅၅၆)လုံး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကွမ်းလုံမြို့နယ်အတွက်(၄၂၈)လုံး၊ မူဆယ်မြို့နယ်အတွက်(၉၁၃)လုံး၊ ကွတ်ခိုင်မြို့(၇၈၆)လုံး၊ တာမိုးညဲမြို့(၅၃၄)လုံး၊ ကြူကုတ်မြို့(၁၉၈)လုံး၊ ကျောက်မဲမြို့(၁၁၄၉)လုံး၊ နောင်ချိုမြို့(၁၃၀၆)လုံး၊ ချင်းရွှေဟော်(၄၃)လုံး၊ လောက်ကိုင်မြို့(၅၆၈၆)လုံး၊ စုစုပေါင်း (၉)မြို့နယ်အတွက် (၁၁၀၄၃)လုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တာချီလိတ်မြို့(၁၃၃၀) လုံး၊ ရှမ်းပြည်နယ်ချုပ် မြို့နယ်(၂၀)မြို့နယ်အတွက် စုစုပေါင်း(၁၆၉၂၉)လုံး ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များသို့ လှူဒါန်းသည့် စာအုပ်စာရင်းမှာ (၅၁၄)အုပ်၊ တန်ဖိုးငွေ (၃၇၅၇၀၀)ဖြစ်ကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရှိရသည်။

                                                                      မောင်မောင်သန်း(တောင်ကြီး)

 

(၆၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားကျင်းပ

တောင်ကြီး   မေ   ၅

1032

   (၆၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားကို မေ(၅)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာ စကားပြောကြားရာ (၆၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို မှာကြားလိုတာ ကတော့ မီးသတ်တပ်ဖွဲ့၏ ကောင်းမွန်သည့် အစဉ်အလာကောင်းများကို ထိန်းသိမ်းကြရန်၊ မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် လက်ရှိစိန်ခေါ်မှုများသာမက အနာဂတ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများအတွက် မိမိတို့တွင် အမြဲတာဝန် ရှိသည်ဟူသော စိတ်ဓါတ်ခံယူကျင့်သုံးလျက် ပစ္စည်းဥစ္စာများသာမက သက်ရှိသတ္တဝါမှန်သမျှကို ပျက်စီးဆုံးရှုံးမှု နည်းပါးသက်သာစေရေးအတွက် ယခင်ကထက် ပိုမိုထိရောက်စွာ တားဆီးကာကွယ် ကယ်ဆယ်နိုင်ရေးအတွက် စီမံ ဆောင်ရွက်သွားရန်၊ ကြုံတွေ့လာမည့် မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် မိမိတို့၏ စွမ်းရည်များမြှင့်တင်သွားကြရန်၊ ပြည်သူ့အကျိုးစီးပွားကို အကာအကွယ်ပေးစေတနာထား လုပ်ကိုင် ဆောင်ရွက်ကြပြီး၊ ပြည်သူယုံကြည်အားကိုးရသည့် မီးသတ်တပ်ဖွဲ့ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် ပြော ကြားသွားကြောင်း သိရသည်။

1033

   ဆက်လက်၍ ဂုဏ်ပြုတံဆိပ်များချီးမြှင့်ပေးအပ်ရာ ကွပ်ကဲမှုစာတမ်းဟောပြောမှုအကောင်းဆုံးဆုရရှိသူ၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်သော အဆင့်မြင့်အရာရှိသင်တန်း အမှတ်စဉ်(၁၇)တွင် ဒုတိယဆုရရှိသူ၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်သော ကွန်ပျူတာသင်တန်းအမှတ်စဉ်(၃)တွင် တတိယဆုရရှိသူ၊ အခြေခံရှာဖွေကယ်ဆယ်ရေး သင်တန်း အမှတ်စဉ်(၁၇)တွင် တတိယဆုရရှိသူ၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်သော အခြေခံယာဉ်မောင်းသင်တန်း အမှတ်စဉ်(၄၁) တွင် တတိယဆုရရှိသူ၊ မြေနီကုန်းတွင် ဖွင့်လှစ်သော (Fire Safety Manager) သင်တန်း အမှတ်စဉ် (၂၃)တွင် တတိယဆုရရှိသူ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကျင့်ဝတ်ဖြေဆို ယှဉ်ပြိုင်ရာတွင် အရာရှိအဆင့်၊ ဗဟိုအဆင့် ပြိုင်ပွဲအထူး ဆု ရရှိသူ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကျင့်ဝတ်ဖြေဆို ယှဉ်ပြိုင်ရာတွင် အကြပ်အဆင့်၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် တတိယဆု ရရှိသူ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကျင့်ဝတ်ဖြေဆို ယှဉ်ပြိုင်ရာတွင် တပ်သားအဆင့်၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် အထူးဆုရရှိ သူ၊ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ (၇၇)ကြိမ်မြောက် သွေးလှူဒါန်း ပေးသူ၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြသူ များ၊ မြေနေရာနှင့် အလှူငွေများထည့်ဝင်လှူဒါန်းပေးသည့် အလှူရှင်များတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့်တံဆိပ်များ အသီးသီးချီးမြှင့်ပေးကြသည်။

