သတင်းများ

Taunggyi Lifestyle & Ladies Products Expo 2013 ကုန်စည်ပြပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး   အောက်တိုဘာ  ၀၃

 

1005

 

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ Taunggyi Lifestyle & Ladies Products Expo 2013 ကုန်စည်ပြပွဲ ဖွင့်ပွဲကို အောက်တိုဘာ(၃)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမရှေ့၌ ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ Summit Goal အထက်မြန်မာပြည် တာဝန်ခံ ဦးဟန်ဝင်းအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

   ဆက်လက်၍ ပြည်နယ်လွှတ်တော်နှင့် တာဝန်ရှိသူတို့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

   အဆိုပါ ကုန်စည်ပြပွဲကြီးကို အောက်တိုဘာ(၃)ရက်မှ (၇)ရက်ထိ (၅)ရက်တိုင်တိုင် C & D Group မှ ကြီးမှူးပြီး နေ့စဉ် နံနက်(၉)နာရီမှ ည(၉)နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် AMATA ကုမ္ပဏီအဖွဲ့ တွေ့ဆုံ

တောင်ကြီး  အောက်တိုဘာ  ၀၃ 

 1004

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အောက်တိုဘာ(၃)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ထိုင်းနိုင်ငံ၊ AMATA ကုမ္ပဏီအဖွဲ့ Mr.Vikrom Kromadit - Chairman ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည်။

 

   တွေ့ဆုံမှုတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က တွေ့ဆုံမိတ်ဆက်စကား ပြောကြားပြီး၊ Mr.Vikrom Kromadit - Chairman မှ စိုက်ပျိုးရေးလုပ်ငန်းနှင့် စက်ရုံတည်ဆောက်မှုလုပ်ငန်းတို့ကို ရှင်းလင်းဆွေးနွေးသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ရှမ်းပြည်နယ်စိုက်ပျိုးမြေ၊ ရိုးရာယဉ်ကျေးမှု၊ ရာသီဥတု တောတောင်ရေမြေ အနေအထားတို့ကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြပြီး၊ တွေ့ဆုံမှုကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပြီး၊ အမှတ်တရ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးကြကြောင်း သိရှိရသည်။

 

IKBZ Insurance Co,.Ltd ရှမ်းပြည်နယ်ရုံးချုပ် ဖွင့်လှစ်

တောင်ကြီး   စက်တင်ဘာ  ၂၆

 

1

 

   အပြည်ပြည်ဆိုင်ရာကမ္ဘောဇ အာမခံလုပ်ငန်းသည် ပြည်သူများ၏ အသက်စည်းစိမ်ဥစ္စာနှင့် စီးပွားရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်းမှ ပြန်လည်အစားထိုးကာကွယ်ပေးရန်အတွက် မီးအာမခံ၊ အလုံးစုံမော်တော်ယာဉ်အာမခံ၊ ပြည်သူပြည်သား အသက်အာမခံ၊ စုပေါင်းအသက်အာမခံ၊ မြွေအန္တရာယ်အာမခံ၊ အားကစားသမားများ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ငွေသားလုံခြုံမှုအာမခံ၊ ငွေပို့ငွေသယ်အာမခံနှင့် သမာဓိအာမခံတို့ကို ဆောင်ရွက်ပေးလျှက်ရှိရာ အပြည်ပြည်ဆိုင်ရာကမ္ဘောဇ အာမခံလုပ်ငန်း(IKBZ Insurance)၊ ရှမ်းပြည်နယ်ရုံးချုပ် ဖွင့်ပွဲကို စက်တင်ဘာ(၂၆)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ကမ္ဘောဇဘဏ်၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပုဂ္ဂလိကအာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဦးအေးမင်းသိန်း၊ အပြည်ပြည်ဆိုင်ရာကမ္ဘောဇ အာမခံလုပ်ငန်း ဒါရိုက်တာ ဦးကောင်းမြတ်နှင့် ရှမ်းပြည်နယ်ရုံးချုပ်တာဝန်ခံ ဦးကျော်ဇောတို့က အပြည်ပြည်ဆိုင်ရာကမ္ဘောဇ အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်ရုံးချုပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

   ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့သည် အာမခံလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုကြသည်။

 

