သတင်းများ

(၂၀၁၃-၂၀၁၄) ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား၊ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး    ဇူလိုင်    ၁၀

593

   ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ် စည်ပင်သာယာရေးကော်မတီဝင်များနှင့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ နှင့်အတူ ဇူလိုင်(၁၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ (၂၀၁၃-၂၀၁၄)ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြ ကြောင်းသိရသည်။

   ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ထောက်ပံ့ငွေနှင့် ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီ ထောက်ပံ့ငွေတို့ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ဘာသာပေါင်းစုံ သုဿန်လမ်းသို့ ရောက်ရှိစစ်ဆေးခဲ့ရာ သုဿန်သွားလမ်းသည် ဝါးပြားလမ်းဆုံမှ မီးသဂြိုလ်စက်အထိ အရှည်(၂.၅)မိုင်ရှိပြီး မူလလမ်းအကျယ်(၁၂ ပေ)ရှိ၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ သုဿန်သွားလမ်း တိုးချဲ့ခြင်းလုပ်ငန်းအား အပိုင်း(၂)ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ ကြောင်း၊ ပထမပိုင်းတွင် ဝါးပြားလမ်းဆုံမှ အောင်အပ်နှံကုန်းဆင်းအထိ အရှည်(၁မိုင်)ရှိသောလမ်းအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ထောက်ပံ့ငွေဖြင့် လမ်းအကျယ်(၁၆ ပေ)တိုးချဲ့ခြင်းနှင့် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ရာ လုပ်ငန်းတန်ဖိုးကျပ်(၆၆၉.၆၅)သိန်းနှင့် ပြည်နယ် အရံကတ္တရာမှ ထောက်ပံ့ပေးခဲ့သည့် ကတ္တရာ(၃၂တန်) တန်ဖိုးကျပ်(၂၃၀.၄)သိန်း စုစုပေါင်းကျပ် (၉၀၀.၀၅)သိန်း အကုန်ကျခံဆောင်ရွက်ခဲ့ပြီး၊ ဒုတိယပိုင်းအဖြစ် အောင်အပ်နှံကုန်းဆင်းမှ မီးဂြိုလ်စက်အထိ အရှည်(၁.၅)မိုင် ရှိသောအပိုင်းအား ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီမှ ထောက်ပံ့ငွေကျပ်(၁၁၀၁.၀၈)သိန်းနှင့်ဌာနမှ ဘတ်ဂျတ်ခွင့်ပြုငွေ(၂၇၈.၃၆)သိန်း စုစုပေါင်းကျပ် (၁၃၇၉.၄၄)သိန်းဖြင့် ဆောင်ရွက်ခဲ့ပြီး၊ ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများမှာ လမ်းအကျယ်တိုးချဲ့ခြင်းလုပ်ငန်း ကျပ်(၆၀၄.၁၄)သိန်း၊ ကျောက်ချောလမ်း တိုးချဲ့ခင်းခြင်းလုပ်ငန်းကျပ်(၃၁၃.၉၄)သိန်း၊ တံတား(၇)စင်း တည်ဆောက်ခြင်း လုပ်ငန်းကျပ်(၁၈၃)သိန်းတို့ဖြစ်၍ စုစုပေါင်းကျပ်(၁၁၀၁.၀၈)သိန်း ဖြစ်ပြီး၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန ဘတ်ဂျတ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းမှာ လမ်းအကျယ် တိုးချဲ့ခြင်းလုပ်ငန်းတွင် ကျပ်(၂၇၈.၃၆)သိန်း သုံးစွဲခဲ့ကြောင်းသိရသည်။

   ဆက်လက်၍ (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ်တွင် ဘာသာပေါင်းစုံ သုဿန်သွားလမ်းတွင် ဆောင်ရွက်ရန်ကျန်ရှိသော လုပ်ငန်းများမှာ အောင်အပ်နှံကုန်းဆင်းမှ မီးသဂြိုလ်စက်အထိ ကျောက်ချောလမ်း တိုးချဲ့ပြီးဖြစ်သော အရှည်(၁.၅)မိုင် အကျယ်(၂၀ ပေ)အား ကတ္တရာလမ်း တိုးချဲ့ခင်းကျင်း လုပ်ငန်းကျပ် (၁၃၁၃.၅၄)သိန်းနှင့် တံတားဟောင်း(၃)စင်း ပြုပြင်ခြင်း လုပ်ငန်း ကျပ်(၁၃၀.၇၆)သိန်း စုစုပေါင်းကျပ်(၁၄၄၄.၃၀)သိန်းဖြစ်ပြီး၊ လုပ်ငန်းများအား (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ်တွင် ဆောင်ရွက်ရန် လျာထားပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီမှ ထောက်ပံ့ငွေကျပ်(၉၆၉.၃၄)သိန်းဖြင့် ဆောင်ရွက်ခဲ့သော မီးသဂြိုလ်စက်အသစ် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် စတင်သုံးစွဲနေမှု အခြေ အနေအား ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးနှင့် အဖွဲ့တို့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထို့နောက် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ(၂၀၁၃-၂၀၁၄)ခု ဘဏ္ဍာရေးနှစ် အတွင်း ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီနှင့် ဘာသာပေါင်းစုံ သုဿန်သွားလမ်း လုပ်ငန်း၊ မီးသဂြိုလ်စက်လုပ်ငန်းများအတွက် ထောက်ပံ့ငွေစုစုပေါင်းကျပ်(၂၃၀၀.၈၂)သိန်းရရှိခဲ့ပြီး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက် ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း၊ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးနှင့် အဖွဲ့သည်(၂၀၁၀)ခုနှစ် ကမ္ဘောဇဘဏ်လီမီတက်မှ လှူဒါန်းငွေဖြင့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ခဲ့သော ဘာသာပေါင်းစုံ သုဿန် ရေခဲတိုက်နှင့် မြို့သာယာလှပရေးလုပ်ငန်းများအတွက် ဗိုလ်ချုပ်ပန်းခြံအတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ Taunggyi Shopping Center  တည်ဆောက်ရေးလုပ်ငန်းခွင်တွင် သီဟဖွံ့ဖြိုးရေးကုမ္ပဏီမှ ပြုလုပ်သော စီမံကိန်းအစည်းအဝေးသို့ တက်ရောက်၍ စီမံကိန်း မန်နေဂျာ ဇော်လင်းအောင်နှင့်ကုမ္ပဏီမှ စီမံကိန်း အတိုင်ပင်ခံ အင်ဂျင်နီယာ ဦးစောထွေးဇော်တို့၏ ရှင်းလင်းတင်ပြမှုများအား ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးမှ ပြန်လည်ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဟိုပန်မြို့နယ်ခရီစဉ်သတင်း

