သတင်းများ

ရွှေဘုန်းပွင့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး

တောင်ကြီး   မတ်လ   ၇

 

053

 

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ၂၀၁၄ ခုနှစ်၊ ဒဿမအကြိမ်မြောက် ရွှေဘုန်းပွင့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဆီးမီး (၁၀၀၀)၊ ပန်း (၁၀၀၀) ဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ(၇)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

   အစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီ ဥက္ကဌ / အတွင်းရေးမှူးများမှ ဆွေးနွေးတင်ပြကြသည်။ 

 

   ၎င်းနောက် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးမှ ဆွေးနွေးတင်ပြချက်များအပေါ် ထမ်မံဖြည့်စွက်၍ ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။ အခမ်းအနားသို့ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

ပြည်နယ်လူမှုရေးဝန်ကြီး၊ တောင်ကြီးဆေးတက္ကသိုလ်၊ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး) ကွင်းဆင်းစစ်ဆေး

တောင်ကြီး    မတ်  ၁

 

052

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာသန်းထွဋ်ဦး လိုက်ပါလျက် မတ်လ (၁)ရက်၊ မွန်းလွဲ (၁)နာရီက တောင်ကြီးမြို့၊ သစ်တောဂိတ်အနီးရှိ ကုမ္ပဏီ (၈)ခုမှ တာဝန်ယူ၍ တည်ဆောက်လျက်ရှိသော တောင်ကြီးဆေးတက္ကသိုလ် တည်ဆောက်နေမှုကို သွားရောက် လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိ လုပ်ငန်းအင်ဂျင်နီယာများမှ ရှင်းလင်းကြသည်။

 

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ်ကျန်းမာရေးမှူးတို့သည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်၊ သစ်ပင်ထောင်ရွာ အနီးရှိ အောင်ချမ်းသာ ကုမ္ပဏီ၊ လပ်ကီးမြန်မာ ကုမ္ပဏီနှင့် Grand Rlory ကုမ္ပဏီ (၃)ခုမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး) တည်ဆောက်ရမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်အား/ကာမှူး ဦးထန်အိုက်နှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာများမှ လိုက်လံရှင်းလင်းကြကြောင်း သိရှိရသည်။

 

   အဆိုပါ တောင်ကြီးဆေးတက္ကသိုလ်ကို (၂၁.၁.၂၀၁၄)မှ စတင်၍ တည်ဆောက်ပြီး အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး) အဆောက်အဦးများကို (၁.၂.၂၀၁၄)မှ စတင်ဆောက်လုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တောင်ကြီး   ဖေဖော်ဝါရီ  ၂၇

 

047

 

   ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ(၂၇)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကား ပြောကြားသည်။

 

   ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ တရားရေးဆိုင်ရာ ဥပဒေကိစ္စရပ်များ ဆွေးနွေး၍ လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူမှ လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်သည်များကို ဆွေးနွေး၍ လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ ဥပဒေဆိုင်ရာကိစ္စရပ်များကို အသီးသီး ဆွေးနွေးမှာကြားကြသည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ပအိုဝ်း/ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒုတိယညွှန်ကြားရေးမှူးများ၊ တောင်ကြီး/လွိုင်လင်/လင်းခေးခရိုင် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်၊ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

တိုင်းရင်းမီဒီယာညီလာခံ မြန်မာတိုင်းရင်းမီဒီယာကွန်ယက် တည်ဆောက်ရေး အခမ်းအနားကျင်းပ

တောင်ကြီး မတ် ၄

 

051

 

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ တိုင်းရင်းမီဒီယာညီလာခံ မြန်မာတိုင်းရင်းမီဒီယာကွန်ယက် တည်ဆောက်ရေး ဖွင့်ပွဲအခမ်းအနားကို မတ်လ (၄)ရက်၊ နံနက် (၉)နာရီက တောင်ကြီးမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး တို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီးနောက် တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းရင်းသားသတင်း မီဒီယာအဖွဲ့များ၊ လူထုအကျိုးပြု အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ အသီးသီးမှ တာဝန်ခံများ၊ ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာသမားများနှင့် ရုပ်သံလိုင်းများ၊ တိုင်းရင်းမီဒီယာညီလာခံ မြန်မာတိုင်းရင်းမီဒီယာ ကွန်ယက် တည်ဆောက်ရေး၊ ဖြစ်မြောက်ရေး အဖွဲ့ဝင်များ စုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။ တက်ရောက်လာကြသော သတင်းမီဒီယာများသည် ဆက်လက်၍ အင်းလေးကန် သဘာဝပတ်ဝန်းကျင် လေ့လာခြင်းနှင့် ဟိုတယ်ဇုံ စီမံကိန်းသို့ အလည်အပတ် ခရီးစဉ်အဖြစ် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

