သတင်းများ

Articles

ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ ကျန်းမာရေးပညာပေးဟောပြော

တောင်ကြီး   စက်တင်ဘာ   ၃၀

664

   ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ၊ မားစ်ပြင်းထန်အဆုတ်ရောင်ရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေးပညာပေးဟောပြောပွဲကို စက်တင်ဘာ(၃၀)ရက် မွန်းလွှဲ(၃)နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

   ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါစတင်ဖြစ်ပေါ်လာသည့် နိုင်ငံနှင့် ကူးစက်ဖြစ်ပေါ်လာပုံ များ၊ မားစ်ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာ ပေါ်ထွန်းက ရှင်းလင်းပြောကြားသွားကြောင်း သိရသည်။

   အီဘိုလာဗိုင်းရပ်စ်ရောဂါသည် သွေးထွက်လွန်ရောဂါတစ်မျိုးဖြစ်၍ လူနှင့်တိရိစ္ဆာန်များပါ မကျန် ဖြစ်တတ်သည့် ရောဂါတစ်မျိုးဖြစ်ပြီး၊ ကွန်ရိုနိုင်ငံတွင် စတင်တွေ့ရှိကာ တစ်ခြားနိုင်ငံများကို ပြန့်ပွားကူးစက်လာကြောင်း၊ ကူးစက်မြန်အီဘိုလာဗိုင်းရပ်စ်ရောဂါနှင့် မားစ်ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ယနေ့အချိန်အထိ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် လူ(၂၀၀၀)ကျော်ခန့် သေဆုံး၍ လူ(၁၀၀)ကျော်ကူးစက်မှုခံရပါက (၉၀%)ရာခိုင်နှုန်းမှာ သေဆုံးမှုရှိသဖြင့် ကုသရန် ဆေးမရှိသေးသည့်အတွက် လူတိုင်း တစ်ကိုယ်ရေသန့်ရှင်းရေး ရှိရန်လိုကြောင်း၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီး၊ အထူးကုဆရာဝန်ကြီး(ဆေးပညာ) ဒေါက်တာစီစီထွန်းမှ ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ၊ မားစ်ပြင်းထန်အဆုတ်ရောင်ရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး ပညာပေးဟောပြောသွားကြောင်း သိရသည်။

   အဆိုပါ ဟောပြောပွဲသို့ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ စဝ်စံထွန်းဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ အလုပ်သင် ဆရာဝန်များ၊ သူနာပြုဆရာမကြီးများနှင့် သူနာပြုဆရာမများ၊ ဆေးရုံဝန်ထမ်းများ၊ လူနာစောင့် များ တက်ရောက်ကြကြောင်း သိရသည်။

                                                                                                                                                                         မောင်မောင်သန်း(တောင်ကြီး)

 

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပ

တောင်ကြီး   အောက်တိုဘာ - ၁

663

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို အောက်တိုဘာ(၁)ရက် မွန်းလွှဲ(၁)နာရီက အတုလမာရဇိန် မြို့လယ်ဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အဘိုး/အဘွားများအား ဂါရဝလက်ဆောင်ပေးအပ်ကြကာ ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ အဘိုး/အဘွားများအား အာဟာရပစ္စည်းများ လှူဒါန်းပေးအပ်ကြကြောင်း သိရသည်။

   ဆက်လက်၍ အဘိုး/အဘွားများ ကိုယ်စား အဘိုးဦးသိန်းညွှန့်မှ ဆုတောင်းမေတ္တာပို့သ ပေးသည်။ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားတွင် တောင်ကြီးမြို့ပေါ်(၂၂) ရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက် အဘိုး(၈၁)ဦး၊ အဘွား(၁၄၄)ဦး၊ စုစုပေါင်း(၂၂၅)ဦးတို့အနက် အဘိုး(၂၆)ဦး၊ အဘွား(၃၂)ဦး၊ စုစုပေါင်း(၅၈)ဦး တက်ရောက်ပြီး၊ အဘိုး/အဘွားတစ်ဦးလျှင် ငွေကျပ်(၂)သောင်းနှုန်းဖြင့် ပေးအပ်လှူဒါန်းပြီး၊ မတက်ရောက်နိုင်သည့် အဘိုး/အဘွားများကို အိမ်တိုင်ရာရောက် တစ်ဦးလျှင် ငွေကျပ်(၁)သောင်းခွဲနှုန်းဖြင့် လိုက်လံပေးအပ် လှူဒါန်းကာ ဌာနဆိုင်ရာနှင့် ရပ်ကွက်များမှလှူဒါန်းသော အလှူငွေစုစုပေါင်း(၄၃)သိန်း(၈)သောင်းဖြစ်ပြီး အဘိုး/အဘွားများအား ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးကြကြောင်း သိရှိရသည်။

   အဆိုပါအခမ်းအနားကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ် ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

                                                                                                                                                                                  မောင်မောင်သန်း(တောင်ကြီး)