တောင်ကြီး   ဇူလှိုင် - ၁၈

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်သည် အဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ လိုက်ပါလျှက် ဇူလှိုင်(၁၈)နေ့တွင် 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့သို့ရောက်ရှိပြီး ၁၃၅၀ချိန်တွင် မြို့တော်ခန်းမ၌ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု Third Wave လုပ်ငန်းစဉ်များဆွေးနွေး ကျင်းပခဲ့သည်။ ဟိုပန်မြို့နယ်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ဟိုပန်ခရိုင်အတွင်းရှိ 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခရိုင်/ မြို့နယ်အဆင့် စီးမံခန့်ခွဲမှုကော်မတီဝင်များ၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဖွံ့ဖြိုးမှု အထောက်အကူပြု ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ဝန်ကြီးချုပ်မှ ယနေ့ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နေမှုအခြေအနေ၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် နေမှုအခြေအနေ၊ နိုင်ငံတော်တည်ငြိမ်မှုနှင့် ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံမှုအတွက် နိုင်ငံရေးတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည့် အခြေအနေ၊ စီးပွားရေးလူမှုရေး ပြုပြင်ပြောင်းလဲ မှုများကို အခြေခံမူဘောင်နှင့် အညီဆောင်ရွက်ရန်လိုသည့် အခြေအနေ၊ ဘဏ္ဍာရေးနှင့် အခွန်စနစ် များပြုပြင်ပြောင်းလဲမှုနှင့် ငွေကြေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အခြေအနေနှင့် နိုင်ငံတော်၏ လူမူဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များကို အကောင်အထည်ဖော်ရန် ဦးစားပေး လုပ်ငန်းစဉ် (၇)ရပ်ကို ချမှတ် ဆောင်ရွက်လျှက်ရှိကြောင်း၊ လျှပ်စစ်မီးနှင့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်ရာတွင် မြို့နယ်များကို ဦးစာပေး အစီအစဉ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

   ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့် လိုက်ပါလာသောပြည်နယ်ဝန်ကြီးများမှလည်း ၎င်းတို့နှင့် သက်ဆိုင်သော လုပ်ငန်းရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။ ဆွေးနွေးပွဲတွင် 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ အတွင်းရေးမှူးဦးမျိုးအောင်မှ ဒေသဖွံ့ဖြိုးမှု လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို တင်ပြဆွေးနွေးပါသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အစည်းအဝေးကို (၁၅၀၀)ချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်၍ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့သို့ ထွက်ခွာခဲ့ပြီးညအိပ်ရပ်နားခဲ့ကြောင်း သတင်း ရရှိပါသည်။

 

ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ မြို့တော်ခန်းမ ဆောက်လုပ်မည့် မြေနေရာ ကြည့်ရှု၍ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် သစ်ပင်စိုက်ပျိုးပေး

 

588

တောင်ကြီး   ဇူလိုင်    ၁၆

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူတို့နှင့်အတူ ဇူလိုင်(၁၆)ရက် နံနက်(၈)နာရီခွဲက ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် မြို့တော်ခန်းမ တည်ဆောက်မည့် မြေနေရာအား ကြည့်ရှု စစ်ဆေးရာ FUTUER MOON ကုမ္ပဏီမှ ဦးအောင်နိုင်ရင်က မြို့တော်ခန်းမ ဆောက်လုပ်ခြင်း လုပ်ငန်းစီမံချက်နှင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းရာ ပြည်နယ် ဝန်ကြီးချုပ်မှ လိုအပ် သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူတို့သည်၊ ပင်းတယမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်း ကျောင်း၌ သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ် ဝန်ကြီးချုပ်မှ ပျိုးပင်များ ပေးအပ်ရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကို၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အမျိုး သမီးရေးရာအဖွဲ့ ဥက္ကဌ၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီ ဥက္ကဌ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌတို့က ပျိုးပင်များကို အသီးသီးလက်ခံရယူကြသည်။