   အဆိုပါ တိုင်းရင်းမီဒီယာ ညီလာခံကို မတ် (၄)ရက် မှ (၆) ရက်နေ့ အထိ (၃)ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ရုပ်သံနှင့် သတင်းမီဒီယာများ၊ သတင်းထောက်များ စုစုပေါင်း (၁၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ  ၂၁

 

045

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဖေဖော်ဝါရီလ (၂၁) ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရှမ်းပြည်နယ် (တောင်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်း)မှ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ ဂါရဝပြုနှုတ်ဆက်ကြသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ မှ အဖွင့်အမှာစကားပြောကြားပေးသည်။ ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရှမ်းပြည်နယ် လက်ထောက် အထွေထွေမန်နေဂျာ ဦးကျော်သက်မှ ရှမ်းပြည်နယ် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်း ကိစ္စရပ်များကို တင်ပြ၍ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လက်ထောက်အင်ဂျင်နီယာ ဦးမြင့်သောင်းမှ ရှမ်းပြည်နယ် (တောင်ပိုင်း) ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းကိစ္စရပ်များကိုလည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွဲဘက်ပြည်နယ်မန်နေဂျာ ဦးခင်မောင်မြင့်မှ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဆက်သွယ်ရေး ဆိုင်ရာလုပ်ငန်း ကိစ္စရပ်များကိုလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တွဲဘက်ပြည်နယ်မန်နေဂျာ ဦးအောင်ကြည်မြင့်မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို လည်းကောင်း အသီးသီး တင်ပြကြသည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

   အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း၊ အရှေ့ပိုင်း) မှ တွဲဘက်ပြည်နယ် မန်နေဂျာများနှင့် ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်များမှ တာဝန်ခံအင်ဂျင်နီယာများ၊ အရာရှိများ၊ ဌာနတာဝန်ခံများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

စည်ပင်သာယာရေးကော်မတီ ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး မတ်   ၃

 

050

 

   ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဒုတိယ(၆)လပတ် စည်ပင်သာယာရေး လုပ်ငန်းများနှင့် သားသတ်လုပ်ငန်းစနစ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ(၃)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာ စကားပြောကြားရာတွင် “ ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီ၏ ဒုတိယ(၆)လပတ် စည်ပင်သာယာရေးလုပ်ငန်းများနှင့် သားသတ်လုပ်ငန်းစနစ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ကြောင်း၊ စည်ပင်သာယာရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် ကော်မတီများ၊ ဌာနဆိုင်ရာများ ပါဝင်သည့်အတွက် နိုင်ငံတော်အစိုးရအနေနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်ချက်များ၊ မူဝါဒ ဆိုင်ရာလမ်းစဉ်၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ပြောကြားလိုကြောင်း၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မကြာသေးခင်ကာလမှ ရှမ်းပြည်နယ်တစ်ဝှမ်းလုံးတွင်ရှိသည့် မြို့နယ် အသီးသီး ဖွံ့ဖြိုးတိုးတက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ဖွဲ့စည်းထားသည့် ဝန်ကြီးများနှင့်အတူ မြို့နယ်များ အထိဆင်းပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများနှင့် မြို့နယ်အသီးသီးတွင် ဖွဲ့စည်းထားသည့် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊ ရပ်ကွက်/ကျေးရွာ အသီးသီးတွင်ဖွဲ့စည်းထားသည့် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊ ကော်မတီများအားလုံးကို ပြီးခဲ့သည့် ၂၀၁၃ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၄ခုနှစ် ဇန်နဝါရီလတွင် ကွင်းဆင်းဆောင်ရွက်သည့်အချိန်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ မူဝါဒများကို သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီ အသီးသီးသို့ မှာကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ လက်ရှိကာလသည် နိုင်ငံတော်၏ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီခေတ်သို့ ခေတ်ပြောင်း ရောက်ရှိနေပြီဖြစ်၍ နိုင်ငံတော်ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့သည် ပြုပြင် ပြောင်းလဲမှု မဟာဗျူဟာ  ( Reform Strategy) အရ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု (Political Reform) ကို ပထမဆုံးဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ခေတ်စနစ်တစ်ခုမှတစ်ခုသို့ ပြောင်းသည့်အချိန် တွင် ခိုင်မာသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံပြီး ပြောင်းလဲခဲ့သည့် (Political Reform) ကိုပြန်ကြည့်လျှင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး ထွက်ပေါ်လာသည့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးလုပ်ဆောင်မှုလုပ်ငန်းရပ်များသည်  ပထမအဆင့် (Political Reform) နှင့် ဒုတိယအဆင့်ဖြစ်သည့် (Economic Reform) သည် လူမှုစီးပွားဖွင့်ဖြိုးတိုးတက်မှုများကို စီမံကိန်းကော်မတီ များဖွဲ့ပြီး ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ (Development Plam) နှင့် ဆက်စပ်ပြီး ဘတ်ဂျက်များ စနစ်တကျ ရေးဆွဲ ဆောင်ရွက်ခဲ့သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ယူခဲ့သည့် (၃)နှစ်တာကာလအတွင်း နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှု ရာခိုင်နှုန်းသည် မျှော်မှန်းထားသည့် (၆.၉)ရာခိုင်နှုန်းအစား(၇.၅)ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါကြောင်းနှင့် ယင်းသည် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်ခဲ့သည့် ဒုတိယအဆင့် (Economical Reform) ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေးမူဝါဒလမ်းစဉ် များအပေါ် အဓိကနေရာမှ ဆောင်ရွက်နေသည့် စည်ပင်သာယာရေးကော်မတီများ စည်ပင်သာယာရေးဌာနများနှင့် ပက်သက်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေကို အတည်ပြု ပြဌာန်း ထားပြီးဖြစ်၍ ဥပဒေနှင့်အညီ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများကို ဖွဲ့စည်းပြီး စည်ပင်သာယာရေး လုပ်ငန်းများကို အများပြည်သူအတွက် ထင်သာမြင်သာဖြစ်စေရေး၊ လုပ်ငန်းများပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ စည်ပင် သာယာရေးကော်မတီလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီများ၊ ပြည်နယ်/မြို့နယ် စည်ပင်သာယာရေးကော်မတီများက သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာကော်မတီများ၏ လုပ်ငန်းတာဝန်များကို လေ့လာထားမှသာ လုပ်ငန်းတာဝန်များကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၁၈)ချက်၊ မြို့သန့်ရှင်းသာယာလှပရေး(၁၆)ချက်၊ အခါအားလျော်စွာ ထုတ်ပြန်ပေးထားသည့်အမိန့်၊ ညွှန်ကြားချက်များကို ကျေညက်အောင်လေ့လာပြီး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ကြိုးစားဆောင်ရွက် သွားကြရန်လည်းလိုအပ် ကြောင်း၊ ဌာနများ၏ ဝန်ထမ်းများကျွမ်းကျင်စွာ လုပ်ငန်းဆောင်ရွက်နိုင်ရန် အချိန်ရလျှင် ရသလို မွမ်းမံသင်တန်းများ ဖွင့်လှစ်ပြီး လေ့ကျင့်သက်ကြားပေးရမည်ဖြစ်ပြီး၊ ဌာနတွင်းစည်းလုံးညီညွတ်မှသာလျှင် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် ကော်မတီနှင့် ဌာနတွင်းစည်းလုံးညီညွတ်စွာ အလေးထား ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ” တိုက်တွန်းပြောကြားသွားသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလှဝင်း မှ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြ၍လည်းကောင်း၊ ရှမ်းပြည်နယ် ပြည်နယ်ဥပဒေချုပ်မှ စည်ပင်သာယာရေးလုပ်ငန်းများ၊ သားသတ်လုပ်ငန်းများနှင့် ပက်သက်၍ ဌာနပိုင်းဆိုင်ရာများ လမ်းညွှန်ဆွေးနွေးပေး၍လည်းကောင်း၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူးမှ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီများ၏ စည်ပင်သာယာရေး လုပ်ငန်းဆောင်ရွက်မှုများနှင့် သားသတ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေး တင်ပြ၍လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေး ဝန်ကြီးမှ ဖြည့်စွက် ရှင်းလင်းမှာကြား၍ လည်းကောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များမှ အထွေထွေဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးမှ ပြန်လည်ဖြေကြားကြသည်။