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရွှေရတုနှစ်ပတ်လည်နေ့ကျင်းပ

တောင်ကြီး အောက်တိုဘာ - ၁

662

   ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် မြန်နိုင်ငံရဲတပ်ဖွဲ့ ရွှေရတုနှစ်ပတ်လည်နေ့ကို အောက်တိုဘာ (၁)ရက်၊ နံနက်(၉)နာရီ က မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။ 

   ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသား၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ ခံစားခွင့်ရရှိနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေချိန်တွင် တရားဥပဒေ စိုးမိုးရေးသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် တပ်ဖွဲ့ဝင်အားလုံးသည် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက် သွားကြရန်နှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူလူထုနှင့် အစဉ်ပူပေါင်း ဆောင်ရွက်ကြရန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အဓိကရည်မှန်းချက်(၄)ရပ်တွင် ပါဝင်သည့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးနှင့် ပတ်သက်ပြီး၊ နည်းဗျူဟာ(၃)ရပ်ဖြစ်သည့် ထုတ်လုပ်မှု ပပျောက်ရေး၊ သုံးစွဲမှု ပပျောက်ရေးနှင့် တာဆီးနှိမ်းနင်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ မူးယစ်ဆေးဝါး တာဆီးနှိမ်းနင်းရေးဆောင်ရွက်သည့်နေရာတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိ သည့် ဖြစ်စဉ်များကို သုံးသပ်ပြီး၊ ယခုထက်ပိုမိုဖမ်းဆီးရမိအောင် ဆောင်ရွက်သွားရန်ပြောကြားလိုကြောင်း၊ မူခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး၊ ဖြစ်ပွားခဲ့သည့် မူခင်းဖြစ်စဉ်တစ်ခုချင်းကို စိစစ်သုံးသပ်၍ မူခင်းလျော့နည်း ကျဆင်းအောင် ဆောင်ရွက်သွားကြရန်နှင့် ပြစ်မှုကျူးလွန်သူများ ကိုလည်း တရားဥပဒေနှင့် အညီ ထိုက်သင့်သည့် ပြစ်ဒဏ်ရရှိရေးအတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား၌ ပြောကြားသွားကြောင်းသိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်မှ ချီးမြှင့်သောဂုဏ်ပြု မှတ်တမ်းလွှာ များကို ချီးမြှင့်ရာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးစန်းလွင်၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ထူး၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်ဆန်းမြင့်၊ လင်းခေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးလှစိန်တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးကြောင်းသိရသည်။

   ထိုနောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အတွင်း မူခင်းဖော်ထုတ်မှုအတွက် အမှုထမ်းကောင်းရရှိသည့် တပ်ဖွဲ့ဝင် (၃)ဦးအား လက်မှတ်နှင့် ဆုငွေများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အေးဝင်းမှ ချီးမြှင့်ပေး၍ လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိကျောင်း၌ ဖွင့်လှစ်သော အရာထမ်းအခြေခံ သင်တန်း၊ သင်တန်း ထူးချွန်ဆုနှင့် မူခင်းဖော်ထုတ်မှု အတွက် အမှုထမ်းကောင်းရရှိသည့် တပ်ဖွဲ့ဝင်(၃)ဦးအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူမှ ချီးမြှင့်ပေး၍လည်းကောင်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အတွင်း မူခင်းဖော်ထုတ်မှုအတွက် အမှုထမ်းကောင်းရရှိသည့် တပ်ဖွဲ့ဝင် (၃)ဦးအား၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်ထွန်းမှ လက်မှတ်နှင့် ဆုငွေများချီမြှင့်ပေးကြသည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ၂၀၁၃-၂၀၁၄ခုနှစ်အတွင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းများကို လှည့်လည်ကြည့်ရူ့အားပေးကြကြောင်းသိရှိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲအရာရှိများ တပ်ဖွဲ့ဝင်နှင့် မိသားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။                                                                                                 

                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ အဌဒိသာဓမ္မဝိဟာရ ကျောင်းတော်ကြီးသို့ ကြွချီအပူဇော်ခံ

တောင်ကြီး စက်တင်ဘာ - ၃၀

   အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ အဌဒိသာဓမ္မဝိဟာရ ကျောင်းတော်ကြီး သို့ စက်တင်ဘာ(၃၀)ရက် နံနက်(၉)နာရီက ကြွချီအပူဇော်ခံကြောင်း သိရသည်။ 

660

   အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားသည် ဖောင်တော်ဆိပ် ပြဿဒ်ဆောင်သို့ ကြွချီလာရာ ကရဝိတ်ဖောင်တော်ပေါ်မှ ဘော်ယာဉ်ပေါ်သို့ ပင့်ဆောင်ရာ ပထမကိုယ်ပွားတော်မြတ်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ် တို့က ပင့်ဆောင်၍ လည်းကောင်း၊ ဒုတိယကိုယ်ပွားတော်မြတ်ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးတို့က ပင့်ဆောင်၍လည်းကောင်း၊ တတိယ ကိုယ်ပွားတော်မြတ်ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူနှင့် ပြည်နယ်အဆင့်တာဝန်ရှိသူများ၊ စတုတ္ထကိုယ်စားတော်မြတ်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူတို့က အသီးသီးပင့်ဆောင်ကြသည်။

