သတင်းများ

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိဖလှယ်ဆွေးနွေးပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ - ၂၄

699

   လူမှုဝန်ထမ်းရုံးနှင့် Save The Children ပူးပေါင်းပြုလုပ်သောကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ အသိဖလှယ် ဆွေးနွေးပွဲကို အောက်တိုဘာ(၂၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းရုံး၌ ကျင်းပကြောင်း သိရသည်။

   ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ပါ အချက်အလက်များနှင့် ကလေးသူငယ် ဥပဒေ ပါပြဌာန်းချက်များကို လက်ရှိအခြေအနေထက် ပိုမိုလေ့လာသိရှိခွင့် ရရှိရေးအတွက် တိုးမြှင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ ကုလသမဂ္ဂသဘောတူညီချက်များနှင့် မြန်မာနိုင်ငံကလေးသူငယ် ဥပဒေပါပြဌာန်းချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ရွာပြည်သူလူထုအပါအဝင် လူကြီးမိဘများ အားလုံးက သိရှိလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ဒေသရှိ ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကိစ္စရပ်၌ ပြည်သူလူထုများ သိရှိပူးပေါင်းဆောင်ရွက်နိုင်အောင် ဦးစီးဆောင်ရွက်သွားရေးအတွက် အသိဖလှယ်ဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ အနာဂတ်ကို ဖန်တီးတည်ဆောက်ကြမည့် ကလေးသူငယ်လူငယ် မျိုးဆက်သစ်များ၏ အကောင်းဆုံးအကျိုး စီးပွားကို ဖော်ဆောင်၍ ကလေးများနှင့် လိုက်ဖက်သည့် ဖွံ့ဖြိုးတိုးတက်ပြီး၊ အေးချမ်းသာယာသော ပတ်ဝန်းကျင်ကောင်း ဖြစ်လာစေရန် ပြည်သူ့ကိုယ်စားလှယ်များ အပါအဝင် အားလုံးလက်တွဲညီညီဆောင်ရွက်ကြရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကအဖွင့် အမှာစကား၌ ပြောကြားသွားကြောင်းသိရသည်။

   ဆက်လက်၍ Save The Childrenအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်က ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ အဆင့်ဆင့်တာဝန်ရှိသူများနှင့် ကလေးသူငယ်များဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ငန်းဆိုင်ရာအစီရင်ခံစာ တင်ပြချက် အကြံပြုချက်များနှင့် ဆိုင်သောအချက်အလက် များအကြောင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရှင်းလင်း ပြောကြားပြီး၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ အသိဖလှယ်ဆွေးနွေးပွဲကို အောက်တိုဘာ(၂၄)ရက်မှ (၂၅)ရက်နေ့ထိ ဆွေးနွေး သွားမည်ဖြစ်ပြီး၊ ဆွေးနွေးပွဲတွင် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ လူမူရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

(၁၆)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲ စာအောင်ဘွဲ့နှင်းသဘင် ကျင်းပ

တောင်ကြီး   အောက်တိုဘာ   ၂၁

698

   (၁၆)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲ စာအောင်ဘွဲ့နှင်းသဘင် အခမ်းအနားကို  အောက်တိုဘာ(၂၁)ရက် မွန်းလွှဲ(၁)နာရီက ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အတုလမာရဇိန် ဆုတောင်းပြည့် မြတ်စွာဘုရား မြို့လယ် ဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။

   ပထမဦးစွာ အခမ်းအနားကို ဆရာတော်/သံဃာတော်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က "နမော တဿ"သုံးကြိမ်ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနာစရိယ၊ စွန်းလွန်းကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကြောင်း သိရသည်။

   ဆက်လက်၍ မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့ ဥက္ကဌ ဦးစွန်ကြိုင်က (၁၆)ကြိမ်မြောက် ကမ္ဗောဇ သာမဏေကျော် စာမေးပွဲ ကျင်းပအောင်မြင်မှုအခြေအနေများကို တင်ပြလျှောက်ထားသည်။

   ထို့နောက် ကမ္ဗောဇ သာမဏေကျော်ဘွဲ့ရ "သာမဏေကျော်များ"ကို ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဓမ္မာရုံဂေါပကအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဘွဲ့ပုံတော်၊ ဘွဲ့တံဆိပ်တော်၊ ဘွဲ့အလံတော်များ၊ စာမေးပွဲအဆင့်အလိုက် အောင်လက်မှတ် စာအောင်ဆုများ တို့ကို အသီးသီးဆက်ကပ်ပေးကြကြောင်း သိရသည်။

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွှန့်မှ နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနာစရိယ၊ စွန်းလွန်းကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

   (၁၆)ကြိမ်မြောက် ကမ္ဗောဇ သာမဏေကျော် စာမေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ စာဖြေသည့်သာမဏေ အပါးပေါင်း(၇၃၃)ပါးရှိပြီး၊ ပထမအဆင့် ဝင်ရောက်ဖြေဆိုသော စာရင်းသွင်း သာမဏေအပါး(၅၆၈)ပါး၊ ဖြေဆိုသည့်သာမဏေ(၄၁၈)ပါး၊ အောင်မြင်သည့်သာမဏေ(၉၁)ပါး၊ ဒုတိယအဆင့်ဝင်ရောက်ဖြေဆိုသော စာရင်းသွင်းသာမဏေအပါး(၂၉၁)ပါး၊ ဖြေဆိုသည့် သာမဏေ (၂၄၀)ပါး၊ အောင်မြင်သည့်သာမဏေ(၃၇)ပါး၊ တတိယအဆင့် ဝင်ရောက်ဖြေဆိုသော စာရင်းသွင်း သာမဏေအပါး(၈၆)ပါး၊ ဖြေဆိုသည့်သာမဏေ(၇၅)ပါး၊ အောင်မြင်သည့်သာမဏေ(၁၃)ပါး၊ စုစုပေါင်း(၁၄၁)ပါး အောင်မြင်ကြောင်း၊ မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့ဝင်တစ်ဦးမှ ပြောကြားကြောင်း သိရသည်။

   အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်နယ် တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဓမ္မာရုံ ဂေါပကအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဓမ္မာစင်္ကြာဝတ်အသင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ၊ ကင်းထောက် အဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြ ကြောင်း သိရသည်။

                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

၂၀၁၄ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး အောက်တိုဘာ - ၁၆

689

   ၂၀၁၄ခုနှစ် ရှမ်းပြည်နယ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၁၄) အခမ်းအနားကို အောက်တိုဘာ(၁၆)ရက်နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာ စကားပြောကြားသည်။

690

   ထို့နောက် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်မှ ၂၀၁၄ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၁၄) အစည်းအဝေးဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူမှ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပွဲတော်ကာလအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ စနစ်တကျ ရှိစေရန် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။ 

   ဆက်လက်၍ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီများဖြစ်ကြသည့် ဘဏ္ဍာရေးလုပ်ငန်းကောမတီ၊ ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေးကော်မတီ၊ မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးကော်မတီ၊ ပြန်ကြားရေး၊ မှတ်တမ်းတင်ရေးနှင့် ဖိတ်ကြားရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ မီးပဒေသာ လှည့်လည် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ မသိုးသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ဆက်ကပ်ရေး၊ ဆုချီးမြှင့်ရေးနှင့် ဆွမ်း ဆက်ကပ်ရေး လုပ်ငန်းကော်မတီ၊ ဖျောဖြေရေးနှင့် ပြပွဲ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ကျန်းမားရေးနှင့် သန့်ရှင်းမှု ကြီးကြပ်ရေး လုပ်ငန်းကော်မတီ၊ မြို့လုံးကျွတ်မဟာဗုံကထိန်းပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ပွဲ၊ အခမ်းအနား ပြင်ဆင်ကျင်းပရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီများမှ မိမိတို့ လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်မည့် အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြရာ၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ဆွေးနွေး ကြပြီး၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လိုအပ်သည်များကို ကော်မတီအဖွဲ့အလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လုပ်ကိုင်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြာင်း သိရသည်။

   အဆိုပါ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို အောက်တိုဘာ(၃၀)ရက်နေ့မှ နိုဝင်ဘာ(၇)ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး၊ ညမီးကြီးအလုံး(၉၀)၊ စိန်နားပန်(၃၄)လုံး၊ နေ့လွတ်အရုပ်ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ အုပ်စုအရုပ်များ စုစုပေါင်း(၂၀၀)ကျော်လွတ်တင်သွားမည်ဖြစ်ပြီး  ဆုများကိုယင်ခင်နှစ်ကထကတိုးမြှင့်၍ မီးကြီးပထမဆုကို သိန်း(၆၀)၊ ဒုတိယဆုကို(၄၅)သိန်း၊ တတိယဆုကို(၄၀)သိန်း၊ စတုတ္ထဆုကို(၃၅)သိန်းနှင့် စိန်နားပန်ပထမဆု(၂၅)သိန်း၊ ဒုတိယဆု(၂၀)သိန်း၊ တတိယဆု(၁၈)သိန်း၊ စတုတ္ထဆု(၁၅)သိန်း၊ ပဉ္စမဆု(၁၃)သိန်း၊ နေ့လွတ်အရုပ် ပထမဆု(၅)သိန်း၊ ဒုတိယဆု(၄)သိန်း၊ တတိယဆု(၂)သိန်းနှင့် နှစ်သိမ့်ဆုများအသီးသီးချီးမြှင့်သွားမည် ဖြစ်ပြီး၊ ဓါတ်ပုံပြိုင်ပွဲ၊ Miss တန်ဆောင်တိုင်ပြိုင်ပွဲ၊ မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ ခြင်းလုံးအလှခတ်ပြိုင်ပွဲ၊ မီးပဒေသာလှည့်လည်ပြိုင်ပွဲ၊ မြို့လုံးကျွတ် မဟာဘုံကထိန်ပဒေသာပင်လှည့်လည် ပူဇော်ပွဲများနှင့် ဇာတ်သဘင်၊ အငြိမ့်၊ စတိတ်ရှိုးများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

   အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပရေးကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။

                                                                          မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်ရှိ အစိုးရဝန်ထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းဖွင့်

တောင်ကြီး   အောက်တိုဘာ - ၂၀

696

   မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ရှမ်းပြည်နယ်ရှိ အစိုးရဝန်ထမ်းများ အတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို အောက်တိုဘာ(၂၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြန်မာနိုင်ငံဆရာဝန်များအသင်းရုံး၌ ကျင်းပကြောင်း သိရသည်။

697

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်က အဖွင့် အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင်က အလုပ်ရုံသင်တန်းနှင့် ပတ်သက်၍ အမှာစကားပြောကြားကြောင်း သိရသည်။

   ဆက်လက်၍ အဖွဲ့ဝင် ဒေါ်မြမြမှ အဓိကလူ့အခွင့်အရေးစာချုပ် (၉)ခု+ ကုလသမဂ္ဂ လူ့အခွင့် အရေး ယန္တရားအကြောင်းကို သင်ကြားပို့ချ၍လည်းကောင်း၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အကြောင်းကို အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းနွဲ့မှ သင်ကြားပို့ချလျက်ရှိပြီး၊ အဖွဲ့လိုက် ဆွေးနွေး ဆောင်ရွက်ကြကြောင်း သိရှိရသည်။

   လူ့အခွင့်အရေးဆိုင်ရာ အသိပညာ ဗဟုတုသများအား ပြည်နယ်အတွင်း တာဝန်ထမ်းဆောင် နေကြသော ဌာနဆိုင်ရာတာဝန်ရှိသူများမှ တစ်ဆင့် ပြန့်ပွားစေရန်၊ လူ့အခွင့်အရေးဆိုင်ရာ အယူအဆများ၊ ယန္တရားစနစ်များ သိရှိစေရန်၊ မြန်မာနိုင်ငံက အတည်ပြု လက်မှတ်ရေးထိုး ထားသော လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(၃)ခုအား ရှင်းလင်းစွာ သိရှိနာလည် စေရန်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းမှုနှင့် ဆောင်ရွက်ချက်များ သိရှိစေရန် စသည့် ရည်ရွယ်ချက်များနှင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