ထို့နောက် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ ပျိုးပင်များ ပေးအပ်ရာ ဓနုစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဌ၊ ရွှေဓနု ကိုယ့်အားကိုယ်ကိုး ဝန်ဆောင်မှုအဖွဲ့ ဥက္ကဌ၊ ပွေးလှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး အသင်းဥက္ကဌတို့က ပျိုးပင်များကို အသီးသီးလက်ခံရယူ၍ လည်းကောင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကိုမှ ပျိုးပင်များ ပေးအပ်ရာ မြို့နယ် ပညာရေးမှူး၊ မြို့နယ် ကျန်းမာရေး ဦးစီးမှူး၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးတို့က ပျိုးပင်များကို အသီးသီးလက်ခံရယူကြသည်။

၎င်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူတို့သည် သစ်ပင်များ ကို စိုက်ပျိုးပေးကြပြီး၊ မြို့နယ် အဆင့် ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများ သစ်ပင်စိုက်ပျိုး ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြ၍ သစ်ပင်စိုက်ပျိုးပွဲတွင် ခါတော်မှီ၊ ချယ်ရီ၊ မယ်ဇလီ၊ ယူကလစ်၊ ကျွန်း စုစုပေါင်း(၄၅၀)ပင် စိုက်ပျိုးပေးကြကြောင်းသိရသည်။

ယင်းနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်မှ ကြီးမှူး၍ ပြည်နယ် ဝန်ကြီးများ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပင်းတယမြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ စုပေါင်းပြုလုပ်သည့် တတိယအကြိမ်မြောက် စုပေါင်း ဝါဆိုကင်္ကန်းကပ်လှူပူဇော်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က တက်ရောက်ကြသည်။

အခမ်းအနားတွင် နမော တဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ မြို့နယ် သံဃာနာယကအဖွဲ့ ဥက္ကဌ ရွာငယ်ကျောင်းဆရာတော် အရှင်ဘုရားထံမှ ငါးပါးသီလ ဆောက်တည်ကြ၍ ဆရာတော် သံဃာတော်များမှ ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္စျာယ် ပေးတော်မူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး၊ မြို့နယ် သံဃာနာယကအဖွဲ့ ဥက္ကဌ ရွာငယ်ကျောင်းဆရာတော် အရှင်ဘုရားမှ ဝါဆို သင်္ကန်းအကျိုးတရား ချီးမြှင့်ပေး၍ ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌာတု(၃)ကြိမ် ရွတ်ဆို၍ ရုတ်သိမ်းလိုက်ပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ပေးကြကြောင်းသိရသည်။

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ပုန်းတလုတ်ရေကန် သာယာလှပရေး ဆောင်ရွက် ထားရှိမှုအား ကြည့်ရှုရာ၊ မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာတွင် ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ၊ ရွှေဥမင်ဘုရားတွင် ဆုလာဒ်ရွှေပြည် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မြင်ကွင်းကျယ် ဓာတ်လှေကား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းကြပြီး၊ ပြည်နယ် ဝန်ကြီးချုပ်မှ လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြား၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် လှိုဏ်ဂူတော်အတွင်း ဘုရားတွင် ပန်း၊ ဆီမီး၊ ရေချမ်း၊ ရွှေသင်္ကန်းတို့ဖြင့် ဆက်ကပ်လှူဒါန်းကြကြောင်းသိရှိရသည်။

            မောင်မောင်သန်း(တောင်ကြီး)

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တောင်ကြီး   ဇူလိုင်   ၂၂

592

   ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက ကဏ္ဍမှ သစ်တောစိုက်ခင်းများ၊ နိုင်ငံပိုင် ကဏ္ဍမှ သစ်တောစိုက်ခင်းများ စိုက်ပျိုးရန်လျာထားလျက်ရှိရာ ကျေးလက် ထင်းစိုက်ခင်းများထူထောင်ရေး စီမံကိန်း အစရှိသဖြင့် သစ်ပင်စိုက်ပျိုးရေးကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးသွားကြရန် ရည်ရွယ်ချက်ဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ကြီးမှူးကျင်းပသော ဟိုပုံးမြို့၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ဇူလိုင်(၂၂)ရက် နံနက်(၈)နာရီခွဲက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးသစ်ရှေ့၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ကမ္ဘာပေါ်တွင် လူဦးရေ တိုးပွားလာမှု၊ ဆင်းရဲနွမ်းပါးမှု သစ်တောများခုတ်ထွင်ပြီး စိုက်ပျိုးမြေများကို စဉ်ဆက်မပြတ် တိုးချဲ့လာမှုကြောင့် သဘာဝပတ်ဝန်းကျင်အခြေအနေများ ယိုယွင်းပျက်စီးလာပြီး သစ်တော ပြုန်းတီးခြင်း၊ သဲကန္တာရဖြစ်ထွန်းခြင်း၊ လေထုညစ်ညမ်းခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်းကို ကမ္ဘာ့ နိုင်ငံအားလုံး ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ သဘာဝရေကန်၊ ရေထွက်များ ခမ်းခြောက်လာခြင်း ကို လက်တွေ့မြင်တွေ့ရမှာဖြစ်ကြောင်း၊ သဘာဝရေသယံဇာတတွေ ရေရှည်တည်တံ့ရန်အတွက် သစ်ပင်များက အဓိကထိန်းသိမ်းပေးရကြောင်း၊ သဘာဝတောတွေကို ထိန်းသိမ်းဖို့လိုအပ်သလို ပြန်လည်စိုက်ပျိုးဖို့ လိုအပ်သည့်နေရာတွင် သစ်ပင်များအစားထိုးစိုက်ပျိုးပေးရန်လိုအပ်ကြောင်း၊ အနာဂါတ်အတွက် ကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင် နှင့် သဘာဝ အရင်းအမြစ်များရရှိစေရန် အတွက် သစ်ပင်စိုက်ပွဲအတွက် သစ်ပင်များကို တစ်ပျော်တစ်ပါး စိုက်ပျိုးကြစေလိုကြောင်း ပြောကြားသည်။ 