 

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ်အမှာစကား ပြောကြား ပေးပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့ မှ ဒုတိယညွှန်ကြားရေးမှူးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီများ၊ ပြည်နယ်/မြို့နယ်/မြို့နယ်ခွဲ စည်ပင် သာယာရေးဌာနမှ ဝန်ထမ်းများနှင့် တောင်ကြီး၊ကလော၊လားရှိုး၊မူဆယ်၊ကျိုင်းတုံ တာချီလိတ် မြို့နယ်များမှ သားသတ် လိုင်စင်စီများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

ပြည်နယ်စည်ပင်သာယာရေးကော်မတီ အကြိုလုပ်ငန်းညှိနှိုင်း

တောင်ကြီး ဖေဖော်ဝါရီ  ၂၁

 

046

 

   ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီအကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ(၂၁) ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ  ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီသို့ လုပ်ငန်းအမှာစကားပြောကြားရာတွင် “ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့အညီ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ ရှမ်းပြည်နယ်အတွင်း မြို့၊ရွာများ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိသော အခြေအနေကို ရှင်းလင်းပြောကြားလိုကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် ကျင်းပ ပြုလုပ်သည့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားတွင် ပြည်ထောင်စုအစိုးရအဖွဲ့တို့နှင့် လက်ရှိဆောင်ရွက်နေသည့် မူဝါဒများကို ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် နိုင်ငံတော်သမ္မတကြီး၏ အစိုးရအုပ်ချုပ်ရေးယန္တရားကို ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ဖော်ဆောင်ရေး (Good Governance) ၊ သန့်ရှင်းသောအစိုးရဖြစ်ရေး (Clean Government) တို့အတွက် လမ်းညွှန်မှာကြားခဲ့သည့် လမ်းညွှန်ချက်များနှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိပါကြောင်း    နိုင်ငံရေးအရပြုပြင်ပြောင်းလဲမှု၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်(၈)ရပ်အကောင်အထည်ဖော်ဆောင်မှုလုပ်ငန်းများ၊ ဘဏ္ဍာရေး ကော်မရှင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အပိုင်းများ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ အနေနဲ့ လုပ်ငန်းများဆောင်ရွက်ရာတွင်ဖြစ်စေ၊ ဥပဒေပြု လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်ဖြစ်စေ နိုင်ငံသားများ၏ အကျိုးစီးပွားများအား မထိခိုက်ရန် ကျင့်သုံးနိုင်ရေး ကူညီထိန်းကျောင်းပေးနိုင်ရန်အတွက် ရည်ရွယ်ပြီးဆောင်ရွက်ခြင်း စသည်တို့ဖြင့် အပိုင်းကြီး(၃)ပိုင်းနှင့် မူဝါဒဆိုင်ရာလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊  ရှမ်းပြည်နယစည်ပင်သာယာရေး ဥပဒေသည် ပြည်သူများနှင့်တိုက်ရိုက်ထိတွေ့ပြီး မြို့ပြ/ ကျေးလက် စည်ပင်ဖွံ့ဖြိုးတိုးတက်ရေး၊ အများပြည်သူ အကျိုးအတွက် နေထိုင်မှုလုပ်ကိုင်ဆောင်ရွက်မှုတို့ စနစ်တကျဖြစ်စေရေး၊ အဓိကကြီးကြပ်အုပ်ချုပ်သည့် ဥပဒေ ဖြစ်ပြီး ဒီမိုကရေစီခေတ်ဖြစ်သည့် ယနေ့ကာလတွင် အများပြည်သူအကျိုးအတွက် ပေါ်ပေါက်လာသည့် ဥပဒေ ဖြစ်ပါကြောင်း၊ တာဝန်ရှိသူအားလုံး ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေကို စေ့စေ့စပ်စပ်သေသေချာချာ ကျေညက်အောင်လေ့လာပြီး ဥပဒေနှင့်အညီ စည်ပင်သာယာရေးလုပ်ငန်းများကို ယခုနှစ်ထက်ပိုမိုကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီမှ မူဝါဒပိုင်းဆိုင်ရာကြီးကြပ် သည့် လုပ်ငန်း တာဝန်ယူဆောင်ရွက်သွားကြမည့် ပြည်သူကရွေးချယ်တင်မြောက်ထားသည့် မြို့မိမြို့ဖများ၊ ဝန်ထမ်းများ မဟုတ်သည့်နိုင်ငံသားများအနေဖြင့်လည်း ပြည်နယ်စည်ပင်သာယာရေးကော်မတီတာဝန်များကို တာဝန်ယူဆောင်ရွက်ကြသည့်အခါတွင် စည်ပင်သာယာရေးလုပ်ငန်းများကို အများပြည်သူအကျိုးအတွက် ကျယ်ကျယ်ပြန့်ပြန့် ကြီးကြပ်ဆောင်ရွက်သွားကြရန် စည်ပင်သာယာရေးဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ စည်းကမ်းများကို ကျေညက်အောင်လေ့လာပြီး သက်ဆိုင်ရာပြည်နယ်စည်ပင်သာယာရေး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် စည်ပင်သာယာရေးလုပ်ငန်းများ အဆင်ပြေအောင် ဆောင်ရွက်နိုင်ရေး အထူးအလေးထား ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ” ပြောကြားသွားသည်။