   ထို့နောက် အခမ်းအနား အစီအစဉ်အရ တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်တွင် အာမခံလုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးအေးမင်းသိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး၊ အပြည်ပြည်ဆိုင်ရာကမ္ဘောဇ အာမခံလုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်မှ ရှမ်းပြည်နယ်ရုံးချုပ် ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

   အပြည်ပြည်ဆိုင်ရာကမ္ဘောဇ အာမခံလုပ်ငန်း(IKBZ Insurance)၊ ရှမ်းပြည်နယ်ရုံးချုပ် ဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အပြည်ပြည်ဆိုင်ရာကမ္ဘောဇ အာမခံလုပ်ငန်း ဥက္ကဌ ဦးအောင်ကိုဝင်း၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ မြန်မာ့အာမခံလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အာမခံကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ (၅/၂၀၁၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း

တောင်ကြီး   အောက်တိုဘာ  ၀၂

  

1003

 

   ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့နှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်(၈)ရပ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ (၅/၂၀၁၃)ကြိမ်မြောက် အစည်းအဝေးအား (၂.၁၀.၂၀၁၃) ရက်နေ့ (၁၁၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

 

   အစည်းအဝေးတွင် သမဝါယမလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် သမဝါယမအသင်းများရှင်သန် အောင်မြင်ရေး အတွက် ပံ့ပိုးချေးငွေများအား စဉ်ဆက်မပြတ် ထုတ်ပေး နိုင်ရေး၊ ပံ့ပိုးချေးငွေများအား တင်ပြထားသည့် ဦးစားပေးအစီအစဉ်အတိုင်း ထုတ်ချေးပေးနိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများအား အပြည့်အဝ ပံ့ပိုးပေးနိုင်ရေး၊ သမဝါယမ ပညာပေးရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အသင်းသူ အသင်းသားများလိုအပ်သည့် ပစ္စည်းများအား အရစ်ကျစနစ်ဖြင့် ပံ့ပိုးပေးနိုင်ရန် စာရင်းများ စနစ်တကျ ကောက်ခံပြုစုရေး၊ တောင်သူလယ်သမားများအတွက် ဓါတ်မြေသြဇာများ ပံ့ပိုးပေးနိုင်ရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် လယ်ယာ စိုက်ပျိုးရေး သမဝါယမအသင်းများအား ပညာပေးဆွေးနွေးရေး၊ စံပြအနေဖြင့် ရပ်စောက်မြို့နယ်ရှိ ရောင်ခြည်ဦး လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းအား စက်မှုလယ်ယာ အဖြစ် အဆင့်မြှင့်တင်နိုင်ရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပြီး ဌာနဆိုင်ရာများမှ လိုအပ်သည်များ ပံ့ပိုး၍ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးတို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ 

 

   သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကြီးကြပ်ပြီး ပြည်နယ်သမဝါယမဦးစီးဌာနမှ ကြီးမှူး၍ (၁.၁၀.၂၀၁၃)မှ (၅.၁၀.၂၀၁၃)ထိ ဖွင့်လှစ်သော စာရင်းရေး၊ စာရင်းကိုင်၊ စာရင်းစစ် သင်တန်းအမှတ်စဉ်(၃/၂၀၁၄)တွင် တက်ရောက် နေသော မြို့နယ်(၂၅)မြို့နယ်မှ သမဝါယမ ဦးစီးဌာနမှ ဝန်ထမ်းများ၊ သမဝါယမ အသင်းအဆင့်ဆင့်မှ ဝန်ထမ်းများ၊ အမှုဆောင်များ စုစုပေါင်း (၅၆)ဦး အတွက် လိုအပ်သော အုပ်ချုပ်မှုကိစ္စများ ပြည့်စုံစွာ ဆောင်ရွက်ပေးရေး၊ သင်တန်း ဖွင့်လှစ်ရာတွင် အကျိုးရှိစေရေးအတွက် စနစ်တကျ သင်ကြားပို့ချရေးတို့အား မှာကြားခဲ့ပါသည်။

 

Winner ကုမ္ပဏီမှ စုစည်းကျင်းပသည့် TAUNGGYI EXHIBITON & CAREXPO ဖွင့်ပွဲ ကျင်းပ

တောင်ကြီး   စက်တင်ဘာ  ၂၅

 

20130925

 