   ဆက်လက်၍ ရှမ်းပြည်နယ်တရာလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က စိုက်ပျိုးမည့် ပျိုးပင်များပေးအပ်ရာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များက လက်ခံရယူကြသည်။

   ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဒေသဦးစီးဥက္ကဌတို့က သတ်မှတ်နေရာများတွင် နှစ်ရှည်ပင်များ အရိပ်ရလေကာပင်များကို စိုက်ပျိုးပေးကြပြီး၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေး ကြသည်။

   ယခုမိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ၌ အော်ရီးရှား၊ ချယ်ရီ၊ ထင်းရှူး၊ ကျွန်း၊ယူကလစ်၊ ထောပတ်၊ ပနားမားငု၊ စိန်းပန်းပြာ၊ မယ်ဇလီ၊ ရေသင်းဝင်၊ သရက်၊ ခါတော်မှီနှင့် ရေတမာပင် စုစုပေါင်း(၃၁၂၆)ပင် စိုက်ပျိုးခဲ့ကြကြောင်းသိရှိရသည်။

   မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ရှမ်းပြည်နယ် လွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်ဇနီး၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့်ဇနီး၊ ဒေသဦးစီး ဥက္ကဌနှင့်ဇနီး၊ ဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်းအင်အား(၁၀၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရှိရသည်။

   ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ၊ ပြည်နယ် စီမံကိန်း ညွှန်ကြားရေးမှူးတို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံကိန်းဦးစီးရုံး ပန္နက်တင် အခမ်းအနားကို တက်ရောက်ပြီး မင်္ဂလာအချိန်ကျရောက်သည့်အခါ သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့် ပြည်နယ်စီမံကိန်း ညွှန်ကြားရေးမှူးတို့က ပန္နက်ရိုက်ပေးကြပြီး အမွှေးနံ့သာရေများ ပက်ဖြန်းပေးကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပေးခဲ့သည်။

   အဆိုပါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံကိန်းဦးစီးရုံး အဆောက်အဦးမှာ(RC)နှစ်ထပ် ဖြစ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် Zaw & Tun ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ပြီး ခန့်မှန်းကုန်ကျငွေမှာ (၁၄၈)သန်းရှိကြောင်း သိရှိရသည်။

                                                                                                                                                                             နန်းဦးခမ်း(ဟိုပုံး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဖလားခရိုင်ပေါင်းစုံအသက်(၂၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

587

တောင်ကြီး   ဇူလှိုင် - ၁၅

၂၀၁၄ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဖလား၊ ခရိုင်ပေါင်းစုံအသင်း(၂၀)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့် ပွဲကို ဇူလှိုင် (၁၅)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ တို့သည် ဗိုလ်လုပွဲအဖြစ် တောင်ကြီးခရိုင်အသင်းနှင့် တာချီလိတ်ခရိုင်အသင်းတို့ ဘောလုံး ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးရာ အချိန်ပို ဒုတိယပိုင်းတွင် တောင်ကြီးခရိုင်အသင်းမှ (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

ဆက်လက်၍ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပေးရာ အကောင်းဆုံး ဂိုးသမားဆုရ တာချီလိတ်ခရိုင်၊ အကောင်းဆုံးနောက်တန်း အားကစားသမားဆုရ တောင်ကြီးခရိုင်၊ အကောင်းဆုံး အလယ်တန်းအားကစားသမားဆုရ တာချီလိတ်ခရိုင်၊ အကောင်းဆုံးရှေ့တန်းဆုရ တာချီလိတ်ခရိုင်၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမား ဆုရ ကျိုင်းတုံခရိုင် တို့ကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့က ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ အသန့်ရှင်းဆုံးဆုဖလားရရှိသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်းအား ဆုဖလားနှင့် ငွေသား(၃)သိန်းတို့ကို ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ ဒုတိယဆု ရရှိသော တာချီလိတ်ခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၁၀)သိန်းတို့ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူမှ ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၁၅)သိန်း၊ ဆင့်ပွားဖလားတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်မှ ဆုများချီးမြှင့်ပေးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစား ဝါသနာရှင်များတက်ရောက် ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၏ ရုံးအမိန့်အစာအားပြန်လည်ပယ်ဖျက်ပေးရန် တောင်နီကျေးရွာမှ ဒေသခံပြည်သူများ ဆန္ဒပြတောင်းဆို

 

591

 