 

   ဆက်လက်၍ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ စည်ပင်သာယာရေးကော်မတီ ဥပဒေရေးရာများကို ရှင်းလင်း၍လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ ဦးကြွယ်ကြွယ်မှ တရားရေးကိစ္စရပ် များ နှင့်ပက်သပ်၍ ရှင်းလင်းဆွေးနွေး၍လည်းကောင်း၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးသိန်းမြင့်မှ စာရင်းဇယားများ နှင့်ပက်သက်၍လည်းကောင်း၊ ပြည်နယ်ရသုံးမှန်းခြေဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုခမ်းမှ ရသုံးမှန်းခြေ ကိစ္စရပ်များနှင့်ပက်သက်၍ အသီးသီးဆွေးနွေး ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး၊ ဥက္ကဋ္ဌနှင့်ဒုဥက္ကဋ္ဌများ ၊ အဖွဲ့ဝင်များ၊ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

ပဉ္စမအကြိမ်မြောက် တောင်ရိုးတိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှု စုံညီပွဲတော်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး

တောင်ကြီး မတ် ၂

 

049

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများသည် ကလောမြို့နယ်၊ ဘော်နင်းကျေးရွာ၌ ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် တောင်ရိုးတိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှု စုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

   အစီအစဉ်အရ ပဉ္စမအကြိမ်မြောက် တောင်ရိုးတိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှု စုံညီပွဲတော် မုခ်ဦးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးသောင်းရွှေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် စုံညီပွဲတော်ကျင်းပရာ စင်မြင့်ပေါ်၌ တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့များဖြစ်သည့် ဆူးပန်းအင်း တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ညောင်ပင်ခါးရှည်အဖွဲ့(၁) ဓနုစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ မြက်ဆက်မြောက် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအကအဖွဲ့၊ တောင်ကြီးနည်းပညာတက္ကသိုလ်မှ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအကအဖွဲ့၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ - ပိတ်ပွဲ အခမ်းအနားတွင် တောင်ရိုးတိုင်းရင်းသားများ ကိုယ်စားပြု ပါဝင်ကပြခဲ့သည့် အောင်ပန်းမှ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအကအဖွဲ့များက ကပြဖျော်ဖြေကြသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်မိန့်ခွန်း ပြောကြားသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးသောင်းရွှေ၊ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဌ ဦးကျော်ဆွေတို့က အသီးသီး ကျေးဇူးတင်စကား ပြောကြားကြသည်။ ယင်းနောက် ပွဲတော်ကျင်းပရေးကော်မတီသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွန့် မိသားစု လှူဒါန်းသည့် အလှူငွေကျပ် (၁၀)သိန်းကို ဦးစဝ်အောင်မြတ်မှ လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် အလှူငွေကျပ် (၁၀)သိန်းကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ လည်းကောင်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးသောင်းရွှေမှ လှူဒါန်းသည့် အလှူငွေကျပ် (၁၀)သိန်းနှင့် အလှူရှင်များမှ အလှူများ အသီးသီး ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဧည့်သည်တော်များက အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကြပြီး ပထမပိုင်း အခမ်းအနားအစီအစဉ်ကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဧည့်သည်တော်များသည် ဘော်နင်းကျေးရွာ ဘုန်းကြီးကျောင်းသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