Winner ကုမ္ပဏီမှ စုစည်းကျင်းပသည့် TAUNGGYI  EXHIBITON & CAR EXPO ဖွင့်ပွဲကို စက်တင်ဘာ(၂၅)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ Future Auto Car Sales Centre ဒါရိုက်တာ ဦးနေလင်းအောင်နှင့် Winner ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးညွန့်အောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ပြခန်းများအား လှည့်လည်ကြည့်ရှုကြပြီး၊ ခန်းမအတွင်း၌ ရှမ်းယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးကြသည်။

 

အဆိုပါ Winner ကုမ္ပဏီမှ စုစည်းကျင်းပသည့် TAUNGGYI  EXHIBITON & CAR EXPO ဖွင့်ပွဲတွင် ကုမ္ပဏီအရောင်းပြခန်းပေါင်း (၁၃၀)ရှိပြီး၊ အိမ်သုံးကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ ကျန်းမာရေး အထောက်အကူပြု ဆေးပစ္စည်းများ၊ အားကစားပစ္စည်းများ ပါရှိပြီး၊ ဖော်ဖြေရေးအစီအစဉ်ဖြင့် ဟာသလူရွှင်တော်များ၊ Allstar Dancer အဖွဲ့နှင့် နာမည်ကြီးအဆိုတော် အိုင်ရင်းဇင်မာမြင့်၊ Dယံတို့၏ သီဆိုဖော်ဖြေ၍ ပြပွဲရက်အတွင်း Future Auto မှ ကားများအား (အထူးစျေးနှုန်း+မြန်မာနိုင်ငံ၏ ပထမဆုံး (၆)လ Warranty Services များမှင့် မတူသောဝန်ဆောင်မှုများ) ပေးပြီး၊ ပြပွဲကိုနေ့စဉ် နံနက်(၉)နာရီမှ ည(၉)နာရီအထိ ပြသရောင်းချလျက်ရှိ၍ (၂၅.၉.၂၀၁၃) မှ (၂၉.၉.၂၀၁၃)ရက်အထိ ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပ

တောင်ကြီး   အောက်တိုဘာ  ၀၁

 

1002

 

   ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွက်အိုများနေ့ကို အောက်တိုဘာ (၁)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ အတုလမာလာစိန် မြို့လယ်ဓမ္မာရုံ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြန်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက်အမှာစကားပြောကြားရာ " မိဘဘိုးဘွား သက်ကြီးရွယ်အိုတွေကို ရိုရိုသေသေ လေးလေးစားစားလုပ်ကျွေးပြုစု စောင့်ရှောက်ခြင်းဟာ ကျွန်တော်တို့ မြန်မာတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုဓလေ့တစ်ခု ဖြစ်ပါကြောင်း၊ ရိုသေမြတ်နိုးစွာ လုပ်ကျွေးပြစုကြဖို့ ဆိုဆုံးမထားတဲ့ နီတိတွေ၊ ဆုံးမစာ တွေဟာလည်း မြန်မာလူ့ဘောင်ရဲ့ ဒဿနတွေအဖြစ်၊ အခိုင်အမာတည်ရှိခဲ့ပါကြောင်း၊ အိုမင်းမစွမ်းဖြစ်လာတဲ့ မိအိုဖအိုနဲ့ အဘိုးအဘွားတွေကို သားသမီးမြေးမြစ်လူငယ်တွေက ချစ်ခင်မြတ်နိုး ဂူပုထိုးသို့ ရိုကျိုးလေးစားစွာ ကျွေးမွေးစောင့်ရှောက်ကြတာ မြန်မာတို့ရဲ့ ယဉ်ကျေးသော ဓလေ့စရိုက်တွေ ဖြစ်ပါကြောင်း၊ ဘိုးစဉ်ဘောင်ဆက် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားလာခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်းအခုလို ဂုဏ်ယူဝံ့ကြွားစွာကျင်းပခြင်းလည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုစောင့်ရှောက်ရေး သမိုင်းမှာ ခြေလှမ်းသစ်တစ်ရပ်သို့ ကမ္ပည်းတင်ရမည်" "အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းစီမံကိန်းကြီးအောင်မြင်ရေးအတွက်" ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီပေးကြပါလို့ တိုက်တွန်းပြောကြားသွားသည်။

 

   ဆက်လက်၍ ရပ်စောက်မြို့ သုခကာရီ ဘိုးဘွားရိပ်သာရှိ ဘိုး/ဘွားများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ အလှူငွေများ လှူဒါန်းရာ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက အလှူငွေ တစ်သိန်းပေးအပ်ရာ ရပ်စောက်မြို့ သုခကာရီ ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးထွန်းဦးမှ လက်ခံရယူသည်။