တောင်ကြီး   ဇူလှိုင် - ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာရှိ မိုင်းသော်အရှေ့၊ အုပ်ချုပ်ရေးမှူး ဦးလှသော်အား ပြန်လည်တာဝန်ပေးရေးနှင့် တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန၏ (၁၂.၆.၂၀၁၄)ရက်စွဲပါ ရုံးအမိန့်စာအား ပြန်လည်ပယ်ဖျက်ရေး၊ တောင်နီကျေးရွာ ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးမြအောင်အားတာဝန်မှ ဖြုတ်ချပေးရေး၊ မိုင်းသော်အရှေ့ ကိုယ်ထူကိုယ်ထလျှပ်စစ်မီးကော်မတီ ဥက္ကဌဦးလှသော်မှ အလွှဲသုံးစားပြုထားခြင်း မရှိကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စွပ်စွဲချက် အမိန့်စာအား အမြန်ဆုံးဖျက်သိမ်းပေးရန်အတွက် တောင်နီ ကျေးရွာရှိဒေသခံပြည်သူများသည် ဇူလှိုင်(၂၁)နံနက် (၉)နာရီက တောင်ကြီးမြို့၊ မြို့အဝင်မြေပုံသို့ မော်တော်ယာဉ် (၁၀)စီးဖြင့် ရောက်ရှိလာကာ အနောက်မြို့ပတ်လမ်းအတိုင်း ညောင်ဖြူစခန်းရှိ ပတ္တမြားဆေးရုံးရှေ့လမ်းနှင့် ဗိုလ်ချုပ်လမ်းမကြီးကို ဖြတ်ကူး၍ မြင်းစီးရုပ်ထုမှ အရှေ့မြို့ပတ်လမ်းအတိုင်း မော်တော်ယာဉ်ဖြင့် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းအပြင်ဘက်ရှေ့တွင် စုရပ်ပြုလုပ်စတင်ထွက်ခွာရာ ဘုရင့်နောင်လမ်းနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံးရှေ့လမ်းအတိုင်း စီတန်းလှည့်လည် ခြေလျှင်ချီတက်လာပြီး၊ ရုံးကြီးလမ်းထောင့်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို ခဲ့ကြကြောင်း သိရှိရသည်။

ဆန္ဒပြတောင်းဆိုမှုတွင် တောင်နီကျေးရွာ၊ ဟက်ကယ်ကျေးရွာ၊ ဆည်ကြီးပန်းတောကျေးရွာ၊ မကျည်းပင်ကျေးရွာမှ ဒေသခံပြည်သူ အင်းအား(၃၁၅)ဦးကို တောင်နီကျေးရွာရပ်ကွက်(၂) ဦးတင်ဦးမှ ဦးဆောင်၍ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၏ ရုံးအမိန့်အစာအား ပြန်လည်ပယ်ဖျက်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြောင်းသိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

အင်းလေးဒေသဟိုတယ်ဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကောမတီအစည်းအဝေးကျင်းပ

 

586

တောင်ကြီး   ဇူလှိုင် - ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အင်းလေးဒေသဟိုတယ်ဇုန်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ အစည်းအဝေးကို ဇူလှိုင်(၁၅)ရက်မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှားစကား ပြောကြားပြီး၊ အင်းလေးဒေသဟိုတယ်ဇုန်ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ကော်မတီ ဥက္ကဌ၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြောင်း သိရသည်။

ဆက်လက်၍ အင်းလေးဒေသဟိုတယ်ဇုန်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ ဒုတိယဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အင်းလေးဒေသဟိုတယ်ဇုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီများမှ တင်ပြ ဆွေးနွေးကြပြီး၊ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြကာ၊ ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြောင်းသိရှိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ အင်းလေးဒေသဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

ဇူလှိုင်(၁၉)ရက်နေ့ အာဇာနည်နေ့ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သံဃာတော်(၉)ပါးအား ဆွမ်းဆက်ကပ်

 

590

 

တောင်ကြီး   ဇူလှိုင် - ၁၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွအာဇာနည်သူရဲကောင်းများကို ရည်စူး၍ ဇူလှိုင်(၁၉)ရက် နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့၊ အတုလမာရဇိန် မြို့လယ်ဓမ္မာရုံ၌ သံဃာ(၉)ပါးအား ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်းသိရသည်။

ပထမဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ဘုရားကန်တော့၍ဖွင့်လှစ်ပြီး၊ နိုင်ငံတော် သြဝါဒစရိယ (အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနစရိယ) စွန်းလွန်းဂူကမ္မဌာန်း ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တအဂဓမ္မာဘိဝံသထံမှ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ် ဝန်ကြီးများနှင့် ဧည့်ပရိသတ်တို့က ငါးပါးသီလဆောက်တည်ကာ၊ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ပွား သရဇ္စျယ်ချီးမြှင့်တော်မူ ပေးကြသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပေးကြပြီး၊ နိုင်ငံတော်သြဝါဒစရိယ (အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနစရိယ) စွန်းလွန်းဂူကမ္မဌာန်း ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တအဂဓမ္မာဘိဝံသက ကုသိုလ်အဖို့ဘာကကို ရေစက်သွန်းချ အမျှပေးဝေတော်မှုကာ၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ် တို့က ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ပေးကြကြောင်းသိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ကလောမြို့နယ်အောင်ပန်းမြို့၌ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူများနှင့် တွေ့ဆုံ

 