   ရှမ်းပြည်နယ်ရှိ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို (၂၀.၁၀.၂၀၁၄)မှ(၂၂.၁၀.၂၀၁၄)ရက်နေ့အထိ (၃)ရက်ကြာ သင်တန်းဖွင့်လှစ်ပြီး၊ သင်တန်းကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယဥက္ကဌ ဦးစစ်မြိုင်၊ အဖွဲ့ဝင် ဒေါက်တာ ဒေါ်သန်းနွဲ့၊ အဖွဲ့ဝင်ဒေါ်မြမြတို့က သင်ကြားပို့ချပြီး၊ သင်တန်းကို လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ တရားရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ လူကုန်ကူးနှင့် တားဆီးနှိမ်နှင်းရေးအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများ အသီးသီးတက်ရောက်ကြ ကြောင်း သိရှိရသည်။

   အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြ ကြောင်းသိရသည်။

                                                                                                                                                                      မောင်မောင်သန်း(တောင်ကြီး)

အစီရင်ခံစာအပိုင်း(၆)ပါ စိစစ်ဖြေရှင်း တင်ပြရမည့် မြေယာမှုများအား ခရိုင်အုပ်ချုပ်ရေးမှူးများသို့ တာဝန်ပေးအပ်ပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ - ၁၆

688

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစီရင်ခံစာအပိုင်း(၆)ပါ စိစစ်ဖြေရှင်း တင်ပြရမည့် မြေယာမှုများအား ခရိုင်အုပ်ချုပ်ရေးမှူး များသို့ တာဝန်ပေးအပ်ပွဲကို အောက်တိုဘာ(၁၆)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေး ခန်းမ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး၊ မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အဆင့်ဆင့်နေဖြင့်၊ အစီရင်ခံစာအပိုင်း(၁)(၂)(၃)(၅)တွေကို မေလကုန်အပြီး အမှုပေါင်း (၄၃၇)မှု ဖြေရှင်းနိုင်ခဲ့ကြောင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဖြေရှင်းဆောင်ရွက်ခဲ့ကြပြီး၊ အစီရင်ခံစာအပိုင်း (၁)(၂)(၃)မှ စွန့်လွတ်မြေပေါင်း(၅၇၆၁.၂၄)ဧကမှ လျှောက်ထားလာသည့် (၃၂၇၇.၁၀)ဧက၊ တောင်သူပေါင်း(၁၂၈၈)ဦး ပေးခဲ့ပြီးဖြစ်ကြောင်း၊ အပိုင်း(၅)မှာလည်း ဧက(၃၅၀၈.၃၆)စွန့်လွှတ်ခဲ့ပြီးဧက(၃၀၂၉.၃၆)၊ တောင်သူ(၅၄၉)ဦးအား ပြန်လည်ပေးအပ် စိုက်ပျိုးခဲ့ပြီး၊ တပ်မတော်မှ အစီရင်ခံစာ မပါသီးခြားအပ်နှံခဲ့သည့် ဧက(၃၀၈၆၉.၅၃)ကို (၈၀၄၀.၉၁)ဧက၊ တောင်သူ(၂၀၄၂)ဦးပေးအပ်၍ တောင်သူစုစုပေါင်း(၄၀၆၁)ဦးကို ဧကပေါင်း (၁၄၇၁၅.၃၆)ဧကပေးအပ်နိုင်ခဲ့ပြီး စိုက်ပျိုး နိုင်ကြပြီဖြစ်ကြောင်း၊ ကျန်မြေများကိုလည်း ထပ်မံလျှောက်ထားလာသူနှင့် မြေယာမဲများကို စိုက်ပျိုးရေးအလို့ငှာ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ လွှဲပြောင်းပေးအပ်ပြီးမြေများကိုလည်း အခြားနည်းအသုံးပြုခြင်းများနှင့် လွှဲပြောင်းရောင်းချမှု များမရှိစေရန် တားဆီးအသိပေးရမည်ဖြစ်ကြောင်း၊ ယာယီလုပ်ပိုင်ခွင့် ထုတ်ပေးပြီးတောင်သူများကိုလည်း ခိုင်မာမှုရှိလာပါက ခရိုင်စီစစ်မှတ်တမ်းပုံစံ(၇)များကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဗဟိုမြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီမှ ပေးပို့လာသည့် စုံစမ်းရေးကော်မရှင် အစီရင်ခံစာအပိုင်း(၆)ပါ ဝန်ကြီးဌာနအလိုက် ရှင်းလင်းရန်မြေယာအမှုတွဲ(၆၂၇)တွဲကို စိစစ်ဖြေရှင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အလိုက်ဖြေရှင်းပေးရမည့်အမှုတွဲ (၂၆၈)မှုပါသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီများက ဖြေရှင်းပေးရန်အမှုပေါင်း(၃၅၉)မှု ပါဝင်သည့်အတွက် ညှိနှိုင်း ပေါင်းစပ် ပူးပေါင်းဖြေရှင်းနိုင်မှသာ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်မှာ ဖြစ်ပါကြောင်း၊ ဗဟိုမြေအသုံးချမှုကော်မတီ မှ ဆုံးဖြတ်ချက်များ လုပ်ထုံးလုပ်နည်း ဥပဒေများနှင့် အညီ ဖြေရှင်းပေးရမည့်ကိစ္စများကို တိတိကျကျမှန်ကန်ပြီးပြတ်အောင် ဆောင်ရွက်သွားကြရန်နှင့် နှစ်အလိုက်ဦးစားပေးထားရှိပြီး ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များ နှင့် အညီ Case by Case စိစစ်ဖြေရှင်းပြီး တင်ပြပေးရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်မှုလုပ်ငန်းမှတ်တမ်းများ စနစ်တကျထား ရှိပြီး၊ ရပ်ကွက်၊ ကျေးရွာမြေအသုံးချမှု စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်များနှင့် ပူးပေါင်းဖြေရှင်းပေးကြရန်လိုကြောင်း၊ တရားမျှတစွာနှင့် လွတ်လွတ်လပ်လပ် ဥပဒေနှင့်အညီ အဆင့်ဆင့်သော မြေအသုံးချမှု စီမံခန့်ခွဲရေးအဖွဲ့များက စိစစ်ဖြေရှင်း ဆောင်ရွက်ပေးကြရန်၊ ရှမ်းပြည်နယ်အတွင်း မြေသိမ်း၊ မြေယာ ပြဿနာများ နည်းပါးအောင် ဝိုင်းဝန်း ထိန်းသိမ်းကြရန် ဥပဒေလုပ်ထုံးလုပ်နည်းများကို အသိပေးကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။