 

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဘိုးဘွားများအား ဂါရဝလက်ဆောင်များ ပေးအပ်ပြီး အဘိုးအဘွားများ ကိုယ်စား အဘိုး ဦးသိန်းညွှန့်က ဆုတောင်းမေတ္တာပို့သ၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် (၈၇)နှစ်အထက် အဘိုး(၃၄)ဦး၊ အဘွား(၄၄)ဦး၊ စုစုပေါင်း(၇၈)ဦး တက်ရောက်ပြီး တက်ရောက်သည့် အဘိုးအဘွားများကို တစ်ဦးလျှင် (၂၀၀၀၀)ကျပ်စီနှင့် မတက်ရောက်နိုင်သည့် အဘိုးအဘွားများကို တစ်ဦးလျှင်(၁၅၀၀၀)ကျပ်နှုန်းဖြင့် ဂါရဝလက်ဆောက်ပေးအပ်ပြီး၊ ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်ရေးမှူးမှ ဘိုးဘွားများအား အဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများအား လှူဒါန်းငွေမှာ ငွေကျပ်(၃၈၇၉၂၀၀)(သုံးဆယ့်ရှစ်သိန်းခုနှစ်သောင်းကိုးထောင်နှစ်ရာကျပ်) ဆေးတန်ဖိုးမှာ ငွေကျပ်(၄၅၇၅၀၀)(လေးသိန်းငါသောင်းခုနှစ်ထောင်ငါးရာကျပ်)ဖြစ်ပြီး၊ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကန်တော့ခံဘိုး/ဘွားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကျိုင်းတုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျိုင်းတုံ   စက်တင်ဘာ  ၂၂

 

2

 

၂၀၁၃-ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့၊ နံနက် (၀၇:၄၅)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် ဌာနဆိုင်ရာများ လိုက်ပါလျှက်  ကျိုင်းတုံမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်ရေးအတွက် နမ့်လပ်ချောင်း တိုးချဲ့တူးဖော် ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အခြေအနေများကို ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ပါသည်။ 

 

ကျိုင်းတုံမြို့၊ ဆည်မြောင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြရုံး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဘတင့်က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြရာတွင် နမ့်လပ်ချောင်းအား အကျယ် (၆၀)ပေ ရရှိအောင်တူးဖော်ပြီး ချောင်းကမ်းတစ်လျှောက် အောက်ခြေ (၂၆)ပေ၊ အပေါ်မျက်နှာပြင် (၁၂)ပေ တာဘောင်ဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လျာထားပြီး၊ ဆောင်ရွက်ရမည့် ပမာဏမှာ ချောင်းအရှည် (၈၄၀၀)ပေ၊ မြေကျင်း (၃)သောင်းခန့်ဖြစ်၍ ကုန်ကျစရိတ် (၆၁)သန်း ကုန်ကျနိုင်မည်ဖြစ်ကြောင်း တင်ပြပါသည်။ ပြည်နယ်ဝန်ကြီးချုပ်က ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့ရေဝင်နစ်မြုပ်မှု ကာကွယ်ရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မြို့ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ နမ့်လပ်ချောင်း၏ရေစီးရေလာနှင့် ချောင်းကျဉ်းသောနေရာများအား ချောင်းပေါ်ရှိ နောင်တုန် ချောင်းကျတံတားပေါ်မှ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