1034

   ထို့နောက် မီးသတ်စခန်းသာယာလှပရေး ဆုရရှိသည့် တောင်ကြီးမြို့နယ်(ပထမ)၊ ရပ်စောက်မြို့နယ် (ဒုတိယ)၊ မိုင်းကိုင်မြို့နယ် (တတိယ) ဆုရရှိသူများကို ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်သိန်းမှ ဆုချီးမြှင့်ပေးပြီး၊ မီးသတ်စွမ်းရည်သရုပ်ပြပွဲ ကျင်းပ၍ ပြည်နယ်ဝန်ကြီးများနှင့် အခမ်းအနား တက်ရောက်လာကြသည့် တာဝန်ရှိသူတို့က အားပေးကြပြီး၊ မီးသတ်စွမ်းရည်သရုပ်ပြအဖွဲ့ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးမှ ငွေကျပ်(၁)သိန်း၊ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးမှ ငွေကျပ်(၁) သိန်းတို့ကို ချီးမြှင့်ပေးကြကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကင်းထောက်မောင်မယ်များ၊ သူနာပြု သင်တန်းကျောင်းမှ သင်တန်းသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                               မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် "လွိုင်ခမ်း အိမ်ရာစီမံကိန်း" တည်ဆောက်ရေး သဘောတူစာချုပ် (M.O.A) လက်မှတ်ရေးထိုး

တောင်ကြီး   ဧပြီ   ၃၀

1024

   ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ရှမ်းပြည်နယ် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီနှင့် စိန်နှင်းဆီ သတ္တုတူးဖော်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည့် တောင်ကြီးမြို့၊ "လွိုင်ခမ်း အိမ်ရာစီမံကိန်း" တည်ဆောက်ရေး သဘောတူစာချုပ် (M.O.A) လက်မှတ်ရေးထိုးပွဲကို ဧပြီ(၃၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

   တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည်နှင့်အညီ ခေတ်မီသော အိမ်ရာစနစ် အမှန်တကယ်လိုအပ်လျက်ရှိပါကြောင်း၊ "လွိုင်ခမ်း အိမ်ရာစီမံကိန်း" ဆောင်ရွက်ရခြင်း၏ရည်ရွယ် ချက်သည် ပြည်နယ်မြို့တော်ရဲ့ ဂုဏ်အင်္ဂါရပ်နှင့်အညီ အဆင့်မြင့်အိမ်ရာများ ဖြစ်လာစေရန်၊ အိမ်ရာ၌ မှီတင်းနေထိုင်ကြမည့် လုပ်သားပြည်သူများအနေဖြင့် လုံခြုံမှုရှိပြီး၊ ပျော်ရွှင် ချမ်းမြေ့စွာ နေထိုင်နိုင် ရန်၊ ဝင်ငွေအပေါ်မူတည်၍ လူတန်းစားအလိုက် သင့်လျော်သော လူနေမှုဘဝကိုရရှိစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ရည်ရွယ်ပြီး၊ တောင်ကြီးမြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြေနေရာများကို အကျိုးရှိသည့် အိမ်ရာစီမံကိန်းဖော်ထုတ်ခြင်းအားဖြင့် မြို့ရွာနှင့်ကျေးလက်သွားလာမှု လွယ်ကူ၍ ဆင်းရဲချမ်းသာကွာဟမှုကို နည်းပါးစေခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး တောင်ကြီးမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသူများ၏ လူမှု စီးပွားဘဝ ပိုမိုမြင့်မားလာမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား၌ ပြောကြားသွားကြောင်း သိရသည်။

   ဆက်လက်၍ Diamond Rose Mining Co.,Ltdမှ ဒါရိုက်တာအဖွဲ့ဝင် ဦးသန်းနိုင်က လုပ်ငန်းသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ သဘောတူစာချုပ်လက်မှတ်ရေးထိုးရာ၊ ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လက်မှတ်ရေးထိုးကြ၍ Diamond Rose Mining Co.,Ltd မှ MD.ဦးစိုင်းရွက်နှင့်တာဝန်ရှိသူများက လက်မှတ်ရေးထိုးကြသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ Diamond Rose Mining Co.,Ltdမှ MD.ဦးစိုင်းရွက်တို့က သဘောတူလက်မှတ်ရေးထိုးပြီး စာချုပ်များကို အပြန်အလှန်ပေးအပ်၍ သဘောတူစာချုပ်လက်မှတ်ရေးထိုးမှု အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ Singature Bonous ငွေကျပ် သိန်း(၁၀၀)အား MD.ဦးစိုင်းရွက်မှပေးအပ်ရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းက လက်ခံရယူပြီး၊ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်စည်ပင်သာယာရေး ကော်မတီ၊ Diamond Rose Mining Co.,Ltdမှ MD.ဦးစိုင်းရွက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                      မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်သည့် ဘက်စုံပညာထူးချွန်လူငယ်မောင်မယ်များအားဂုဏ်ပြုညစာစားပွဲ နှင့် စခန်းသိမ်းပွဲ ကျင်းပ