   ဆက်လက်၍ စိုက်ပျိုးရေးနှင့် မွေးမြူးရေးဝန်ကြီး ဦးစိုင်းဆာလူမှ အစီရင်ခံစာ အပိုင်း(၁)(၂)(၃)(၅)ပါ မြေယာကိစ္စရပ်များအား စွန့်လွတ်အပ်နှံ လွှဲပြောင်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြ၍လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်မှ စုံစမ်းရေးကော်မရှင် အစီရင်ခံစာ အပိုင်း(၆)ပါ မြေယာအမှုများအား ခရိုင်အလိုက်၊ ဝန်ကြီးဌာနအလိုက် စိစစ်ဖြေရှင်းပေးရမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြောင်းသိရသည်။

   ထို့နောက် ရှမ်းပြည်နယ်မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အစီရင်ခံစာအပိုင်း(၆)ပါ ဖြေရှင်းပေးရမည့် မြေယာအမှုတွဲ(၆၂၇)တွဲအား ခရိုင်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌများသို့  တာဝန်ပေးအပ်ရာ တောင်ကြီး၊ လွိုင်လင်၊ လင်းခေး၊ လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ မိုးမိတ်၊ ဟိုပန်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်ခရိုင် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌများအား အသီးသီးလက်ခံ ရယူကြကြောင်းသိရသည်။

                                                                         မောင်မောင်သန်း(တောင်ကြီး)

 

တောင်ကြီးမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့်သေဆုံးသွားသူများနှင့် ဒဏ်ရာရရှိသူများအား အလှူငွေထောက်ပံ့

တောင်ကြီး အောက်တိုဘာ - ၁၉

692

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဂန္ဓမာလမ်း၊ နယ်မြေ(၁၀)၊ အိမ်အမှတ်(ရပ/၄၃၂)ရှိ နာပြုလုပ်လျက်ရှိသော ဒေါ်နှောင်းပိနေအိမ်တွင် အောက်တိုဘာ(၁၉)ရက် နံနက်(၁၀)နာရီခွဲ အချိန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုပြီးသေဆုံးသွာသူများ၏ မိသားစုဝင်များနှင့် ဒဏ်ရာရရှိသူများကို အလှူငွေထောက်ပံ့ပေးခြင်းနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

အလှူငွေထောက်ပံ့ပေးအပ်မှုတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းထောက်ပံ့သောအလှူငွေကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်တို့မှ မြေပြိုမှုကြောင့် သေဆုံးသွားသူ တစ်ဦးလျှင်ကျပ်(၁)သိန်း၊ (၅)ဦးအတွက် ကျပ်(၅)သိန်း ကိုလည်းကောင်း ရှမ်းပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က မြေပြိုမှုကြောင့်သေဆုံးသွားသူ တစ်ဦးလျှင်ကျပ်(၁)သိန်း၊ (၅)ဦးအတွက် ကျပ်(၅)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်းများကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ရာ မိသားစုဝင်(၁)ဦးဖြစ်သူ ဦးစိုင်းပန်ဖ(ခ)ဦးစိုင်းကူး ကလက်ခံရယူပြီး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က မိသားစုဝင်များကိုအားပေးစကားပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်နှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံးကြီး အရိုးကုသဆောင်တွင် မြေပြိုမှုကြောင့် ဒဏ်ရာရရှိဆေးကုသခံနေသော လူနာများကို တစ်ဦးလျှင် ငွေကျပ်(၅)သောင်း၊ (၄)ဦးအတွက် ကျပ်(၂)သိန်းကို ထောက်ပံ့ပေးအပ်ပြီး၊ လူနာများကို ကြည့်ရှုအားပေးစကားပြောကြား ခဲ့ကြောင်းသိရသည်။

                                                                                                        မောင်မျိုးမင်း(တောင်ကြီး)

 

၂၀၁၄ - ၂၀၁၅ ခုနှစ် ပထမ(၆)လပတ် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး အောက်တိုဘာ - ၁၅