ထို့နောက် ကျိုင်းတုံ-မိုင်းယန်း-မိုင်းခတ်လမ်းအတိုင်း ထွက်ခွာခဲ့ပြီး ကတ်တောင်-ကတ်ထိုက် လမ်းမှတစ်ဆင့် ၂၀၁၃-ခုနှစ်၊ သြဂုတ်လ (၉)ရက်၊ (၁၀)ရက်နေ့များက မိုးသည်းထန်ပြီး တောင်ကျရေတိုက်စား သဲဖုံးမှုကြောင့် ပျက်စီးခဲ့သော ဝပ်ဆောင်းအုပ်စု၊ ဝမ်ကန်နွဲ့ရွာအနီးရှိ သဲဖုံးသည့်မြေများအား ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ပါသည်။ ဝမ်ကန်နွဲ့ဘုန်းကြီးကျောင်းအနီးရှိ ရှင်းလင်းဆောင်တွင် ဆည်မြောင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဘတင့်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဒုတိယဦးစီးမှူး ဦးဇော်မြင့်တို့က သဲဖုံးလွှမ်းမှုကြောင့် ဝပ်ဆောင်းအုပ်စုနှင့် ကတ်တောင်အုပ်စုတို့တွင် လယ် (၂၇၀)ဧက ပျက်စီးခဲ့မှု၊ ယင်းလယ်များတွင် ပဲပုပ်နှင့် နွေစပါး ပြန်လည်စိုက်ပျိုးနိုင်မည့် အခြေအနေ၊ လယ်ယာမြေများ ပြန်လည်ပြုပြင် ဆောင်ရွက်မည့် အခြေအနေ၊ နမ့်ဖူးချောင်းအား ပြန်လည်တူးဖော် ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် တောင်သူ (၆)ဦး၏ လယ် (၇)ဧကအား စံပြလယ်ယာအဖြစ် ပြန်လည်ဖော်ထုတ် ဆောင်ရွက်ပေးမည့်နေရာနှင့် ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ပြည်နယ်ဝန်ကြီးချုပ်က အမြန်ဆုံးဦးစားပေး ဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူက ဒေသခံတောင်သူများအား ရှမ်းဘာသာဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 

ထိုမှတစ်ဆင့် ကျိုင်းတုံ-တောင်ကြီးလမ်း မိုင်တိုင်အမှတ် (၃၈၉)အနီး နမ့်အောချောင်းမှ ရေယူ၍ ကျိုင်းတုံမြို့ သောက်သုံးရေဖြန့်ဝေရာ မူလရေယူကန်၊ ရေစစ်ကန်နှင့် ရေသွယ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ ရေစစ်ကန် ရှင်းလင်းဆောင်တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာက ရေစစ်ကန်လုပ်ငန်းများကို (၁၈.၄.၂၀၁၁)နေ့တွင် လုပ်ငန်းစတင်ကာ (၂၀.၁၂.၂၀၁၂)တွင် ပြီးစီးခဲ့ကြောင်း၊ တစ်နေ့ရေဂါလံ (၆)သိန်းခန့် ပေးနိုင်ပြီး ကုန်ကျစရိတ် ကျပ်သိန်း (၂)ထောင်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။ နမ့်အာချောင်း၏ ရေဝေရေလဲဒေသ မိုင်တိုင်အမှတ်(၃၈၄)အနီးတွင် ဧက(၁၅၀)အား  ရေဝေရေလဲဧကအဖြစ် ထိန်းသိမ်းစိုက်ပျိုးနေမှုများနှင့် ယခုမိုးရာသီတွင် သစ်ပင်မျိုးစုံ (၁၇၀၀၀)စိုက်ပျိုး ရှင်သန်လျှက်ရှိကြောင်း ရှင်းလင်းတင်ပြပါသည်။ ပြည်နယ်ဝန်ကြီးချုပ်က သန့်ရှင်းသော သောက်သုံးရေရရှိရေး အလေးထားဆောင်ရွက်ပေးရန်နှင့် နောင်တိုးတက်လာမည့် လူဦးရေအတွက် ရေဖူလုံရေးလိုအပ်ပါကြောင်း စီမံဆောင်ရွက်ထားရန် မှာကြားခဲ့ပါကြောင်း သတင်းရရှိသည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၄၉)နှစ်မြောက်၊ နှစ်ပတ်လည်နေ့ ကျင်းပ

တောင်ကြီး   အောက်တိုဘာ  ၀၁

1001

 

   မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၄၉)နှစ်မြောက်၊ နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ (၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြန်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ၊ ဗမာတိုင်ရင်းသားရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်အတွင်းရှိ ရဲတပ်ဖွဲ့နှင့် ရဲမေများ မိသားစုဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

 

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတို့က ဆုရရဲတပ်ဖွဲ့ဝင်များအား အသီးသီး ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

 

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ၂၀၁၂-၂၀၁၃ခုနှစ်အတွင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းခင်းကျင်းပြသထားသည့်များကို လည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တို့အကြား ချစ်ကြည်ရေး စျေးရောင်းပွဲတော် နှင့် ဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ   စက်တင်ဘာ  ၂၂

 

6

 