တောင်ကြီး   မေ   ၄

 1030

   (၂၀၁၅)ခုနှစ် အင်းလေးခေါင်တိုင် ဘက်စုံပညာထူးချွန်လူငယ် အပန်းဖြေစခန်း လူငယ်မောင်မယ်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်သည့်ဂုဏ်ပြုညစာစားပွဲနှင့် စခန်းသိမ်းပွဲကို မေ(၄)ရက် ညနေ(၆)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး၊ ဘက်စုံပညာထူးချွန်လူငယ်များအား ဆုချီးမြှင့်ရာ အခြေခံစစ်ရေးပြအဖွဲလိုက် အကောင်းဆုံးဆုအဖွဲ့(၆+၁၇)၊ အခြေခံစစ်ရေးပြ (ကျား+မ) (၁)ဦးချင်းအကောင်းဆုံးဆု၊ ကင်းထောက်စွမ်းရည်အကောင်းဆုံးဆု ရရှိသူတို့ကို ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ ဆုချီးမြှင့်၍လည်းကောင်း၊ ကာယလေ့ကျင့်ခန်းအဖွဲ့လိုက် အကောင်းဆုံးဆု (အဖွဲ့၈+၁၈)၊ ကြံ့ခိုင်စွမ်းရည်(ကျား)ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်မှ ဆုများချီးမြှင့်၍လည်းကောင်း၊ ကြံ့ခိုင်စွမ်းရည်(မ)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးမှ ဆုများ အသီးသီးချီးမြှင့်ပေးကြကြောင်း သိရသည်။

1031

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဘက်စုံထူးချွန်လူငယ်မောင်မယ်များအား ဂုဏ်ပြုလက်ဆောင်များ ကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှပေးအပ်၍ ဘက်စုံပညာထူးချွန်လူငယ်မောင်မယ်များက အထိမ်း အမှတ်ပစ္စည်းများပြန်လည်ပေးအပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လက်ခံရယူသည်။

   ထို့နောက် ဘက်စုံပညာထူးချွန်လူငယ်မောင်မယ်များအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး၊ ရှမ်းပြည်နယ် ယဉ်ကျေးမှုအကအဖွဲ့များဖြစ်သည့် ဓနု၊ ပအိုဝ်း၊ အင်း၊ ကိုးကန့်၊ လီဆူး၊ တောင်ရိုး စသည့် အကများ ဖြင့် ဖျော်ဖြေတင်ဆက်၍ ဘက်စုံပညာထူးချွန်လူငယ်မောင်မယ်များက လက်တီးအက၊ ရှမ်းရိုးမ အိုးစည်သံအက၊ နောင်အင်းလေး တေးသီချင်းအကတို့ဖြင့် ပြန်လည်ဖျော်ဖြေဧည့်ခံကြကြောင်း သိရသည်။

   ၎င်းနောက် ရှမ်းပြည်နယ် ယဉ်ကျေးမှုအကအဖွဲ့(၆)ဖွဲ့နှင့် ဘက်စုံပညာထူးချွန် လူငယ်မောင်မယ်အကအဖွဲ့ (၃)ဖွဲ့တို့ကို (၁)ဖွဲ့လျှင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်(၅)သိန်းစီအား၊ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ပေးအပ်ရာ ရှမ်းပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့နှင့် ဘက်စုံပညာထူးချွန်လူငယ်မောင်မယ်တို့က လက်ခံရယူပြီး၊ ဘက်စုံပညာထူးချွန် လူငယ်မောင်မယ်များ ကိုယ်စား ကျေးဇူးတင်စကားကို ချင်းပြည်နယ် ကန်ပလက်မြို့ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား မောင်ဟာရှိုန်းဂီးက ပြန်လည်ပြောကြား၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘက်စုံပညာထူးချွန် လူငယ်မောင်မယ်များနှင့် အုပ်ချုပ်သူ ဆရာ/ဆရာမများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြ ကြောင်း သိရှိရသည်။

                                                                                                                                                                                မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ မေတ္တာဖွံ့ဖြိုးရေးဖောင်းဒေးရှင်းအဖွဲ့နှင့် တွေ့ဆုံ

တောင်ကြီး ဧပြီ - ၂၈

 1023

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်အတူ ဧပြီ(၂၈)ရက် နံနက်(၁၁)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်အဖွဲ့နှင့် တွေ့ဆုံကြောင်းသိရသည်။