685

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ (၂၀၁၄-၂၀၁၅)ခုနှစ် ပထမ(၆)လပတ် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ(၁၅) နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးပြီး (၂၀၁၄-၂၀၁၅)ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် အစည်းအဝေးတွင် ရှမ်းပြည်နယ် အစိုးရအနေဖြင့် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်နိုင်ရေး ကြိုးပမ်းရာတွင် ပြုပြင်ပြောင်လဲမှုများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း ယခုအခါ နိုင်ငံတော်အစိုးရသည် ကျန်ရှိနေသောကာလအတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင်ရေးတွင် ရေရှည်အတွက် ဒီမိုကရေစီအခြေခံအုပ်မြစ် ခိုင်မာအောင်ချမှတ် ဆောက်ရွက်ရေးအပိုင်းနှင့် ပြည်သူတို့၏ လူမှုစီးပွား ဦးစားပေးလိုအပ်ချက်များကို ချက်ချင်း အကောင်အထည်ဖော်ဆောက်ရွက်နိုင်ရေးအတွက် Third Wave အဖြစ် ထိထိရောက်ရောက်အကောင်ထည်ဖော် ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းကြရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် (၂၀၁၄-၂၀၁၅)ဘဏ္ဍာရေးနှစ်အတွင်း ဧပြီလမှ စက်တင်ဘာလအထိ (၆)လတာကာလ အတွင်း လက်ရှိစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် ဘဏ္ဍာငွေရရှိမှု၊ သုံးစွဲမှုအခြေအနေ ကျန်(၆)လ အတွင်း ထပ်မံရရှိနိုင်မှုနှင့် သုံးစွဲမည့်အခြေအနေတို့ကို ချိန်ဆပြီးဌာန၊ အဖွဲ့အစည်းများက ထပ်မံလိုအပ်သည့် ဘတ်ဂျတ်ငွေများ ကို ခွဲဝေသတ်မှတ်ပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတမှ (၂၀၁၄-၂၀၁၅)ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှု အနေအထားအရ ဘဏ္ဍာငွေရရှိသုံးစွဲမှု လမ်းညွှန်မှာကြားချက်၊ ဆင်းရဲမှုနှုန်းကို ၂၀၁၅ခုနှစ်တွင် (၁၆)ရာ ခိုင်နှုန်း လျော့ချရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို အကော်အထည်ဖော် ဆောင်ရွက်ရာ၌ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူပြီး တာဝန်ရှိသော အုပ်ချုပ်ရေး အဖွဲ့အစည်းနှင့် ဌာနဆိုင်ရာများ အနေဖြင့် ဦးစားပေး အစီအစဉ်အလိုက် စနစ်တက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသွားကြောင်းသိရသည်။

686

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးမြင့်အောင်က ရှမ်းပြည်နယ် ဒေသဆိုင်ရာများနှင့် လုပ်ငန်း ကိစ္စရပ်များကို ရှင်းလင်း၍လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိတောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်၊ လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ ကျောက်မဲခရိုင်၊ မိုးမိတ်ခရိုင်၊ ဟိုပန်ခရိုင်၊ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်၊ လောက်ကိုင်ခရိုင် တို့မှ ခရိုင်အုပ်ချုပ်ရေးမှူးများမှ မိမိတို့ဒေသအလိုက် လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ၍ လည်းကောင်း၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများမှ ၂၀၁၄-၂၀၁၅ခုနှစ် ပထမ(၆)လပတ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို အသီးသီးရှင်းလင်းတင်ပြ ကြကြောင်းသိရသည်။ 

687

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့မှ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ပြည်လည်ရှင်းလင်း တင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

   အဆိုပါ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဌ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ (မြောက်ပိုင်း) ၊ (ရှေ့ပိုင်း)တို့မှ ခရိုင်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

မောင်မောင်သန်း(တောင်ကြီး)

 

အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ် သင်တန်းဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်လွှဲပြောင်း အပ်နှံခြင်း အခမ်းအနားကျင်းပ၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြား

တောင်ကြီး အောက်တိုဘာ - ၁၇

693

   အားကစားသည် နိုင်ငံတစ်နိုင်ငံဂုဏ်၊ လူမျိုးတစ်မျိုး၏ သိက္ခာဖြစ်ရာ နိုင်ငံတကာအလယ်၌ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အားကစားနည်းဖြင့် မြှင့်တင်နိုင်မည့် ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား လူရည်ချွန်များ မွေးထုတ်ပေးနိုင်ရေးနှင့် မြန်မာ့အားကစားအောင်မြင်မှု ရေရှည်တည်တံ့နိုင်ရေးအတွက် အထောက် အကူပြုနိုင်ရန် အားကစားနှင့် ပညာရေးပေါင်းစပ် အကောင်အထည်ဖော်မှု လုပ်ငန်းသည်လည်း အားကစားဝန်ကြီးဌာန၏ အဓိကတာဝန်တစ်ရပ်အဖြစ် ပါရှိနေရာ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)၏ အားကစားနှင့်ပညာရေးပေါင်းစပ် သင်တန်းဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်လွှဲပြောင်း အပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့(အေးသာယာ)တွင် ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီဥက္ကဌ၊ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တက်ရောက်ဖွင့်လှစ်သည်။

694

   အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

   ရှေ့ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံဆိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က မော်ကွန်းကမ္ဗည်းကျောက်စာ ကို လျှပ်စစ်ဘောလုံးနှိပ်၍ ဖွင့်လှစ်ပေးကာ အမွှေးနံ့သာဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။

   ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံဆိုင်၊ ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့က ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အမှတ်တရ သစ်ပင်စိုက်ပေး ခဲ့ကြသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့်ကာယ ပညာသိပ္ပံ(တောင်ကြီး)ရှိ မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်း ဖောက်လုပ်ပြီးစီးမှု၊ မြက်စိုက်ပျိုးပြီးစီးမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပါသည်။