၂၀၁၃-ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်၊ ညနေ(၁၆:၀၀)နာရီတွင် ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တို့အကြား ညီအစ်မရင်းခြာကဲ့သို့ ချစ်ကြည်ရင်းနှီးသော မြို့များဖြစ်ရေး ရည်ရွယ်လျှက် စီစဉ်ကျင်းပသော ချစ်ကြည်ရေးကုန်စည်ပြပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက် အမှာစကားပြောကြားကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။ 

 

အခမ်းအနားဖွင့်ပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ချင်းမိုင်ခရိုင်မှ (Governor of Chiang Mai)Mr.Tanin Subhasaen နှင့် တာဝန်ရှိသူများ၊ နှစ်နိုင်ငံယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများ အင်အား(၃၀၀)ခန့် တက်ရောက်ခဲ့ပြီး၊ ချင်းမိုင်မြို့မှ ဒေသထွက်ကုန်ပစ္စည်းများ၊ ယဉ်ကျေးမှု ရိုးရာပစွည်းများ၊ ပိုးထည်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆိုင်ခန်း (၁၅)ခန်းနှင့် ကျိုင်းတုံမြို့မှ ဆိုင်ခန်း (၁၁)ခန်း ဖွင့်လှစ်ရောင်းချခဲ့ကြပြီး၊ ကုန်စည်ပြပွဲကို (၂၂.၉.၂၀၁၃) နှင့် (၂၃.၉.၂၀၁၃) နှစ်ရက် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရပါသည်။

 

၂၀၁၃-ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် ကျိုင်းတုံဟိုတယ်သစ်၊ အစည်းအဝေးခန်းမ၌ ကျိုင်းတုံ-ချင်းမိုင် အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး၊ ထိုင်းနိုင်ငံဘက်မှ (Governor of Chiang Mai)Mr.Tanin Subhasaen  ဦးဆောင်သော ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုန်သည်ကြီးများအဖွဲ့မှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

 

ဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် (Governor of Chiang Mai)Mr.Tanin Subhasaen  တို့က အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပြီး တက်ရောက်လာသူများက နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် နယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်ရေး၊ ကျိုင်းတုံနှင့် ချင်းမိုင်ဒေသအတွင်း အသိအမြင်ဗဟုသုတများဖလှယ်ရေး၊ ကျိုင်းတုံနှင့် ချင်းမိုင်တို့ အမွှာမြို့တော်များအဖြစ် အပြန်အလှန် ယဉ်ကျေးမှုဖလှယ်ရေး၊ ခရီးသွားကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းများ တို့မြှင့်ဆောင်ရွက်ရေး၊ နယ်စပ်ဧရိယာများတွင် တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်သော မီးခိုးငွေ့ ပြဿနာများ ပူးပေါင်းဖြေရှင်းရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးတို့အတွက် အကြံပြုဆွေးနွေးကြပါသည်။

 

ယင်းနောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် (Governor of Chiang Mai) Mr.Tanin Subhasaen တို့က နိဂုံးချုပ် အမှာစကားများ အသီးသီး ပြောကြားပြီး၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခြင်းများပြုလုပ်ကာ (၁၁:၀၀)နာရီတွင် အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းကြောင်း သတင်းရရှိသည်။

 

တောင်ကြီးတက္ကသိုလ် (၃)ထပ်စာသင်ဆောင်(၃)လုံး ထပ်မံတည်ဆောက်ရန်အတွက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တင်ဒါရွေးချယ်အောင်မြင်ခဲ့သော ကုမ္ပဏီများ တွေ့ဆုံမိတ်ဆက်ခြင်း

တောင်ကြီး  စက်တင်ဘာ လ ၂၅ ရက်

 

2

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်) မန္တလေးမြို့မှ တောင်ကြီး တက္ကသိုလ်တွင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့် တည်ဆောက်မည့် (၃)ထပ်စာသင်ဆောင် (၁၉၂+ ထ ၃၈+) သံကူကွန်ကရစ် (ရေမီးအပါအဝင်) (၃)လုံးအား ခွင့်ပြုပေးခဲ့ပါသည်။

 

တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်တင်ဒါ စိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီနှင့် ပြည်နယ်ကြမ်းခင်းဈေး တွက်ချက်ရေးလုပ်ငန်းကော်မတီတို့မှ (၁၆-၉-၂ဝ၁၃)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ အိတ်ဖွင့်တင်ဒါရွေးချယ်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

 