ကိုရီးယားသမ္မတနိုင်ငံတော်၏ Know-hows လုပ်ငန်းစဉ်နှင့် နှစ်နိုင်ငံအတွေ့အကြုံများ ဖလှယ်၍ ပြည်သူလူထု အသိပညာပေးလှုပ်ရှားမှု မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောပွဲကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ  ၂၀

 

044

 

   ကိုရီးယားသမ္မတနိုင်ငံတော် Know-hows လုပ်ငန်းစဉ်နှင့် နှစ်နိုင်ငံအတွေ့အကြုံများ ဖလှယ်၍ ပြည်သူလူထု အသိပညာပေးလုပ်ရှားမှု မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ (၂၀)ရက် နံနက် (၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကားပြောကြားရာတွင် “ လက်ရှိနိုင်ငံတော်အစိုးရ၏ မြန်မာနိုင်ငံတွင် မူးယစ် ဆေးဝါးပပျောက်ရေး ဆောင်ရွက်မှုများကို ခေတ်အဆက်ဆက်အစိုးရများမှ နည်းလမ်းမျိုးစုံနှင့် ကိုယ်ပိုင် စွမ်းအားအရင်းအမြစ်များအပေါ် အခြေခံလျက်ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် မူးယစ် ဆေးဝါးပပျောက်ရေးအတွက် (၁၉၉၉)ခုနှစ်မှ စတင်၍ (၁၅)နှစ်စီမံကိန်းချမှတ်ကာ မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်တားဆီးရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းကြီးအောင်မြင်စေရန်အတွက် မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ နည်းနာနိဿယ (၃)ရပ်ကို ချမှတ်ခဲ့ပါကြောင်း၊ နည်းဗျူဟာ(၃)ရပ်ဖြစ်သော ထုတ်လုပ်မှုပပျောက်ရေး၊ သုံးဆွဲမှုပပျောက်ရေး၊ တားဆီး နှိမ်နှင်းရေးလုပ်ငန်းများကို တာဝန်ရှိတဲ့ အဖွဲ့အစည်းများက ပူးပေါင်းပြီး ထိရောက်စွာဆောင်ရွက်လျက် ရှိပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိနားလည်ပြီး မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှု မရှိစေရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေးနှင့် မူးယစ်ဆေးဝါး စိုက်ပျိုး၊ထုတ်လုပ်၊သုံးစွဲသူတွေရဲ့ ယုံကြည်ချက်၊ ခံယူချက်၊ စိတ်ဓါတ်များ မြင့်မားတိုးတက်ရေး အတွက် အမျိုးသားတာဝန်ဟု သိရှိနားလည်ခံယူကာ လူတိုင်းပူးပေါင်း ပါဝင်ပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် နိုင်ရန်အတွက် မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးပြဿနာနှင့်ပက်သက်ပြီး ဘိန်းစိုက်ပျိုးနေမှုပြသနာကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ အခြားတစ်ဖက်ကလည်း စိတ်ကြွရူးသွပ်ဆေးပြား ပြဿနာသည် ဒေသအတွင်းကြီးထွားလာသလို မြန်မာနိုင်ငံမှာလည်း အသစ်ထွက်ပေါ်လာသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ပြဿနာကို ရင်ဆိုင်ဖြေရှင်းနေရပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးကို ရှမ်းပြည်နယ် အစိုးရအနေဖြင့် ပြည်နယ်/ခရိုင်/မြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့များဖြင့် ဖွဲ့စည်းတာဝန်ပေးပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအနေနဲ့ (၂၀၁၄) ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့်ပက်သက်၍ တားဆီးနှိမ်နှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် တွန်းအားပေးဆောင်ရွက်နေပြီး၊ လိုအပ်သည်များကိုလည်း ကူညီပံ့ပိုး ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း ကျွန်ုပ်တို့နှင့်အတူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ မူးယစ် ဆေးဝါးပပျောက်ရေးကို အမြစ်ပြတ်ဆောင်ရွက်နိုင်ရန် (၂၀၁၉)ခုနှစ်အထိ နောက်ထပ်(၅)နှစ်တိုးမြှင့် သတ်မှတ်၍ စီမံကိန်းချမှတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ပပျောက်ရေးကို ဆောင်ရွက်ရာတွင် နိုင်ငံတကာ၏ ထိရောက်သောပံ့ပိုးကူညီမှု၊ ပြည်သူလူထု၏ တက်ကြွသော ပူးပေါင်း ပါဝင်ဆောင်ရွက်မှုသည် အဓိကအရေးကြီးပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး အတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်ဆံဆောင်ရွက်လျက်ရှိပါကြောင်း” ပြောကြားသွားသည်။