585

တောင်ကြီး   ဇူလှိုင် - ၁၄

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ကလောမြို့နယ် မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ဒေသခံပြည်သူတို့နှင့် တွေ့ဆုံပွဲကို ဇူလှိုင်(၁၄)ရက် နေ့လည်(၁၂)နာရီက အောင်ပန်းမြို့၊ အောင်ချမ်းသာစာသင်တိုက် (၃)ထပ်ဆောင်၌ ကျင်းပကြောင်း သိရသည်။

ပထမဦးစွာကလောမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌဦးနန္ဒာလှမြင့်မှ ကလောမြို့ သောက်သုံးရေရရှိရေးနှင့် စပ်လျဉ်း၍ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှု၊ ထပ်မံလိုအပ်သော ဆောင်ရွက်ရန်ကိစ္စရပ်များကို တင်ပြ၍လည်းကောင်း၊ ကလောမြို့နယ်ဖွံ့ဖြိုးရေး အထာက်အကူပြု ကော်မတီ ဥက္ကဌ ဦးခင်မောင်ဝင်းမှ အောင်ပန်းမြို့အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးထားသော ဖွံ့ဖြိုးရေရန်ပုံငွေများကို ကဏ္ဍအလိုက်သုံးစွဲမှု၊ မြို့နယ်လိုအပ်ချက်ဖြစ်သော မီးသတ်ဦးစီး အဆောက်အဦကိစ္စနှင့် ကလောမြို့နယ် အတွက် ထင်းရှုးမြို့တော်ဖြစ်ရေး၊ အောင်ပန်းမြို့အတွက်ချယ်ရီနှင့် ဟဲဟိုးမြို့အတွက် စိန်ပန်းမြို့တော်ဖြစ်ရေး၊ တစ်အုပ်တစ်မအလိုက် သစ်ပင်စိုက်ပျိုးရေး၊ ဒေသအတွက် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးပြီး၊ တက်ရောက်လာသူများ မှ သိရှိလိုသောအချက်များနှင့်  ဒေသအတွက် ဆောင်ရွက်လိုသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်းမှ တင်ပြချက်များနှင့် စပ်လျဉ်း၍ဖြည့်ဆည်း ဆောင်ရွက်ပေးသင့်သော ကိစ္စရပ်များ၊ ဌာနဆိုင်ရာနှင့် ပြည်သူများက ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ ဒေသအတွင်း မူးယစ်ဆေးဝါးကင်းစင်သည့် စံပြမြို့ရွာများ ဖြစ်အောင် ဆောင်ရွက်သင့်သောကိစ္စရပ်များ စပ်လျဉ်း၍ အကျယ်တစ်ဝန်း ရှင်းလင်းဆွေးနွေး တင်ပြပြီး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဌာနဆိုင်ရာနှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းတို့မှ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီများ၏ တင်ပြချက်များအပေါ်ပြည်နယ်အဆင့်မှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသွားကြောင်း သိရှိရသည်။

၎င်းနောက် ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် အခြေခံပညာ ကျောင်းများ အတွက် နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန(၅)၊ ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်းနှင့် ဇနီး ဒေါ်အေးအေး မိသားစုမှ လှူဒါန်းငွေကျပ်(၅)သိန်း၊ ဆန်(၁၁)အိတ် လှူဒါန်းပေး၍လည်းကောင်း၊ ကလောမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲနှင့် အလယ် တန်းကျောင်းခွဲများအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များမှ လှူဒါန်းသော ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှထောက်ပံ့သော ဗလာစာအုပ်(၄၀၀)ဒါဇင်တို့ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ လှူဒါန်းပေးရာ မြို့နယ် ကျောင်းအုပ်ဆရာမကြီးများက လက်ခံရယူ ကြပြီး၊ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ SHWELI(2)HYDROPOWER PROJECT SOCIALIZATION PRESENTATION အဖွဲ့နှင့် တွေ့ဆုံ

20140718

တောင်ကြီး   ဇူလိုင်   ၁၇

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ဇူလိုင်(၁၇)ရက် ညနေ(၄)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ SHWELI(2)HYDROPOWER  PROJECT SOCIALIZATION PRESENTATION အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကြကြောင်းသိရသည်။

ပထမဦးစွာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ယခုလို SHWELI(2)အဖွဲ့မှ လာရောက်တွေ့ဆုံမှုကို ကြိုဆိုပါကြောင်း၊ SHWELI(1)နှင့်SHWELI(2)သည် မိုင်အကွာအဝေး(၄)မိုင်ရှိသဖြင့် လျှပ်စစ်ဓာတ်အား အကောင်အထည်ဖော်မည်ဟုသိရပါကြောင်း၊ SHWELI(1)နှင့် SHWELI(2) ဆက်စပ်ပေးနိုင်မည်ဖြစ်၍ ဝမ်းသာရပါကြောင်း၊ (၅၂၀)မဂ္ဂဝပ် အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ဆန္ဒပြုပါကြောင်း၊ (H.I.E)ပရောဂျက်နှင့်ပတ်သက်၍ ပေါ်ပေါက်လာပုံ၊ စီမံဆောင်ရွက်နေပုံကို ရှင်းလင်းပေးရန် ဆွေးနွေးပြောကြားသွားကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ် လျှပ်စစ်နှင့်စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းထွန်းရင်က ရေအားလျှပ်စစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ရေဝပ်နိုင်မည့် ဧရိယာ ဘယ်လောက်အထိ ရှိနိုင်မလဲ၊ စပါးပင်များ၊ လ္ဘက်ပင်များ၊ ရေလွှမ်းမိုး၍ ပျက်စီးနိုင်ကြောင်း ဆွေးနွေး၍လည်းကောင်း၊ ပြည်နယ် သစ်တောနှင့်သတ္တု ဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ရေလွှမ်းမိုးနိုင်မည့်(၂၈.၄)ဟက်ကာကို ဧကပြန်တွက်ချက်ပေးရန်နှင့် ဒေသခံအကျိုးဖြစ်သည့်အတွက် ရှမ်းပြည်နယ်အတွက် မည်မျှအကျိုးရနိုင်မလဲ၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည့်အခါ ပြည်ထောင်စု အစိုးရကို(၁၀%)ပေးသလို ရှမ်းပြည်နယ်ကိုလည်း(၁၀%)ပေးရန် ထည့်ဆွေးနွေးပေးစေလိုကြောင်း ဆွေးနွေးသွားသည်။