တင်ဒါရွေးချယ်ရေးလုပ်ငန်းကော်မတီမှ တင်ပြခဲ့သော ကုမ္ဋဏီများအား (၁၇-၉-၂ဝ၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးအမှတ်စဉ် (၂၁/ ၂ဝ၁၃) ဆုံးဖြတ်ချက်အပိုဒ်- ၇(ဇ)ဖြင့် (၁) အောင်ချမ်းသာကုမ္ပဏီ (၂) Rising Sun ကုမ္ပဏီ (၃) ပြည့်ဝခိုင်မာကုမ္ပဏီတို့အား တင်ဒါရွေးချယ်အောင်မြင်သော ကုမ္ပဏီများအဖြစ် အတည်ပြုရွေးချယ်ခဲ့ပါသည်။

 

(၂၅-၉-၂ဝ၁၃)ရက်နေ့ နေ့လည်(၂)နာရီအချိန်တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ တောင်ကြီးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် တင်ဒါရွေးချယ်အောင်မြင်သော ကုမ္ပဏီများနှင့် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို တောင်ကြီးတက္ကသိုလ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

 

အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်မှ တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် မိတ်ဆက်ပေးပါသည်။ ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ တင်ဒါစာချုပ်အား (၂၆-၉-၂ဝ၁၃)ရက်နေ့တွင် ချုပ်ဆိုသွားရန် မှာကြားပါသည်။ 

 

ပြည့်ဝခိုင်မာကုမ္ပဏီမှ တက္ကသိုလ်အဆောင်များ ဆောက်လုပ်ခဲ့သည့် အတွေ့အကြုံရှိသဖြင့် အထွေအထူး တင်ပြရန်မရှိကြောင်း၊ ဆောက်လုပ်မည့် အချိန်ကာလကို သတ်မှတ်ပေးစေလိုကြောင်း တင်ပြပါသည်။

 

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ စာသင်ဆောင်များအား (၁-၁ဝ-၂ဝ၁၃)မှ (၂ဝ-၃-၂ဝ၁၄) ရက်နေ့အထိ သတ်မှတ်ကာလ(၆)လအတွင်း အပြီးဆောက်လုပ်ပေးရန်၊ ကျောင်းသား/ ကျောင်းသူများဖြစ်ကြတဲ့ သားသမီးများ ပညာသင်ကြားမည့် အဆောက်အဦများဆောက်လုပ်ရာတွင် သတ်မှတ်အရည်အသွေးပြည့်မှီအောင်  ဆောက်လုပ်ပေးကြရန်နှင့် ရေမီးအစုံအလင်ဖြင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောက်လုပ်ပေးကြရန်ကိုလည်း အလေးအနက် မှာကြားခဲ့ပါသည်။

 

Rising Sun ကုမ္ပဏီမှ ရှမ်းပြည်နယ်၏ အထင်ကရဖြစ်သော တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပြိုင်ပွဲနှင့် တိုက်ဆိုင်နေပါ၍ ဒေသခံ အလုပ်သမားများဖြင့် လုပ်ငန်းဆောင်ရွက်ရန် အခက်အခဲနှင့် ကြုံတွေ့ရမည်ဖြစ်ပါ၍ ရပ်ဝေးဒေသမှ အလုပ်သမားများကို အသုံးပြုခွင့်ပေးစေလိုကြောင်း၊ ဒေသခံများအား အခြားလုပ်ငန်းများတွင် အသုံးပြုပေးမည် ဖြစ်ပါကြောင်း၊ အလုပ်သမားများအား ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း နေထိုင်ခွင့် ပြုစေလိုကြောင်းနှင့် အဆောက်အဦဟောင်းများ ဖျက်သိမ်းရှင်းလင်းရာတွင် တယ်လီဖုန်းကြိုး၊ မီးကြိုးများကိုလည်း ရွှေ့ပြောင်းရမည် ဖြစ်ပါ၍ သတ်မှတ်အချိန်ကာလအတွင်း ထည့်သွင်းပေးစေလိုပါကြောင်း တင်ပြဆွေးနွေးပါသည်။

 