695

   ဆက်လက်၍ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)၏ ၂၀၁၄-၂၀၁၅ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ် သင်တန်းဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်လွှဲပြောင်း အပ်နှံခြင်းအခမ်းအနားကို အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး) အားကစားခန်းမ၌ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ တွင် ယနေ့အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)ကို အောင်မြင်စွာဖွင့်လှစ်နိုင်ပြီးဖြစ်လို့ မြန်မာ့အားကစား လောကနှင့် ရှမ်းပြည်နယ်အတွက် မင်္ဂလာရှိတဲ့နေ့တစ်နေ့ဖြစ်ကြောင်း အားကစားနှင့်ကာယပညာသိပ္ပံများဟာ အားကစားဖြင့် နိုင်ငံဂုဏ်ဆောင်နိုင်မည့် အားကစားခေါင်းဆောင်များ၊ နည်းပြများနှင့် အလားအလာရှိသည့် မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးရာ အောင်မြေဖြစ်ကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကို ၁၉၉၂ခုနှစ်၊ ဇူလိုင်လ(၂)ရက်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ကို ၂၀၀၂ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှာ မြန်မာ့အားကစားလောကအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် နည်းစနစ်မှူးများ၊ နည်းပြဆရာကောင်းများ အလုံအလောက်မွေးထုတ်ပေးရန် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှုအတွက် အားကစားနှင့် ကာယပညာလုပ်ငန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်စေရန် မြန်မာ့ အားကစားမှ ကမ္ဘာ့အားကစားသို့ ဟူသော နိုင်ငံတော်၏ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် အထောက်အကူပြုစေရန်၊ သွေးသစ်လောင်းနိုင်မည့် ထူးချွန်သော လူငယ်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေးအတွက် အထောက်အကူပြုစေရန် အားကစားနှင့် ကာယပညာလုပ်ငန်းများတွင် အစဉ်အမြဲ တိုးတက်မှုရရှိစေရန်အတွက် အားကစားနှင့်ကာယပညာနှင့်ပတ်သက်သော သုတေသနလုပ်ငန်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဖွင့်လှစ်ခဲ့ပြီးဖြစ်တဲ့ အားကစားနှင့် ကာယပညာသိပ္ပံများမှ တာ၀န်ရှိသူများက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲတွေမှာ နိုင်ငံတော်အတွက် ဆုတံဆိပ်ဆွတ်ခူးပေး ခဲ့တဲ့ အားကစားသမားများကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဒီလိုအောင်မြင်မှုတွေကြောင့် အားကစားနှင့်ကာယပညာ သိပ္ပံ(မော်လမြိုင်)ကို ၂၀၁၄ခုနှစ်၊ ဇွန်လ(၉)ရက်နေ့မှာ ထပ်မံဖွင့်လှစ်ခဲ့တဲ့အပြင် အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)ကို ယနေ့ထပ်မံဖွင့်လှစ်နိုင်ခဲ့တာဖြစ်ကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် မန္တလေးကို (က)အဆင့် သတ်မှတ်ကာ ကျောင်းသား၊ ကျောင်းသူ(၆၀၀)ဦး အားကစားနည်း(၂၅)မျိုး၊ မော်လမြိုင်နှင့် တောင်ကြီး ကို(ခ)အဆင့်သတ်မှတ်ကာ ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦး၊ အားကစားနည်း(၁၀)နည်း လက်ခံသင်ကြားပေးပြီး နောက်စာသင်နှစ်များမှာ တိုးချဲ့လက်ခံသွားမှာဖြစ်ကြောင်း၊ အားကစားနည်းအလိုက် တိုးတက်မှုရှိပြီး ကျန်းမာရေး ပြည့်စုံသူများကို တက္ကသိုလ်ဝန်တန်းအောင်မြင်တဲ့အထိ နိုင်ငံတော်ကဆက်လက် တာဝန်ယူ သင်ကြားလေ့ကျင့်ပေး မည်အပြင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပါက နေပြည်တော်မှာ ဖွင့်လှစ်မည့် အားကစားတက္ကသိုလ် တက်ရောက်စေမှာဖြစ်ပြီး ပညာရေးမထူးချွန်သော်လည်း အားကစားထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူများကို အားကစားဝန်ကြီးဌာနမှာ သင့်တော်တဲ့ ရာထူးတာဝန်များ စီစစ်ခန့်အပ်သွားမှာဖြစ်လို့ ကျောင်းသား/ကျောင်းသူများ အားလုံး ပညာထူးချွန်ပြီး အားကစားဖြင့် နိုင်ငံဂုဏ်မြှင့်တင်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားပါသည်။

   ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး) ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

   ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းဆောင်သစ်အတွက် စာရွက်စာတမ်းများ အား တာဝန်ယူဆောက်လုပ်ခဲ့ကြသည့် ကုမ္ပဏီများကိုယ်စား Grand Glory ဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးနေလင်းမှ ပေးအပ်ရာ လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း ကလက်ခံရယူပါသည်။

   ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)အတွက် Grand Glory ဆောက်လုပ်ရေးကုမ္ပဏီ မှ ကျပ်သိန်း(၅၀)၊ အောင်ချမ်းသားဆောက်လုပ်ရေးကုမ္ပဏီမှ ကျပ်သိန်း(၅၀)၊ လပ်ကီးမြန်မာဆောက်လုပ်ရေး ကုမ္ပဏီမှ ကျပ်သိန်း(၅၀)ပေးအပ်လှူဒါန်းရာ လူမှုရေး၀န်ကြီး ဒေါက်တာမျိုးထွန်းက လက်ခံရယူပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၊ တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ အား ကျောင်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များ ပေးအပ်ပါသည်။

   ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမျိုးသား(၃)ထပ် အိပ်ဆောင်၊ စာသင်ဆောင်၊ ထမင်းစားရိပ်သာ၊ ဆေးပေးခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ က လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်း ရရှိသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Muse Development Public Company အဖွဲ့ စီမံကိန်း လုပ်ငန်းဆိုင်ရာများရှင်းလင်း

တောင်ကြီး အောက်တိုဘာ - ၁၄

684

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် အတူအောက်တိုဘာ (၁၄)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယအစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ Muse Development Public Company အဖွဲ့နှင့် စီမံကိန်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားကြောင်း သိရသည်။