ထို့နောက် MR; XU Hai Yan ( Vice President of H.I.E) မှ ရေဝပ်ဧရိယာ(2.88)ကီလိုမီတာစကွဲယား ရှိပါကြောင်း၊ (2.23)ကီလိုမီတာ ကုန်းမြှင့်ပိုင်းဖြစ်ပြီး၊ စိုက်ပျိုးမြေများ(28.4)ဟက်ကာ ရေလွှမ်းမိုးနိုင်မည်ဖြစ်ကြောင်း၊ရေလွှမ်းမိုးနိုင်သည့် ဧရိယာမှာ ဧက(၇၀)ခန့်ရှိပါကြောင်း၊ဧက(၇၀)တွင် စိုက်ပျိုးမြေများသာ ပါဝင်၍ လူနေထိုင်မှု ပြောင်းရွှေ့စရာမလိုဘဲ ထိခိုက်မှုမရှိနိုင်ပါကြောင်း၊ SHWELI(1) PROJECT နှင့် SHWELI(2) PROJECT ကိုမထိခိုက်နိုင်ကြောင်း၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး၊ ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်ရန်နှင့် မိမိတို့ကုမ္ပဏီတို့နှင့် ညှိနှိုင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ဓာတ်အားပေးဝေရေးနှင့် ပတ်သက်၍ အချက်(၃)ချက်လျာထားပါကြောင်း၊တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကို (၁၀%)အခမဲ့ လျှပ်စစ်ဓာတ်အားများကို မဟာဓာတ်အားလိုင်းမှတဆင့် ပေးဝေ၍၊ မြန်မာနိုင်ငံအစိုးရအဖွဲ့မှ (၅၀%) ဝယ်ယူနိုင်ပြီး ပိုလျှံသည့် ဓာတ်အားများကို တရုတ်ပြည်ဖက်သို့လိုင်းသစ်ဆွဲ၍ ပေးပို့မည်ဖြစ်ကြောင်း၊ စီမံကိန်းနယ်မြေရှိ ဒေသခံပြည်သူများ အလုပ်အကိုင်များ စီမံထားရှိမှုရှိကြောင်း၊ လက်ရှိအနေထားတွင် SHWELI(1) ရေအားလျှပ်စစ်ဓာတ်အားကို ပတ်ဝန်းကျင်ရှိရွာများ စာသင်ကျောင်းတို့ကို ဖြန့်ဝေပေးလျက်ရှိကြောင်း၊ SHWELI(2)ရေအားလျှပ်စစ်ဓာတ်အားသည် SHWELI(1)  ထက်ခြားနားမှုရှိကြောင်း၊SHWELI(1)ထက်ပိုပြီးဆောင်ရွက်လျက်ရှိကြောင်း၊ ပထမဆုံးအကြိမ် လာရောက်ပြီး စီမံကိန်းအတွက်မိတ်ဆက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသွားသည်။

ယင်းနောက် ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးစိုင်းနော်ခမ်းတို့က SHWELI(2) ရေအားလျှပ်စစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးသွားကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား တိုင်ဒေသကြီး နှင့် ပြည်နယ် အမျိုးသား/ အမျိုးသမီး ဘော်လီဘောနှင့် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

