သတင်းများ

Articles

ရေစီးရေလာကောင်းမွန်ရေးအတွက် မင်္ဂလာလမ်း ရေမြောင်း ကျောက်ရိုးစီး

တောင်ကြီး    ဇူလိုင်   ၃၀

603

   မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် မြေသားနံရံများ ရေတိုက်စားမှု မရှိစေရန် တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်၊ မင်္ဂလာလမ်း ရေမြောင်းသည် အပေါ်ဖက်ရှိ ဘုရားဖြူ၊ ရေအေးကွင်းရပ်ကွက်များမှ ရေများ စုပေါင်းစီးဆင်းသည့် ရေမြောင်းဖြစ်သဖြင့် ရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိရာ ရေစီးရေလာကောင်းမွန်စေရေးနှင့် ကားလမ်းအား ရေတိုက်စားခြင်းမရှိစေရေး အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ရေမြောင်း ကျောက်ရိုးစီးခြင်း လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

   ထို့သို့ လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်(၂၉)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ် စည်ပင်သာယာရေး ဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၊ ပြည်နယ် အင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းတို့မှ ကွင်းဆင်း စစ်ဆေးရာ မြို့နယ် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးစိုးနိုင်ဦးနှင့် လုပ်ငန်းခွင် အင်ဂျင်နီယာ ဦးကျော်သူရဆွေတို့မှ ရှင်းလင်းတင်ပြကြကြောင်းသိရှိရသည်။

                                                                                                                                                                             မောင်မောင်သန်း(တောင်ကြီး)

 

ဒေသန္တရ အုပ်ချုပ်ရေးလေ့လာမှုလုပ်ငန်း အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး   ဇူလိုင်   ၃၀

601

   ပြည်နယ် / တိုင်းဒေသကြီး အစိုးရ၊ တိုင်းဒေသကြီးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် အရပ်ဖက် လူမှုအဖွဲ့ အစည်းကိုယ်စားလှယ်များအတွက် ဒေသန္တရ အုပ်ချုပ်ရေးလေ့လာမှု လုပ်ငန်းတွင် ဆက်စပ်ပါဝင် လုပ်ကိုင်နေကြသူများအကြား သိမြင်နားလည်မှုနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဇူလိုင်(၃၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဥပဒေချုပ် ဦးမောင်မောင်က အဖွဲ့အမှာစကားပြောကြားကြောင်း သိရသည်။

   ဆက်လက်၍ Programme Specialist Local Govemance, UNDP myanmar ဦးအေးလွင်က မြန်မာနိုင်ငံတွင် UNDP မှ ဆောင်ရွက်နေသော ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်း အကြောင်းနှင့် ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်ရလာဒ်များ၊ ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းနယ်ပယ်တွင် UNDP၏ ကူညီပံပိုးမှု လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး Programme Specialist Local Govemance, UNDP myanmar မှ  Ms; Anki Dellnas က ဒေသန္တရအုပ်ချုပ်ရေးအခြေခံသဘောတရားနှင့် အဖွဲ့အစည်း ဆိုင်ရာများ၊ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများ၊ ဆက်သွယ်မှုနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးလုပ်ငန်း၊ လက်ရှိမြန်မာနိုင်ငံ အခြေအနေတွင် အရေးပါမှုဆိုင်ရာများနှင့် သဘောပေါက်နားလည်လာစေရန် ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများမှ သိလိုသည်များကို ပြန်လည်မေးမြန်းကြရာ Programme Specialist Local Govemance, UNDP myanmar ဦးအေးလွင် နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက်ပြန်လည်ဆွေးနွေးပြောကြားကြောင်းသိရသည်။

   အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီး၊ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ခရိုင် / မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရှိသည်။