   ပထမဦးစွာ Muse Development Public Companyမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဝင်းဆွေမှ မူဆယ်ဒေသတွင် လုပ်ငန်းဆောင်ရွက်မည့် အဝေးပြေးယာဉ်ရပ်နားစခန်း ခရီးသွားဧည့်သည်များ နားနေဆောင် ပြည်တွင်၊ ပြည်ပခရီးသွား ဧည့်သည်များ၊ အမှတ်တရပစ္စည်းများ ဝယ်ယူရန် စျေးဆိုင်ခန်းများနှင့် ပတ်သက်၍ စီမံကိန်းလုပ်ငန်းကိစ္စရပ်များကို Projector ဖြင့် ရှင်းလင်းကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သစ်တော်နှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းမှ မြေယာကိစ္စနှင့် ပတ်သက်၍ ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေနွေး အကြံပြုပြီး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်ဝင်းမှ ရန်ကုန်မြို့တွင် စီမံကိန်းလုပ်ငန်းကုမ္ပဏီများမှ တည်ဆောက်ရေးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် အချို့ကုမ္ပဏီများ လုပ်ငန်းရပ်ဆိုင်းထားရှိပြီး၊ မူဆယ်ဒေသသည်လည်း မူဆယ်ဒေသ စီမံကိန်းကို ပွင့်လင်းမြင်သာစွာလုပ်ကိုင်ဆောင်ရွက်ရန် အကြံပြုဆွေးနွေး၍ လည်းကောင်း၊  ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှ မူဆယ်(၁၀၅)မိုင်ဂိတ်များ ယာဉ်ရပ်နားမှု ဆိုင်ရာများနှင့် လမ်းပန်းဆက်သွယ်မှုဆိုင်ရာ ကိစ္စရပ်တို့ကို ဆွေးနွေးအကြံပြု၍လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ စီမံကိန်းပြုလုပ်မည့် ဒေသများတွင် ဒေသခံပြည်သူများ အဆင်ပြေစေရန်အတွက် ပြည်သူများသွားလာမှုလွယ်ကူအောင် လမ်းများကို ဖောက်လုပ်ဆောင်ရွက်သွား ရန်နှင့် ကုန်တင်ကားကြီးများ ယာဉ်ရပ်နားစခန်းတွင် စနစ်တကျရှိစေရေးတို့ကို အကြံပြုဆွေနွေးပြီး၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ MOU လက်မှတ်ရေးထိုးရခြင်း၏ ဥပဒေဆိုင်ရာ ကိစ္စရပ်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                         မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် HOLY FLYING TIGER HERITAGE COMPANY LIMITED အဖွဲ့နှင့် တွေ့ဆုံ

တောင်ကြီး   အောက်တိုဘာ   ၁၆

691

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စီမံကိန်းဦးစီးဌာန ပြည်နယ်မှူးတို့နှင့်အတူ အောက်တိုဘာ(၁၆)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ကြောင်း သိရသည်။

   ပထမဦးစွာ ကိုသန်းထိုက်ဝင်း(BUSINGSS DEVEROPMENT) မန်နေဂျာမှ စင်္ကာပူနိုင်ငံတွင် Surbana ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲလျက်ရှိကြောင်း၊ စင်္ကာပူနိုင်ငံတွင် (Top Ten) ဝင်ပြီး၊ စင်္ကာပူနိုင်ငံရှိ တိုက်(၇၇၆)လုံးကို ဒီဇိုင်းရေးဆွဲပေးလျက်ရှိကြောင်း၊ ဆေးရုံးအဆောက်အဦး များကိုလည်း ဝန်ကြီးဌာနနှင့်ပူးပေါင်းညှိနှိုင်း၍ လုပ်ကိုင်ပေးလျက်ရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ စက်မှုဇုန်များကိုလည်း ဒီဇိုင်းရေးဆွဲပေးလျက်ရှိကြောင်း၊  သောက်သုံးရေမဟုတ်ပဲ သီးခြားရေများ ကိုလည်း ရေသန့်အဖြစ်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရန်ကုန် ဒဂုန်ဆိပ်ကမ်း များတွင် အဆောက်အဦများကိုလည်း ဒီဇိုင်းရေးဆွဲပေး၍ ရန်ကုန်မြို့တွင် ငါးပြတိုက် အဟောင်းကို ငါးပြတိုက် (work plan) အသစ်ကိုဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေး ရှင်းလင်းပြီး၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်တော်သာရပ်ကွက် မြေနေရာပေါ်တွင် နိုင်ငံတကာ အဆင့်မီ အထပ်(၂၀)မြင့် အဆောက်အဦအား တည်ဆောက်မည်အစီအစဉ်နှင့် အဆောက်အဦကို တာဝန်ယူတည်ဆောက်မည် စင်္ကာပူနိုင်ငံ အခြေစိုက်ဆောက်လုပ်ရေးကုမ္ပဏီများ ဖြစ်ကြသည့် Subanb International Consultants Pte Ltd နှင့် CNQC, Qingjian International (Myanmar) Group Development Co,Ltd ကုမ္ပဏီများအနေဖြင့် အဆောက်အဦနှင့် ပတ်သက်၍စီမံဆောင်ရွက် ထားမှုများကို ရှင်းလင်းဆွေးနွေးသွားကြောင်း သိရသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်မှ ဆွေးနွေးရာတွင် လျှပ်စစ်ဝန်ကြီး ကိစ္စရပ်များနှင့် ကားပါကင်ကိစ္စရပ်များ ပတ်သက်၍ အကြံပြုဆွေးနွေးပြီး၊ အဆောက်အဦနှင့် ပတ်သက်၍ ဘယ်လို ဆောင်ရွက်မည်ကို သိရှိလိုကြောင်း၊ အဆောက်အဦ ပြီးစီးမှု ဘယ်လောက်ကြာနိုင်မလဲ၊ ဖောင်ဒေးရှင်းကိစ္စရပ်များ စသည့်တို့ကို ပြည်နယ်ဝန်ကြီးများမှ အကြံပြုဆွေးနွေးသွားကြကြောင်း သိရှိရသည်။

                                                                                                                                                                  မောင်မောင်သန်း(တောင်ကြီး)

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Mr.Keith W.Rabin အဖွဲ့နှင့် တွေ့ဆုံ

တောင်ကြီး အောက်တိုဘာ - ၁၃

683

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့် အတူ အောက်တိုဘာ(၁၃)ရက် နေ့လည်(၁၂) နာရီက တောင်ကြီးမြို့၊ ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းမ၌ Mr.Keith W.Rabin အဖွဲ့နှင့်တွေ့ဆုံခဲ့ ကြောင်းသိရသည်။