584

တောင်ကြီး   ဇူလိုင် -  ၁၃

၂၀၁၄ ခုနှစ် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား၊ တိုင်ဒေသကြီး နှင့် ပြည်နယ် အမျိုးသား/အမျိုးသမီး ဘော်လီဘောနှင့် ဘတ်စကက်ဘော ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်(၁၃)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပရာ အမျိုးသားဘော်လီဘော နောက်ဆုံး ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ် ဘောလီဘောအသင်းတို့ ယှဉ်ပြိုင်နေမှုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကြရာ ဘော်လီဘောပြိုင်ပွဲတွင် (၁)ပွဲ(၃)ပွဲဖြင့် ရှမ်းပြည်နယ်အသင်းက အနိုင်ရဗိုလ်စွဲသွားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီး ဘတ်စကတ်ဘော ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်အသင်းတို့ကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေကျပ်(၂)သိန်းစီ၊ အမျိုးသမီး ဘတ်စကက်ဘော ဒုတိယဆု ရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေကျပ်(၆)သိန်းကို ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ပထမတန်း ဦးစီးမှူး ဒုတိယ ရဲမှူးကြီး လှိုင်တင့်မှ ဆုများချီးမြှင့်၍လည်းကောင်း၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ပထမဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေကျပ်(၈)သိန်းကို ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထန်အိတ်မှ ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲတွင် ပူးတွဲ တတိယဆု ရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေကျပ်(၃)သိန်းစီ၊ ဒုတိယဆုရရှိသော ကချင်ပြည်နယ် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေကျပ် (၈)သိန်းတို့ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်အောင်မှ ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမဆု ရရှိသော ရှမ်းပြည်နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေကျပ်(၁၀)သိန်းကို  ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပူးတွဲ တတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေကျပ်(၂)သိန်းစီ၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်း ဒေသကြီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေကျပ်(၆)သိန်းတို့ကို အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်မှ ဆုချီးမြှင့်၍ လည်းကောင်း၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်း ဒေသကြီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ် နှင့် ငွေကျပ်(၈)သိန်းကို ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ ဆုချီမြှင့်၍ လည်းကောင်း၊ အမျိုးသား ဘော်လီဘော ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော နေပြည်တော် ကောင်စီနယ်မြေ အသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်းအား တစ်ဦးချင်း ဆုတံဆပ်နှင့် ငွေကျပ်(၈)သိန်းကို ပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးအောင်ကျော်ညွန့်မှ ဆုချီးမြှင့်၍ လည်းကောင်း၊ အမျိုးသား ဘော်လီဘော် ပြိုင်ပွဲတွင် ပထမဆုရရှိသော ရှမ်းပြည်နယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေကျပ်(၁၀)သိန်းကို ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှ ဆုချီမြှင့်ပေးကြသည်။

ဆက်လက်၍ အကောင်းဆုံး အားကစားသမားဆုများ ချီးမြှင့်ရာ အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘော အကောင်းဆုံး အားကစားသမား ဆုရ(၂)ဦး၊  အမျိုးသား/အမျိုးသမီး ဘော်လီဘော အကောင်းဆုံး အားကစားသမား ဆုရ(၂)ဦးတို့ကို ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူမှ ငွေကျပ်(၅)သောင်းစီဖြင့်ဆုများ ချီးမြှင့်ပေးသည်။

ထို့နောက် တံခွန်စိုက်ဒိုင်းနှင့်ဆင့်ပွားဒိုင်းများ ဆုချီမြှင့်ရာ အမျိုးသမီး ဘတ်စကက်ဘော တံခွန်စိုက်ဒိုင်း ဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီး အသင်း၊ အမျိုးသား ဘတ်စကက်ဘောတံခွန်စိုက်ဒိုင်း ဆုရရှိသော ရှမ်းပြည်နယ်အသင်း၊ အမျိုးသမီး ဘော်လီဘော တံခွန်စိုက်ဒိုင်း ဆုရရှိသော ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ အမျိုးသား ဘောလီဘောတံခွန်စိုက်ဒိုင်းဆု ရရှိသော ရှမ်းပြည်နယ်အသင်းတို့ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က တံခွန်စိုက်ဒိုင်းဆုနှင့် ဆင့်ပွားဒိုင်း ဆုတို့ကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ အလံတင် အလေးပြု၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါ အခမ်းအနားသို့  ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဒုတိယ ဥက္က၊ ပြည်နယ် ဝန်ကြီးများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်မှ အကဲဖြတ်ဒိုင်များ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ ပြိုင်ပွဲဝင် အားကစားအသင်းများ၊ ဖိတ်ကြားထားသည့် အားကစားဝါသနာရှင်များ နှင့် ဒေသခံပြည်သူများ တက်ရောက် ကြကြောင်း သတင်းရရှိသည်။

                                                                                                                                                               မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုတတိယအဆင့် အရှိန်မြင့်တင်မှုပြုလုပ်ငန်းစဉ်များ တောင်ကြီးမြို့၌ ရှင်းလင်းဆွေးနွေး
  2. ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသောဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
  3. ပြည်နယ်အဆင့် ကျောင်းပြင်ပ မူလတန်း ပညာရေးလုပ်ငန်း ဖွင့်ပွဲနှင့် စခန်းဖွင့်ပွဲကျင်းပ
  4. ပြည်တွင်းအခွန်များဦးစီးဌာန၊ ရှမ်းပြည်နယ်၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး
  5. ရွှေဘုန်းပွင့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး
  6. ပြည်နယ်လူမှုရေးဝန်ကြီး၊ တောင်ကြီးဆေးတက္ကသိုလ်၊ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး) ကွင်းဆင်းစစ်ဆေး
  7. တိုင်းရင်းမီဒီယာညီလာခံ မြန်မာတိုင်းရင်းမီဒီယာကွန်ယက် တည်ဆောက်ရေး အခမ်းအနားကျင်းပ
  8. စည်ပင်သာယာရေးကော်မတီ ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
  9. ပဉ္စမအကြိမ်မြောက် တောင်ရိုးတိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှု စုံညီပွဲတော်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး
  10. တောင်ကြီးမြို့၊ ရေထွက်ဦး၌ GSM ရေဒီယိုစခန်း တာဝါဖောင်ဒေးရှင်း ပန္နက်တင်မင်္ဂလာ ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 51 guests and no members online

Latest Updates