                                                                                                                                                                        မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁၃/၂၀၁၄) ကျင်းပ

တောင်ကြီး   ဇူလှိုင် - ၂၈

600

   ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၄) အခမ်းအနားကို ဇူလှိုင်(၂၈) နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ (မြောက်ပိုင်း)၊ (အရှေ့ပိုင်း)ရှိ စည်ပင်သာယာရေး ကော်မတီများမှ လုပ်ငန်းအားနည်းချက် အားသာချက် များကိုတင်ပြရန်၊ လုပ်ငန်းများ ကိုစွမ်းစွမ်းတမံ ကြိုးစားပြီး၊ စည်ပင်သာယာရေးကိုယ်စားဆောင်ရွက်ပေးရန်၊ ပြည်နယ် အစည်းအဝေးခန်းမဆောင်များ ပြုလုပ်ရာတွင် လိုအပ်သည့် မြို့နယ်များကိုလည်းတင်ပြရန်၊ လိုအပ်ချက်များအပေါ်တင်ပြလာပါက ပြည်နယ်စည်ပင် သာယာရေး ဝန်ကြီးမှ အစိုးရအဖွဲ့သို့ ဆက်လက် တင်ပြပေးမည်ဖြစ်ကြောင်း၊ ရရှိသည့် ရန်ပုံငွေများဖြင့် ဘောင်အတွင်းဦးစားပေး ဆောင်ရွက်ရန်၊ လိုအပ်ချက်များကို အဓိကထား ဆောင်ရွက်ရန် မိမိတွေ့ရှိချက်များ အရေးကြီးသည့် ကိစ္စရပ်များကို သက်ဆိုင်ရာမှ တဆင့်တင်ပြ ပေးကြရန်ပြောကြားသွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ်စည်ပင် သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ လုပ်ငန်းဆိုင်းရာအချက်အလက်များရှင်းလင်း တင်ပြခြင်း၊ ရှမ်းပြည်နယ် စည်ပင်သာရေးကော်မတီရုံးခွဲ(လားရှိုး)နယ်မြေမှ ဒုတိယဥက္ကဌနှင့် တွဲဖက် အတွင်းရေးမှူးတို့မှ ဆွေးနွေးတင်ပြခြင်း တက်ရောက်လာသည့် ပြည်နယ်စည်ပင်သာယာရေး ကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများက ဆွေးနွေးတင်ပြကြပြီး၊ ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

   လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ ပြည်နယ် စည်ပင်သာယာ ရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး၊ ပြည်နယ်စည်ပင် သာယာရေးကော်မတီရုံးခွဲ လားရှိုး၊ ကျိုင်းတုံးမှ ဒုတိယဥက္ကဌနှင့် တွဲဖက်အတွင်းရေးမှူးများ၊ ပြည်နယ်/ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြကြောင်းသိရှိရသည်။

                                                                                          မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ် အစိုးရအဖွဲ့ အမှူးပြုသော ပြည်နယ် နှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီ မိသားစုများ၏ပထမအကြိမ် စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တောင်ကြီး   ဇူလိုင်   ၂၇

599

   ရှမ်းပြည်နယ် အစိုးရအဖွဲ့ အမှူးပြုသော  ပြည်နယ်နှင့်မြို့နယ် စည်ပင်သာယာရေး ကော်မတီ မိသားစုများ၏ပထမအကြိမ် စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်(၂၇)ရက် နံနက် (၉)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

   အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ နိုင်ငံတော် သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဌာနစရိယ စွန်းလွန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အဂ္ဂဓမ္မာ ဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ် ပေးတော်မူကြသည်။

   ဆက်လက်၍ ရှမ်းပြည်နည် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွန့်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်းနှင့်ဇနီး ဒေါ်အေးအေးဝင်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်/ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ကြွရောက်လာကြသည့် ဧည့်ပရိသတ်များက ဆရာတော် သံဃာတော် အရှင် သူမြတ် တို့အား ဝါဆိုသင်္ကန်း၊ ဆန်၊ဆီ၊ လှူဖွယ်ပစ္စည်းများကို  ဆက်ကပ်လှူဒါန်း ကြသည်။

   ထို့နောက် နိုင်ငံတော် သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဌာနစရိယ စွန်းလွန်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု ဂါထာတော် သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး တို့က ရတနာ ရွှေမိုး ငွေမိုး ရွာသွန်းကာ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆရာတော် သံဃာတော် အရှင် သူမြတ်တို့ကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

   အဆိုပါ ပထမအကြိမ် စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်/ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                          မောင်မောင်သန်း(တောင်ကြီး)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 82 guests and no members online

Latest Updates