 

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ခန်းမအတွင်း ပြသထားသော မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးနှင့် ပက်သက်သည့် ပညာပေးပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးကြသည်။

 

   ထို့နောက် အခမ်းအနားအစီအစဉ်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးရေးနှိမ်နှင်းရေးဌာနမှူး ရဲမှူးကြီးမြင့်ဦးမှ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲကျင်းပရသည့် အကြောင်းအရင်းအား ဟောပြော၍လည်းကောင်း၊ ကျန်းမာရေးဦးစီးဌာန၊ တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံ စိတ်အထူးကုဆရာဝန် ဒေါ်ဝါဝါဝင်းမှ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၂၅)၊ တပ်ဖွဲ့စုမှူး၊ ရဲမှူးစောလေးဝါးမှ ပညာပေးဟောပြောကြသည်။

 

   ယင်းနောက် ဟောပြောပွဲနှင့်ပက်သက်သည့် မေးခွန်း(၁၅)ခုကို အခမ်းအနားတက်ရောက်လာသည့် သူများအား မေးမြန်းဖြေကြားစေပြီး၊ ဆုရရှိသူများကို ဆုမဲပေါင်း(၅၆)ဆုကို တာဝန်ရှိသူအကြီးအကဲများက ဆုများပေးအပ်ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ကိုရီးယားနိုင်ငံ Knows-hows မှ Ji-Ho, Cho နှင့်အဖွဲ့များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကြီးတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထုများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

တောင်ကြီးမြို့၊ ရေထွက်ဦး၌ GSM ရေဒီယိုစခန်း တာဝါဖောင်ဒေးရှင်း ပန္နက်တင်မင်္ဂလာ ကျင်းပ

တောင်ကြီး   ဖေဖော်ဝါရီ   ၂၇

 

048

 

   ရှမ်းပြည်နယ်(တောင်ပိုင်း) အများပြည်သူများ တယ်လီဖုန်းများ ဆက်သွယ်မှု လွယ်ကူချောမွေ့စေရန်အတွက် တောင်ကြီးမြို့၊ ရေထွက်ဦး၌ GSM ရေဒီယိုစခန်း တာဝါဖောင်ဒေးရှင်း ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ဖေဖော်ဝါရီ (၂၇)ရက်၊ နံနက် (၁ဝ)နာရီက ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်နယ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ East Boy ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

   ပထမဦးစွာ ပြည်နယ်မန်နေဂျာ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  GSM စခန်းများ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြီး၊ East Boy ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးညီသူရက GSM စခန်းများတွင် ထားရှိမည့် စက်ပစ္စည်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

 