တက္ကသိုလ်ပါမောက္ခချုပ်မှ ကျောင်းအတွင်း၌ ကျောင်းသား/ သူများ စာသင်ကြားရာတွင် အနှောက်အယှက်ဖြစ်နိုင်ပါ၍ ဆောက်လုပ်ရေးအလုပ်သမားများအား ကျောင်းဝင်းအတွင်း နေထိုင်ခွင့် မပြုနိုင်ပါကြောင်း၊ တက္ကသိုလ်အားကစားရုံအရှေ့ရှိ ကတ္တရာလမ်းအပေါ်ဘက် တောင်ကြောများတွင် ယာယီတဲများ ဆောက်လုပ်၍ လုပ်ငန်းများပြီးဆုံးသည်အထိ နေထိုင်၍ရပါကြောင်း ပြန်လည်ရှင်းလင်းပြောကြားပါသည်။

 

ထို့နောက် စာသင်ဆောင်များဆောက်လုပ်မည့် မြေနေရာကို သွားရောက်ကြည့်ရှုခဲ့ကြပြီး အဆောင်(၁) နေရာအား အောင်ချမ်းသာ ကုမ္ပဏီ၊ အဆောင်(၂)နေရာအား Rising Sun ကုမ္ပဏီ၊ အဆောင်(၃)နေရာအား ပြည့်ဝခိုင်မာကုမ္ပဏီတို့ကို ဆောက်လုပ်ရမည့်မြေနေရာ ရွေးချယ်သတ်မှတ်ပေးခဲ့ကြပြီး၊ အဆောက်အဦမျက်နှာစာကို အရှေ့ဘက်သို့ လှည့်ဆောက်ရန်ကိုလည်း သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။ အဆောက်အဦအဟောင်းများကို ဝန်ထမ်း အိမ်ယာများ ပြန်လည်ဆောက်လုပ်နိုင်ရေးအတွက် အဆောက်အဦအဟောင်းများ ဖျက်သိမ်းရာတွင် ဂရုတစိုက် ဖျက်သိမ်းပေးရန်ကိုလည်း မှာကြားခဲ့ပါသည်။

 

အဆောက်အဦအဟောင်းများ အားလုံးဖျက်သိမ်း၍ ပန္နက်ချဆောင်ရွက်မည့် ကဏ္ဍရောက်သည့်အခါတွင် ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုကို ခံယူသွားကြရန် သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Mercy Corps အဖွဲ့အစည်း တွေ့ဆုံ

တောင်ကြီး  စက်တင်ဘာ  ၂၄

 

20130924

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စက်တင်ဘာ(၂၄)ရက်၊ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ Mercy Corps အဖွဲ့အစည်း Jenny Vaughan  ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံသည်။

 

   တွေ့ဆုံမှုတွင် Jenny Vaughan မှ ဆွေးနွေးရာ မိမိတို့ အဖွဲ့အစည်းသည် အမေရိကန်နိုင်ငံ အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ လူတိုင်းအသုံးဝင်သည့် သဘာဝအရင်းအမြစ်စီမံခန့်ခွဲရေး စီမံကိန်းလုပ်ငန်းများကို ရှမ်းပြည်နယ်အတွင်းတွင် (၂)နှစ်လုပ်ကိုင်ဆောင်ရွက်ပြီး၊ ၂၀၁၃-ခုနှစ်၊ ဒီဇင်ဘာလတွင် သင်တန်းဖွင့်လှစ်ပေး၍ ပြည်သူလူထု (၅၀)ဦး ရွေးထုတ်ကာ နှစ်ဦးနှစ်ဘက် တင်းမာမှုများ၊ လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုလုပ်ငန်းများကို သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသွားသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဆွေးနွေးပြောကြားရာ အင်းလေးကန်ဒေသ (၅)မြို့နယ်ကို ဟောပြောပွဲအဖြစ် ပြည်သူလူထုတွေကို အသိပညာပေး ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည့် အကူအညီများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသွားကြောင်း သိရှိရသည်။

 

More Articles...

  1. အမှတ်(၁၃) တွဲဘက်အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)သည် အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်
  2. ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ဂျာမနီနိုင်ငံမှ Miss Inina Sheffmam, Head of Programm ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ
  3. ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ
  4. ကျိုင်းတုံ၌ သမ္မတရုံးဝန်ကြီးများနှင့် တွေ့ဆုံပွဲပြုလုပ်
  5. ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ဆက်လက် ကျင်းပ
  6. ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပ
  7. နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပ
  8. ရှမ်းပြည်နယ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပ
  9. ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပ
  10. ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 63 guests and no members online

Latest Updates