သတင်းများ

Articles

(၁၃၇၅)ခု၊ ၂၀၁၃ ခုနှစ် တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   အောက်တိုဘာ    ၂၁

 

1020

 

   ရှမ်းပြည်နယ်တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ (၂၁)ရက်နေ့ နံနက်(၀၉၃၀)နာရီက ရှမ်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးများနှင့် တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ 

 

   ပထမဦးစွာ ၂၀၁၃ ခုနှစ် တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသိန်းဦးက ၂၀၁၃ ခုနှစ် တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ပထမအကြိမ် ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များကို ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက မိမိတို့ ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်ရန် ကိစ္စရပ်များအား အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြပြီး၊  ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

 

   (၁၃၇၅)ခု၊ ၂၀၁၃ ခုနှစ် တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော်ကို (၁၀-၁၁-၂၀၁၃)ရက် နေ့မှ (၁၈-၁၁-၂၀၁၃) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲတွင် ညမီးကြီးပြိုင်ပွဲ၊ စိန်နားပန် ပြိုင်ပွဲ၊ နေ့လွတ်အရုပ်ပြိုင်ပွဲ(ခြေနှစ်ချောင်း၊ ခြေလေးချောင်း)၊ မသိုးသင်္ကန်းယက်ပြိုင်ပွဲ၊ မီးပဒေသာ လှည့်လှည်ပြိုင်ပွဲ၊ Miss တန်ဆောင်တိုင်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲ၊ ရပ်ကွက်မီးအလှဆင် ထွန်းညှိမှုပြိုင်ပွဲ၊ ပဒေသာပင်(ကထိန်)လှည့်လည်ပွဲ စသည်တို့ ပါဝင်ပြီး၊ ၂၀၁၃ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

နမ့်ခမ်းမြို့ ဗုံးပေါက်ကွဲမှုကြောင့် အသက်ပေးဆပ်ခဲ့ရသော စည်ပင်ဝန်ထမ်းအား နာရေးကူညီ ထောက်ပံ့

တောင်ကြီး    အောက်တိုဘာ    ၂၁ 

 1019

 

   ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ခမ်းမြို့၊ မိုခမ်းရပ်ကွက်၊ ပြည်ထောင်စုလမ်းမ၊ မြို့လယ်မဟာ မုနိဘုရားရှေ့ လမ်းလယ်ပန်းခုံတွင် မသမာသူတစ်စုမှ ပြည်သူများ၏ အကျိုးကိုမကြည့်ဘဲ၊ ပြည်သူများ အထိတ်တလန့်ဖြစ်စေသည့်အပြင် အသက်ကိုပင် ထိခိုက်စေခဲ့သော ဖောက်ခွဲမှုကို ပြုလုပ်ခဲ့ပါသည်။ ဤကဲ့သို့ အကျိုးမဲ့လုပ်ရပ်ကြောင့် နေ့စဉ်မြို့သန့်ရှင်းသာယာလှပရေးအတွက် တာဝန်ကို ကြိုးပမ်း ထမ်းဆောင်လျှက်ရှိသော နမ့်ခမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  နေ့စားဝန်ထမ်း (သန့်ရှင်းရေး) ဦးဝင်းကို (ဘ)ဦးကျော်အေး(၂၉)နှစ်သည် (၁၇-၁ဝ-၂ဝ၁၃)ရက်နေ့ ၊ နံနက်(ဝ၇ဝဝ) နာရီချိန်ခန့်တွင် အမှိုက်သိမ်းဆောင်ရွက်စဉ် ကျွတ်ကျွတ်အိတ်အမဲဖြင့် ထုတ်ပိုးထားသော အိတ်မှပေါက်ကွဲမှုဖြစ်ကာ၊ လည်ပင်းထိမှန်ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

 

   အပြစ်မဲ့ ဝန်ထမ်းတစ်ဦး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နေစဉ် ယခုကဲ့သို့ အသက်ကို ပေးဆပ်ခဲ့ရသည့်အတွက် စာနာထောက်ထားသော စိတ်စေတနာဖြင့် ကျန်ရစ်သူမိသားစုအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က နာရေးကူညီထောက်ပံ့ငွေကျပ် (၃)သိန်းနှင့် အတူ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ ရှမ်းပြည်နယ်ရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီများက ငွေကျပ်(၁၃.၇)သိန်း၊ စုစုပေါင်း(၁၆.၇)သိန်းအား ဝိုင်းဝန်းကူညီထောက်ပံ့ပေးခဲ့ကြောင်း သတင်း ရရှိသည်။

 

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ မူလရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   အောက်တိုဘာ  ၁၇

 1018

 

   ရှမ်းပြည်နယ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ မူလရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ(၁၇)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ မူလရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြောကြားသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နန်းမိုခမ်းမှ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သောအဖွဲ့အစည်းများ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်း(ယာယီ)နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။

 

   ထို့နောက် အထွေထွေ ဆွေးနွေးကြရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ ဆွေးနွေး တင်ပြကြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်း(ယာယီ)နှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးကြသည်။

 

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။ 

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် UNDP မှ တာဝန်ရှိသူများ တွေ့ဆုံ

တောင်ကြီး   အောက်တိုဘာ  ၁၅

 

1017

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသိန်းဦးတို့နှင့် အောက်တိုဘာ(၁၅)ရက်၊ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရုံး၊ ဧည့်ခန်းမ၌ UNDP ၏ အကြံပေးပုဂ္ဂိုလ်များ ဖြစ်ကြသည့် Mr. John Tyynela ၊ Ms. Elaine Chan ၊ Ms. Swati Mehta နှင့် Ms. Mascha Mattews တို့မှ လာရောက်တွေ့ဆုံသည်။ 

 

   တွေ့ဆုံမှုတွင် UNDP အဖွဲ့မှ ဆွေးနွေးရာ တိုင်းရင်းသားနေထိုင်မှု ဓလေ့ရိုးရာနှင့် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တို့ကို လေ့လာရန် လာရောက်ခြင်း ဖြစ်ကြောင်း ပြောကြားသွားသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပြန်လည်ဆွေးနွေးရာ ရှမ်းပြည်နယ်၏ ရေမြေသဘာဝ၊ တိုင်းရင်းသားများနေထိုင်မှုနှင့် ရိုးရာဓလေ့ထုံးစံများ လိုက်လျောညီထွေစွာ နေထိုင်ကြကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးဒေသသို့ သွားရောက်လေ့လာမည်ဆိုပါက သက်ဆိုင်ရာ ဌာနများကို ဆက်သွယ်အကြောင်းကြားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 74 guests and no members online