   ပထမဦးစွာ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်အဖွဲ့ အမှုဆောင်ဒါရိုက်တာဦးစိုင်းစမ်ခမ်းက မေတ္တာ ဖောင်ဒေးရှင်း တောင်ကြီးရုံးခွဲနှင့် လားရှိုးရုံးခွဲများကို အခြေပြုပြီး ရပ်ကျေးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်နှင့် (မြောက်ပိုင်း)ရှိမြို့နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူးရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး တို့၏ အကြံပြုလမ်းညွှန်မှုများကို လက်ခံရယူလိုပါကြောင်း၊ ဆွေးနွေးပြောကြားပြီး၊ ဆက်လက်၍ မေတ္တာဖောင်းဒေးရှင်းအဖွဲ့ဝင်များဖြစ်သည့် ဦးစောမင်းနိုင်(အဖွဲ့အစည်းဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေး)၊ ဒေါ်စန်းဝေ (ရုံးခွဲညှိနှိုင်းရေးမှူးတောင်ကြီး)၊ ဦးဂျာလှ(ရုံးခွဲညှိနှိုင်းရေးမှူးလားရှိုး)၊ ဦးခွန်မျိုးညွှန့် (သင်တန်းရိပ်သာ မန်နေဂျာ၊ နောင်ခမ်း၊ တောင်ကြီး)၊ ဦးနော်ဂျာ(အရင်းအမြစ်စီမံခန့်ခွဲရေးမှူး)၊ ဦးဂွမ်ရှာအောင်(စီမံချက်ညှိနှိုင်းရေးမှူးရုံး၊ ရန်ကုန်)တို့မှ မိမိတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြကြောင်းသိရသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ယခုလို မေတ္တာဖောင်းဒေးရှင်းအဖွဲ့နှင့် တွေ့ဆုံရသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဝမ်းသာမိကြောင်း၊ ရှမ်းပြည်နယ်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများဘဝ ဖွံ့ဖြိုးတိုးတက်ရန် တစ်ဘက်တစ်လှမ်း မှ ကူညီပေးသည့်အတွက် ဝမ်းသာမိပါကြောင်း၊ ရှမ်းပြည်နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများရှိသည့်အတွက် မေတ္တာဖောင်းဒေးရှင်းအနေဖြင့် ကူညီဆောင်ရွက်ပေးမှုကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးရန်၊ ကော်မတီအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးရန် ပညာရေးကျန်မားရေးကိစ္စရပ်များတွင် သက်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်နယ်အတွင်း ဆောင်ရွက်လျှက်ရှိရာ ချိတ်ဆက်ကူညီဆောင်ရွက်ပေးရန် နောင်ခမ်းဒေသတွင် စိုက်ပျိုးရေး၊ လူမှုရေး ကိစ္စရပ်များကို ပါဝင်ညှိနှိုင်းဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားသွားကြောင်းသိရသည်။

   ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူက စိုက်ပျိုးရေးနှင့် မွေးမြူရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများကို ဆွေးနွေး၍ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးမှ မေတ္တာဖောင်းဒေးရှင်းအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်အတွင်း ဘယ်ဒေသမဆို ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ကော်မတီများရှိ၍ အကူအညီတောင်းခံနိုင်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့တို့နှင့် တိုက်ရိုက်ဆက်သွယ်ရာတွင် ကူညီဆောင်ရွက်ပေးနိုင်ကြောင်း၊ ဆွေးနွေးပြောကြားသွားကြောင်း သိရှိရသည်။

                                                                           မောင်မောင်သန်း(တောင်ကြီး)

 

မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာ မဟာဗျူဟာ စီမံချက်ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးစီမံကိန်း ပြည်နယ်/ တိုင်းဒေသကြီးအဆင့် အလုပ်ရုံဆွေးနွေး

တောင်ကြီး    မေ   ၄

1029

   မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေး ဆိုင်ရာမဟာဗျူဟာ စီမံချက်ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးစီမံကိန်း၊ စီမံကိန်းပထမအဆင့်တွေ့ရှိချက် များကို စိစစ်အတည်ပြုခြင်း ပြည်နယ်/တိုင်းဒေသကြီးအဆင့် အလုပ်ရုံဆွေးနွေးပွဲကို မေ(၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ ရှမ်းပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာများနှင့်ပတ်သက်၍ရှင်းလင်း ပြောကြားကာ၊ စီမံကိန်းနည်းပညာဆိုင်ရာအကြံပေးပုဂ္ဂိုလ် (F.A.O) Dr.Dilip Kumar မှ အလုပ်ရုံ ဆွေးနွေးပွဲ၏ ရည်မှန်းချက် မျှော်မှန်းရလဒ်များနှင့် တက်ရောက်လာသူများထံမှ မျှော်လင့်ချက်များနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးကြရန် ပြောကြားသွားကြောင်း သိရသည်။

   မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် စိုက်ပျိုးရေးမွေးမြူရေး ဆိုင်ရာ မဟာဗျူဟာ စီမံချက်ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးစီမံကိန်းသည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အစိုးရအနေဖြင့် ဆင်းရဲမှုလျှော့ချရေးကို ဦးစားပေးလုပ်ငန်းအဖြစ် အထူးဂရုပြု ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်တာဝန်ကို လွှဲပြောင်းယူပြီး၊ တစ်လအကြာ (၂၀၁၁)ခုနှစ် မေလတွင် ပထမဆုံးသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ  ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး၊ ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ(NSPARD)ကို ချမှတ်ခဲ့၍ မဟာဗျူဟာမြောက် အရေးကြီးကဏ္ဍ(၈)ခုပါဝင်ပြီး အများစုမှာ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဆိုင်ရာ ကဏ္ဍများဖြစ်ပါကြောင်း၊ ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့(F.A.O)သို့ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ မဟာဗျူဟာ စီမံချက်ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးစီမံကိန်း(NAPA)ရေးဆွဲရန်အတွက် လိုအပ်သော နည်းပညာ အထောက်အပံ့ပေးရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ အကူအညီတောင်းခံခဲ့ပါကြောင်း၊(F.A.O)မှ စီမံကိန်းအမည်ကို "မြန်မာနိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ မဟာဗျူဟာ စီမံချက်ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးစီမံကိန်း " ဟုအမည်ပေးခဲ့ပြီး၊ စီမံကိန်းကို (၂၀၁၄)ခုနှစ် မေလတွင်စတင်ခဲ့ကာ (၂၀၁၅)ခုနှစ် ဒီဇင်ဘာလအထိ (၂၀)လကြာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့(F.A.O)လူမှုရေးအသင်းအဖွဲ့များ၊ (M.G.O)အဖွဲ့အစည်းများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                               မောင်မောင်သန်း(တောင်ကြီး)