   ဆက်လက်၍ ပန္နက်တင်မင်္ဂလာ အခမ်းအနားဆောင်ရွက်ရာ နေရာအမှတ် (၁)တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ နေရာအမှတ် (၂)တွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ နေရာအမှတ် (၃)တွင် East Boy ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးညီသူရတို့က အသီးသီး နေရာယူကြပြီး၊ မင်္ဂလာအချိန်ကျရောက်သောအခါ ပန္နက်များကို ရိုက်ပေးကြကာ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးပြီး၊ ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေး၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

 

အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ တွေ့ဆုံ ရှင်းလင်းဆွေးနွေး

တောင်ကြီး   ဖေဖော်ဝါရီ   ၁၉

 

043

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းမှ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းဟန်နှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ(၁၉)ရက်၊ မွန်းလွဲ(၂)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ တွေ့ဆုံ ရှင်းလင်းကြသည်။

 

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းဟန်မှ အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ စက်ရုံများကို မေ၊ ဇွန်လတွင် လျှပ်စစ်ဓါတ်အားများ လည်ပတ်နိုင်မည် ဖြစ်ကြောင်း၊ ဘေးပတ်ဝန်းကျင်ရှိ လူနေအိမ်များကိုလည်း လျော်ကြေးများ ပေးလျော်ပြီးကြောင်း၊ ဘုန်းကြီးကြောင်း၊ စာသင်ကျောင်း၊ လူနေအိမ်များကိုလည်း ဆောက်လုပ်ပေးပြီးကြောင်း ဆွေးနွေးသွားသည်။

 

   ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်မှ အိမ်ယာမြေ ပြောင်းရွှေ့ရေးကိစ္စနှင့် ပတ်သက်၍ ပြောင်းရွှေ့ခံရသည့် (၂၂)ရွာကို ဒေသခံများက ဘုန်းကြီးကျောင်းနှင့် အနီးစပ်ဆုံးနေရာတွင် ချပေးရန်၊ ဒေသခံများက ဆရာတော်ကြီးများ၏ ဝေယျာဝေစ္စများကို ပြုလုပ်ပေးနိုင်မည် ဖြစ်ကြောင်း၊ ဒေသခံများကလည်း တစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးရန် ရှင်းလင်း ဆွေးနွေးသွားသည်။

 

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ လိုအပ်သည်များကို ပြန်လည်ဖြည့်ဆည်း ပြောကြား ဆွေးနွေးသွားကြောင်း သိရှိရသည်။

 

More Articles...

  1. ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Taunggyi Highway Bus Terminal & Logistic Warehouse ကုမ္မဏီအဖွဲ့နှင့် တွေ့ဆုံ
  2. (၁၆)ကြိမ်မြောက် တောင်ကြီးပညာရေးကောလိပ် ဆရာအတတ်ပညာ ဒီပလိုမာ/လက်မှတ်ပေးအပ်
  3. ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်သောအဖွဲ့မှ အခမဲ့ ကျန်းမာရေး ကွင်းဆင်းစောင့်ရှောက်ပေးခဲ့မှု ခရီးစဉ်
  4. မြန်မာသက္ကရာဇ် ၁၃၇၅ခုနှစ်၊ ၂၀၁၄ခုနှစ် ၊တောင်ကြီးမြို့ အဋ္ဌမကြိမ်မြောက် မြန့်မာရိုးရာ ထမနဲထိုးပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
  5. ပြည်မ-တောင်တန်း ပူးပေါင်းရေး ပင်လုံကျောက်တိုင် ပန်းခြံအဆင့်မြှင့်တင်ခြင်းဖွင့်ပွဲ ကျင်းပ
  6. (၆၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ
  7. ပညာရေးကဏ္ဍမြင့်မားရေးအတွက် မြို့နယ်ပညာရေးမှူးများနှင့် မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီများသို့ ပေါင်းစပ်ညှိနှိုင်း တာဝန်ပေးအပ်ခြင်း ကျင်းပ
  8. ပညာရေးကဏ္ဍမြင့်မားရေးအတွက် တွေ့ဆုံညှိနှိုင်းပွဲ ကျင်းပ
  9. ( ၆၇ ) နှစ်မြောက် ရှမ်းပြည်နယ်နေ့ တောင်ကြီးမြို့၌ ကျင်းပ
  10. ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တောင်ကြီးမြို့ ခရီးစဉ်

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 83 guests and no members online