   ပထမဦးစွာ Mr.Keith W.Rabinမှ ကျေးလက်ဒေသ မီးလင်းရေးနှင့် စွမ်းအင်ဆိုင်ရာ သုတေသနများကို ရှမ်းပြည်နယ် အတွင်း ဆောင်ရွက်လိုကြောင်း၊ ကျေးလက်ဒေသမီးလင်းရေးနှင့် စွမ်းအင် ဆိုင်ရာသုတေသနများကို လွန်ခဲ့သော (၂)နှစ်မှ စတင် ဆောင်ရွက်ရသော အဖွဲ့အစည်းဖြစ်ပါကြောင်း၊ KWR International သည် လွန်ခဲ့သော(၂)နှစ်အတွင်း ပုသိမ်၊ ချောင်းသာ၊ ကျောက်ဖြူ၊ ဂွမြို့နှင့် မြန်မာ- ထိုင်း စွမ်းအင်ဆိုင်ရာ သူတေသနများအတွက် ကျိုင်းတုံး၊ တာချီလိတ်၊ ထားဝယ် ဒေသများကို ကျေးလက်ဒေသ မီးလင်းရေးနှင့် စွမ်းအင်ဆိုင်ရာ သူတေသနများ ဆောင်ရွက်ခဲ့ပါကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၏ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိအရာထမ်းများကို မြန်မာ့နိုင်ငံ၏ စွမ်းအင်ဆိုင်ရာမူဝါဒရေးဆွဲရေး ဆိုင်ရာ သင်တန်းများကိုလည်း စီမန်ပံ့ပိုးပေးလျှက်ရှိပါကြောင်း၊ အခြားသောအဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ စွမ်းအင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးများ ဦးစီးကျင်းပခြင်းဖြင့် ကျေးလက်ဒေသမီးလင်းရေး သူတေသနလုပ်ငန်းများ ဆောင်ရွက်လျှက် ရှိပါကြောင်း၊ ဆွေးနွေးသွားကြောင်းသိရသည်။

   ဆက်လက်၍ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ရှမ်းပြည်နယ်တွင် ကျေးလက်ဒေသမီးလင်းရေးနှင့် ပတ်သက်၍ လာရောက်တွေ့ဆုံမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ  Mr.Keith W.Rabinနှင့် အဖွဲ့ကို ကြိုဆိုပါကြောင်း ကျေးလက်ဒေသမီးလင်းရေးအတွက် ဆိုလာစနစ်ဖြင့် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ လျှပ်စစ်ဓါတ်အားနှင့် ပတ်သက်၍ ရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းများ၊ အထက်ရဲရွာရှိ ရေအားလျှပ်စစ်စီမံကိန်းများ၊ အထက်သံလွင်ကွမ်လုံရှိ ဟိုက်ဒရိုပါဝါထုတ်လုပ်မှုများ၊ ရွှေလီ(၁),ရွှေလီ(၂)ဓါတ်အား လျှပ်စစ်ထုတ်လုပ်မှုများ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရေအားလျှပ်စစ်ထုပ်လုပ်မှုများကို ပြည်နယ်ဝန်ကြီးချုပ်မှ Projectorဖြင့် ရှင်းလင်းဆွေးနွေးပြီး၊ ရှမ်းပြည်နယ်တွင် သဘာဝမြစ်၊ ချောင်းများပေါများသောကြောင့်၊ သဘာဝက ပေးသည့်ရေအရင်းအမြစ်ရှိကြောင်း၊ ရှမ်းပြည်နယ်သည် တိုင်းဒေသကြီးတွင် အကျယ်ပြန့်ဆုံး ပြည်နယ်ဖြစ်ပြီး၊ တိုင်းရင်းသားလူမျိုးနွယ်စု (၃၀)ကျော်ရှိကြောင်း သဘာဝခရီးသွားလုပ်ငန်း၊ ရှေးဟောင်းစေတီ ဘုရားပုထိုးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ထမ်းဆန်းဂူများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် ရွှေဥမင်သဘာဝလှိုင်ဂူဘုရား ရွှေညောင်မြို့နယ် အင်းလေးဒေသတွင် တန်းခိုးကြီးဖောင်း တော်ဦး ဘုရားများ၊ သဘာဝစိုက်ခင်းများလေ့လာနိုင်ကြောင်း ဆွေနွေးပြောကြားကြောင်း သတင်းရရှိပါသည်။

                                                                            မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၁၄)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၂/၂၀၁၄)နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၁၄)ကျင်းပ
  2. (၂၀၁၄−၂၀၁၅) ပညာသင်နှစ် ဆရာ/ဆရာမများ အရည်အသွေးမြှင့်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
  3. (၂၀၁၄−၂၀၁၅) ပညာသင်နှစ် ဆရာ/ဆရာမများ အရည်အသွေးမြှင့်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
  4. (၂၁)ကြိမ်မြောက်မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် တတိယအကြိမ်မြောက် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
  5. အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားများ မူလကိန်းဝပ်စံပယ်တော်မူသည့် ရတနာစံကျောင်းတော်ကြီးပေါ်သို့ ပြန်လည်ကြွဝင်
  6. ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ လျှပ်စစ်နှင့်စက်မှု၀န်ကြီး ဦးစိုင်းထွန်းရင်နှင့်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းတို့မှ တောင်ကြီးမြို့၊ ဇီဝိတဒါနသံဃာဆေးရုံသို့ သွားရောက်စစ်ဆေးကြည့်ရှု့ခြင်း
  7. (၂၁)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် တတိယအကြိမ်မြောက် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲကျင်းပ
  8. ရှမ်းပြည်နယ် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ ကျင်းပ
  9. အင်းလေးကန်ထိန်းသိမ်းရေး(၅)နှစ်စီမံကိန်း (၂၀၁၅-၂၀၁၆ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ခုနှစ်ထိ) စီမံချက်မှုကြမ်းအပေါ် အကျိုးဆက်စပ်ပတ်သက်သူများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
  10. ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ပေါက်ကွဲမှု(၃)နေရာဖြစ်ပွား

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 68 guests and no members online

Latest Updates