 

Civil Service Training သင်တန်းဖွင့်ပွဲ ကျင်းပ

တောင်ကြီး   ဧပြီ   ၂၇

1021

   ပြန်ကြားရေးဝန်ကြီးဌာနနှင့် မီဒီယာသင်တန်းများ ပူးပေါင်းဖွင့်လှစ်ပေးလျက်ရှိသော ဂျာမနီ နိုင်ငံ Konral Adenauer Foundation တို့ပူးပေါင်း၍ Civil Service Training သင်တန်းဖွင့်ပွဲ ကို ဧပြီ(၂၇)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အမျိုးသမီးရေးရာရုံး အစည်းအဝေး ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် ဒီကနေ့ဖွင့်လှစ်ပေးသည့် Civil Service Training သင်တန်း သည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဂျာမန်ဖောင်ဒေးရှင်းက မီဒီယာပညာရှင်များ ပူးပေါင်း၍ (၂၇.၄.၂၀၁၅) မှ (၃၀.၄.၂၀၁၅)ရက်နေ့အထိ (၄)ရက်ကြာဖွင့်လှစ်သွားမှာဖြစ်ပြီး၊ လာရောက်ပို့ချ ပေးသည့် သင်တန်းနည်းပြများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိ၍ ဦးစွာ ပထမပြောကြားလိုကြောင်း၊ အစိုးရသစ်လက်ထက်၌ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်သည့်နေရာတွင် ပွင့်လင်းမြင်သာမှုရှိရေးဆိုသည့် အချက်တစ်ချက်ပါဝင်ပြီး၊ ပွင့်လင်းမြင်သာမှုရှိရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိရောက်သည့် တစ်ခုသော နည်းလမ်းမှာ မီဒီယာကနေ ပြည်သူများကို အသိပေးခြင်းဖြစ်ကြောင်း၊ ယခင်က တင်းကြပ်စွာ ထိန်းချုပ်ထားသည့် အုပ်ချုပ်မှုစနစ်အောက်တွင် နေခဲ့ရသည့်အတွက် မိမိတို့သည် မီဒီယာနှင့် ထိတွေ့မှုနည်းပါးခဲ့ကြပြီး၊ တစ်ခါတစ်ရံမှသာ မီဒီယာကို ခြိမ်းခြောက်မှုအဖြစ် မြင်ခဲ့ရပါကြောင်း၊ ဒီမိုကရေစီစနစ်ကိုသွားသည့်အခါတွင် မီဒီယာသည် ခြိမ်းခြောက်မှုမဟုတ်တော့ဘဲ မီဒီယာကတဆင့် အစိုးရ၏မူဝါဒများ ပြည်သူများကို ပြောနိုင်ပြီး၊ အသုံးပြုလုပ်ရမည့် အခွင့်အလမ်းတစ်ခုဖြစ်လာနိုင် သည်ဟု ခံယူထားရမှာဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် မီဒီယာကိုပစ်ပယ်ထားလို့မရဘဲ မီဒီယာနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ကြရမှာဖြစ်ပြီး၊ ဒီသင်တန်းတွင် မီဒီယာများနှင့် မည်သို့ထိတွေ့ ဆက်ဆံရမည်ဆိုတာကို ဘယ်လိုထိရောက်သည့် မီဒီယာမူဝါဒများကို ဘယ်လိုချမှတ်မလဲဆိုတာကို ဆွေးနွေးခွင့်ရကြမှာ ဖြစ်ပါကြောင်း၊ မီဒီယာသည် မိမိတို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပဋိပက္ခကို (ဗဟို) ပြုသည့်ရေးသားနည်းဘက်ကို အားသာသည့်အနေအထားဖြစ်ပြီး၊ ဒီကနေ့ ရင်ဆိုင်နေရသည့် အခြေအနေများဖြစ်ပါကြောင်း၊ မီဒီယာများနှင့် ဆက်ဆံသည့်အခါတွင် ခြိမ်းခြောက်မယ်၊ စိစစ်မယ်၊ အရေးယူမယ်ဆိုသည့် (Hard Power)ကို  သုံးရမည့်ခေတ် မဟုတ် တော့ဘဲ မိမိတို့သည် (Soft Power)ကို သုံးရမည့်ခေတ်ဖြစ်ပါကြောင်း၊ (Soft Power)၏ အဓိက အချက်မှာ အမှန်တရားနှင့် ရိုးသားမှုဖြစ်ပြီး၊ မိမိတို့တွင်ရှိနေသည့် အမှန်တရားကို မီဒီယာပလက်ဖောင်း ပေါ်မှာ တင်ပေးဖို့လိုအပ်ပါကြောင်း ပြောကြားသွားသည်။

   ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးအောင်ငွေက သင်တန်းနှင့် ပတ်သက်သည့်အချက်အလက်များကို ရှင်းလင်း ပြောကြားပြီး၊ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်) ညွှန်ကြားရေးမှူးနှင့် နည်းပြဆရာများဖြစ်သည့် (စင်္ကာပူနိုင်ငံ Dr. N. Ganesan၊ ဦးဌေးဝင်းနိုင်၊ မစိမ့်ရီထွေး)၊ သင်တန်းသား/ သင်တန်းသူ (၄၆)ဦးနှင့်  သင်တန်းကို ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်များ တက်ရောက်၍ နေ့စဉ် နံနက်(၉)နာရီခွဲ မှ ညနေ(၄)နာရီခွဲအထိ သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

                                                                                                                                                                   မောင်မောင်သန်း(တောင်ကြီး)

 

ဆွမ်မီတောရကျောင်းတိုက်စေတီတော်ဘုရားဆင်းတုတော် သိမ်ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲကျင်းပ

တောင်ကြီး     မေ - ၂

 1027

   ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ဆွမ်မီတောရကျောင်းတိုက်စေတီတော် ဘုရားဆင်းတုတော် သိမ်ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲကို မေ(၂)ရက်နံနက်(၈)နာရီက အဆိုပါကျောင်း၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ တက်ရောက် သဒ္ဒါကြည်ညှိုကြကြောင်းသိရသည်။

   ဆွမ်မီတောရကျောင်းတိုက်စေတီတော် ဘုရားဆင်းတုတော် သိမ်ဓမ္မာရုံကို သံဃာပေါင်း(၂၂၇)ပါး၊ ပင့်သံဃာ(၁၅၂)ပါးဖြင့်၊ သိမ်ဓမ္မာရုံအား သမုတ်ကြပြီးနောက် ဆရာတော်သံဃာတော်ကြီးများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့က သိမ်အဆင်းအလှူဖွယ်ဝတ္တုပစ္စည်းများ လောင်းလှူဆက်ကပ် ကြသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီများနှင့် တာဝန်ရှိသူတို့သည် မွန်းလွှဲ(၁)နာရီခွဲက တောင်ကြီးမြို့ အတုလမာရ်စိန်မြို့လယ်ဓမ္မာရုံ၌ (၂၇)ကြိမ်မြောက် မြို့လုံးကျွတ်ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင်ပွဲ ရေစက်ချအခမ်းအနားသို့ တက်ရောက်ရာ အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့ က နမောတဿ(၃)ကြိမ်ဘုရားကန်တော့ဖွင့်လှစ်၍ နိုင်ငံတော်သံဃာဝန်ဆောင်အေးသာယာမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာဂန္တ ဓနစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တ​ကောသိယ သံဃာအရှင်သူမြတ်မှ ဗုဒ္ဓရုပ်ပွားတော် အဆူပေါင်း(၁၆၄၀)ကို အနေကဇာတင်တော်မူပြီး၊ အမွေးနံသာများဖြင့် ပူဇော်ပေးကြသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီများနှင့် တာဝန်ရှိသူတို့သည် ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတောသံဃာတော်အရှင်သူမြတ်တို့ ပွားများအပ်သော မေတ္တာသုတ်ပရိတ်တော်မြတ်ကို နာ ယူကြပြီး၊ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ ဥက္ကဌ ဦးစွန်ကြိုင်က ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ တင်ပြလျှောက်ထားကြောင်းသိရသည်။

   ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ အလှူ့ဒါယကာ ဦးညီညီ ဒေါ်အေးအေးနွဲ့တို့က ပြည်နယ်ဝန်ကြီးချုပ်အား ကျောက္ကာရွှေဂူနီဘုရားတစ်ဆူကို ပေးအပ်လှူဒါန်းပြီး၊ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုဂါထာတော်(၃)ကြိမ်ရွတ်ဆိုဆုတောင်းပြီး၊ ရုပ်သိမ်းလိုက်ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များ၊ တက်ရောက်ကြကြောင်းသိရှိရသည်။

 

                                                                                                                                                                                                                    မောင်မောင်သန်း(တောင်ကြီး)

ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ခမ်းထီ မိသားစု အလှူတော်မင်္ဂလာ တက်ရောက်ချီးမြှင့်

တောင်ကြီး   ဧပြီ   ၂၆

1019

   ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ဧပြီ(၂၆)ရက် နံနက်(၁၀)နာရီက တောင်ကြီး မြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ခမ်းထီမိသားစု အလှူတော်မင်္ဂလာပွဲသို့ တက်ရောက်ချီးမြှင့်ကြကြောင်း သိရသည်။

1020

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် စင်္ကာပူနိုင်ငံ ရွှေကျောင်း ဆရာတော်များအား ဖူးမျှော်ကြပြီး၊  ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ခမ်းထီ နှင့်တွေ့ဆုံကာ အလှူငွေများ ပါဝင်ကုသိုလ်ယူကြသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူတို့သည် ကျောက်တလုံးကြီးမြို့နယ်ခွဲရှိ တည်ထားကိုးကွယ်ထား သော အောင်ဓမ္မစေတီဘုရားကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်၍ ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီးများ ဆက်ကပ်ပူဇော်ကြပြီး၊ ကျောက်တလုံးကြီး ရေလှောင်တမံဆည် ရှင်းလင်းဆောင်သို့ သွားရောက်ကာ ရှင်းလင်းဆောင်ခန်းမတွင် စက်မောင်းတာဝန်ခံ ခွန်စိန်မင်းနှင့် ဆည်မြောင်း ဦးစီဌာနမှ တာဝန်ရှိသူတို့က ရေလှောင်တမံ အကြိုပြင်ဆင်လုပ်ငန်းများ၊ မူလကန်ဟောင်း ဖော်ထုတ်ခြင်းလုပ်ငန်းများ၊ ပင်မတမံ တည်ဆောက်ခြင်းလုပ်ငန်းများ၊ ရေထုတ်ပြွန်တည်ဆောက် ခြင်းလုပ်ငန်း၊ ရေပိုလွှဲ တည်ဆောက်ခြင်းလုပ်ငန်းများ (၇၀%) ပြီးစီးနေပြီဖြစ်ကြောင်း ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