   ဆက်လက်၍ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားများ ဘော်ယာဉ်ဖြင့်ကြွချီရာ ဒေသခံ ပြည်သူများ၊ ဘုရားဖူးလာဧည့်ပရိတ်သတ်များက ဘော်ယာဉ်ကြိုးဆွဲ၍ ညောင်ရွှေမြို့တွင်းသို့ တစ်ပတ်လှည့်လည်အပူဇော်ခံကြောင်း သိရသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဖောင်တော်ပြန်ဧည့်ရိပ်သာသို့ ပြန်လည်ထွက်ခွာလာပြီး၊ အင်းသားရိုးရာလှေပြိုင်ပွဲ အမျိုးသား(၄၆) တက် အကြိုဗိုလ်လုပထမပွဲစဉ်အဖြစ် ကေလာကျေးရွာအသင်းနှင့် ဇရပ်ကြီးကျေးရွာအသင်း၊ အမျိုးသား(၄၆)တက် အကြိုဗိုလ်လု ဒုတိယပွဲစဉ်အဖြစ် ဝမ်းဘဲအင်းကျေးရွာအသင်းနှင့် ရေသာကုန်းကျေးရွာအသင်း၊ အမျိုးသားရာကျော်လှေ အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်အဖြစ် ကေလာ အုန်းပင်ကျေးရွာအသင်းနှင့် အိုင်ထောင့်ကြီးကျေးရွာအသင်း၊ ဒုတိယပွဲစဉ်အဖြစ် ရှေ့ဝကြီးကျေးရွာ အသင်းနှင့် မင်းချောင်းရှေ့ရွာအသင်း၊ အမျိုးသမီး(၂၆)တက် ဗိုလ်လုပွဲစဉ်တွင် အိုင်ထောင့်ကြီး ကျေးရွာအသင်းနှင့် မိုင်းသောက်ကျေးရွာအသင်း၊ တစ်ဦးချင်းလှေလှော်ပြိုင်ပွဲတွင် ပထမ/ဒုတိယ ပွဲစဉ်အဖြစ် ရွာသာကျေးရွာနှင့် အိုင်ထောင့်ကြီးကျေးရွာ အသင်းတို့ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးကြသည်။

661

   ၎င်းနောက် ဆုချီးမြှင့်ပွဲ ကျင်းပရာ အင်းသားရိုးရာ ဆွမ်းပို့လှေအဖွဲ့၊ လှေယာဉ်အဖွဲ့၊ ယဉ်ကျေးမှုအကအဖွဲ့တို့ကို ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသား (၄၆)တက်၊ ရာကျော်လှေ၊ တစ်ဦးချင်းလှေလှော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌတို့မှ ဆုချီးမြှင့်၍လည်းကောင်း၊ တစ်ဦးချင်းလှေလှော်ပြိုင်ပွဲတွင် ပထမ/ ဒုတိယဆုရရှိသူများကို ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့မှ ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသမီး(၂၆)တက်လှေလှော်ပြိုင်ပွဲတွင် ဒုတိယ/ပထမ ဆုရရှိသူများကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ဇနီး ဒေါ်အေးအေးဝင်းမှ ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသား(၄၆)တက် လှေလှော်ပြိုင်ပွဲတွင် ဒုတိယ/ပထမ ဆုရရှိသောအသင်းကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့မှ ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသားရာကျော်လှေလှော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသောအသင်းကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အေးဝင်းမှ ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသားရာကျော် လှေလှော် ပြိုင်ပွဲတွင် ပထမဆုရရှိသောအသင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ဆုများအသီးသီး ချီးမြှင့်ပေးကြသည်။

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊  တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူ တို့သည် ဖောင်တော်ပြန်ဧည့်ရိပ်သာမှ အဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီးသို့ ရောက်ရှိပြီး ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းများ ဆက်ကပ်ပူဇော်ကြကာ စံကျောင်းတော်ကြီးတွင် ဆရာတော် သံဃာတော်များမှ ဖောင်တော်ဦးမြတ်စွာဘုရားများအား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း နှင့် ရွှေသင်္ကန်း ဆက်ကပ်ပူဇော်ကြသည်။

   ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဖောင်တော်ဦး မြတ်စွာဘုရားများအား ရွှေသင်္ကန်းဆက်ကပ်ပူဇော်ကြပြီး၊ ဆရာတော်သံဃာတော်များကို ပူဇော် ကန်တော့၍ အလှူရှင် ဦးသန်းအောင် ဇနီးဒေါ်ခင်ယုဝေတို့မှ အလှူငွေကျပ်(၃၅)သိန်း ပေးအပ် လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ လက်ခံပေးပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 56 guests and no members online

Latest Updates