                                                            မောင်မောင်သန်း(တောင်ကြီး)

 

(၂၀၁၅)ခုနှစ် အင်းလေးခေါင်တိုင် ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း ဖွင့်ပွဲကျင်းပ

တောင်ကြီး  မေ   ၁

 1025

   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ (၂၀၁၅)ခုနှစ် အင်းလေးခေါင်တိုင် ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း ဖွင့်ပွဲကို မေ(၁)ရက် နံနက်(၈)နာရီက ညောင်ရွှေမြို့နယ်၊ အင်းလေးခေါင်တိုင် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

   ပထမဦးစွာ အင်းလေးခေါင်တိုင် ဘက်စုံပညာထူးချွန် အပန်းဖြေစခန်းအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ မြန်မာနိုင်ငံစာစစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်နှင့် အင်းလေးခေါင်တိုင် ဘက်စုံပညာထူးချွန်လူငယ် အပန်းဖြေ စခန်းမှူး ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးမြင့်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။

   ဆက်လက်၍ (၂၀၁၅)ခုနှစ် အင်းလေးခေါင်တိုင် ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း ဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး၊ အခမ်းအနား ဒုတိယပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍၊ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က အမှာစကားပြောကြားကြောင်း သိရသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဘက်စုံပညာ ထူးချွန်လူငယ် ကျောင်းသားများကိုယ်စား အခြေခံပညာအထက်တန်းကျောင်း မြန်အောင်မြို့မှ မောင်ဟိန်းသုတအား ရင်ထိုးတံဆိပ်ပေးအပ်ခြင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးညွှန့်က ဘက်စုံပညာထူချွန်လူငယ်ကျောင်းသူများကိုယ်စား မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံကိုယ်ပိုင်ကျောင်းမှ မခင်ထက်ထက်စိမ်းအား ရင်ထိုးတံဆိပ် ပေးအပ်ခဲ့ကြသည်။

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဌာနဆိုင်ရာ များမှ ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြပြီး၊ လူရည်ချွန် ဟောင်း(၁၀)ဦးများနှင့်တွေ့ဆုံနှုတ်ဆက်၍ ပြည်နယ်ဝန်ကြီးချုပ်အား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး၊ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အင်းတိုင်းရင်း သားရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်  ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူရည်ချွန်ဟောင်းများ၊ ဘက်စုံပညာထူးချွန် လူငယ်မောင်မယ်များ၊ ကင်းထောက် မောင်မယ်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 1026

   (၂၀၁၅) ဘက်စုံပညာထူးချွန်လူငယ်များသည် (၂၅.၄.၂၀၁၅)ရက်နေ့တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးခေါင်တိုင် အပန်းဖြေစခန်းသို့ရောက်ရှိပြီး၊(၂၆.၄.၂၀၁၅)မှ(၂၇.၄.၂၀၁၅)ထိ အခြေခံပညာ အထက်တန်းကျောင်း ခေါင်တိုင်၌ ကင်းထောက်ပညာရပ်များ သင်ကြား၍ (၂၈.၄.၂၀၁၅)ရက်နေ့ ညနေပိုင်းတွင် ညောင်ရွှေမြို့ရှိ ရတနာမာန်အောင်ဘုရား၊ မြို့အဝင်ရှိ ဓာတုဗေဒနှင့် အဆိပ် ကင်းလွှတ် စံပြသီးနှံစိုက်ခင်းများ၊ ယဉ်ကျေးမှုပြတိုက်၊ ခေါင်တိုင်ရေပူစမ်းတို့ကို လေ့လာပြီး၊ (၂၉.၄.၂၀၁၅)ရက်နေ့တွင် သင်တန်းစခန်း၌ ကင်းထောက်ပညာရပ် တဲထိုးနည်းပညာရပ်များကို လက်တွေ့လေ့ကျင့်ကာ၊(၃၀.၄.၂၀၁၅)ရက်နေ့တွင် လူရည်ချွန်ဟောင်းများနှင့် တွေ့ဆုံကြောင်း သိရ ပြီး၊ (၁.၅.၂၀၁၅)ရက်နေ့တွင် အင်းလေးကေလာရွာရှိ ရေခြံလုပ်ငန်း၊ ဟဲယာရွာမ ငွေထည်လုပ်ငန်း၊ အင်းပေါခုံရွာရှိ ယက်ကန်းလုပ်ငန်းလေ့လာ၍ ဖေါင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရားတို့ကို ဖူးမြှော်ကြမည်ဖြစ်ကြောင်း၊(၃.၅.၂၀၁၅)ရက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ရွှေဥမင်လှိုဏ်ဂူဘုရား၊ ကုံလုံကျောင်း၊ အေးသာယာရှိ စက်မှုဇုန်လုပ်ငန်း၊ တောင်ကြီးမြို့ရှိ ယဉ်ကျေးမှုပြတိုက် လေ့လာ၍ စူဌာမုနိဘုရား၊ ရွှေဘုန်းပွင့်ဘုရားတို့ကို ဖူးမြှော်ကြမည်ဖြစ်ကြောင်း၊ (၄.၅.၂၀၁၅)ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ ထမ်းစမ်းလှိုဏ်ဂူဘုရား၊ တောင်ကြီမြို့နယ်ရှိ ကက္ကူဘုရားတို့ကို ဖူးမြှော်ကြပြီး၊ တောင်ကြီးမြို့ပေါ်ရှိ မြို့မစျေးသို့ သွားရောက် လေ့လာမည်ဖြစ်ကြောင်း သိရှိရသည်။

 

                                                                                                                                                                                  မောင်မောင်သန်း(တောင်ကြီး)

 

ဝန်ထမ်းများအရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ ကျင်းပ

တောင်ကြီး   ဧပြီ   ၂၇

 1022

   ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ဒုတိယဦးစီးမှူးဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲကို ဧပြီ(၂၇)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးစိုင်းလှဝင်းက သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် စည်ပင်သာယာရေးဌာနများသည် မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူကောင်းကျိုးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးလုပ်ငန်း များကို လုပ်ငန်းကျွမ်းကျင်စွာဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်မည့်ဆိုရင် ပြည်နယ်အတွင်းမှာ ယခုထက် ပိုမိုတိုးတက်လာမှာဖြစ်ပြီး၊ လုပ်ငန်းကျွမ်းကျင်စွာနှင့် ဆောင်ရွက်သည့်နေရာတွင် တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံးသည် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များ၊ ဌာနဆိုင်ရာရုံးလုပ်ငန်းစနစ်များ၊ လုပ်ငန်းအတွေ့ အကြုံဗဟုသုတများ နှံ့နှံ့စပ်စပ်ကျွမ်းကျင်တတ်မြောက်ဖို့လိုအပ်ပါကြောင်း၊ ကျွမ်းကျင်တတ်မြောက် ရန်အတွက် ဝန်ထမ်းများကိုယ်တိုင် ကြိုးစားလေ့လာသင်ယူမှတ်သားဖို့လိုအပ်ပြီး၊ ယခုလို အရည် အသွေးမြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးဖို့လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး လုပ်ငန်း ဆောင်ရွက်မှု စွမ်းဆောင်ရည်မြှင့်မားလာမှာဖြစ်၍ မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးနိုင်အောင် စီမံဆောင်ရွက်ပေးသည့် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသွားသည်။

   ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီများကိုယ်စား ပြည်နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးမောင်မောင်မြင့်မှ အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက် ကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ၊ ပြည်နယ်/ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် များနှင့်စည်ပင်သာယာရေးဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊  သင်တန်းသား/သင်တန်းသူ(၃၀)ဦး တက်ရောက်၍ သင်တန်းကို (၂၇.၄.၂၀၁၅)မှ(၁၄.၅.၂၀၁၅)ရက်နေ့အထိ နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၅)နာရီအထိ သင်ကြားပို့ချပြီး၊ သင်တန်းတွင် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံရှိ စည်ပင် သာယာရေးဝန်ထမ်းများ တက်ရောက်ကြောင်း သိရှိရသည်။

                                                                                                                                                                   မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. အင်းလေးဖောင်တော်ဦး ဘုရားဝန်းကျင်ရှိ ရွာများသို့ သွားလာသည့်လမ်း ရေများရှိသည့်အတွက် ဘုရားဖူးစက်လှေများဖြင့် စီကားလျှက်ရှိ
  2. ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပ
  3. တောင်ကြီးမြို့၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းကျင်းပ
  4. ရွာငံမြို့နယ်အတွင်းရှိအသက်(၈၀)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများကန်တော့
  5. ၁၃၇၆ခုနှစ်၊ တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ
  6. ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဝန်ကြီးချုပ် အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် အရာထမ်း အမှုထမ်း ဝန်ထမ်းအိမ်ရာများကွင်းဆင်းကြည့်ရှု
  7. (၁၅)ကြိမ်မြောက်၊ ကယန်းအမျိုးသားနေ့ ကျင်းပ
  8. ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း
  9. ရေရှားပါးသောဒေသများအား စက်ရေတွင်းများတူးဖော်လှူဒါန်းခြင်း၊ ရေကန်များဆောက်လုပ်လှူဒါန်းခြင်း၊ ရေပေးရေစီမံကိန်းများ ဆောင်ရွက်ခြင်းနှင့် ရေအောင်ပွဲ ရေစက်ချ အလှူတော်မင်္ဂလာ ကျင်းပ
  10. တောင်ကြီးမြို့နယ်၊ အေးသာယာ ပြည်သူ့ဝန်ထမ်းအိမ်ရာများချမှတ်ပေး

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 43 guests and no members online

Latest Updates