သတင်းများ

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့ပြစီမံကိန်းများ (Town Development Plan)ကို စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  သြဂုတ်  ၂၁

 

2

 

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့ပြစီမံကိန်းများ (Town Development Plan)ကို စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်(၂၁)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပြစီမံကိန်းရေးဆွဲမည့် မြို့(၆)မြို့မှ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော်၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာမှူးကြီး ဒေါ်လှိုင်မော်ဦးက မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး တင်ပြသည်။

 

ထို့နောက် ရှမ်းပြည်နယ် စီမံကိန်းဦးစီးရုံးမှ ဒုတိယညွန်ကြားရေးမှူး၊ ဦးကျော်ဆန်းဦးက ဆွေးနွေးတင်ပြပြီး၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသိန်းဦးတို့က ဆွေးနွေးကြသည်။

 

၎င်းနောက် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့ပြစီမံကိန်း (Town Development Plan) ရေးဆွဲခြင်းကို တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် (၂၁.၈.၂၀၁၃ မှ ၂၃.၈.၂၀၁၃)ရက်အထိ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းကို ရှမ်းပြည်နယ်အတွင်းရှိ လူဦးရေ တစ်သိန်းအထက်ရှိသော တောင်ကြီးမြို့၊ ကလောမြို့၊ လားရှိုးမြို့၊ မူဆယ်မြို့၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ စုစုပေါင်း(၆)မြို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ရောင်းချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  သြဂုတ်  ၂၀

 

3

 

ရှမ်းပြည်နယ်၏ တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ရောင်းချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်(၂၀)ရက်၊ ညနေ(၄)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ တက်ရောက် အမှာစကား ပြောကြားသည်။

 

ဆက်လက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်မန်နေဂျာ ဦးကျော်သက်က မိုဘိုင်းဖုန်းရောင်းချနိုင်ရေး အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ လက်ထောက်အင်ဂျင်နီယာ ဦးမြင့်သောင်းက Sim Card ထုတ်ယူရရှိမှု အခြေအနေများ၊ Numbering ကိစ္စရပ်များ ရှင်းလင်း တင်ပြကြသည်။

 

ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ လက်ထောက်မန်နေဂျာ ဦးထွန်းခင်က ယခင်လများတွင် ရောင်းချခဲ့သော တန်ဖိုးနည်း မိုဘိုင်းဖုန်း ထုတ်ပေးစာရင်း ရရှိမှု အခြေအနေနှင့် ငွေစာရင်း Account ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး၊ အထွေထွေ ကိစ္စရပ်များ ဆွေးနွေး တင်ပြကြသည်။

 

၎င်းနောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။ ယခုလတွင် ရှမ်းပြည်နယ်အတွင်း တန်ဖိုးနည်း မိုဘိုင်းဖုန်း ထုတ်ပေးမှုမှာ CDMA - 800 MHz (၁၅၆၀၀)လုံး၊ GSM (၁၃၀၀၀)လုံး ရှိပြီး၊ ဖုန်းလျှောက်လွှာများကို (၂၁.၈.၂၀၁၃)ရက်နေ့မှ (၂၃.၈.၂၀၁၃)ရက်နေ့အထိ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင် လက်ခံသွားမည်ဖြစ်ပြီး (၂၃.၈.၂၀၁၃)ရက်နေ့၊ နံနက်(၁၀)နာရီတွင် မဲနှိုက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အေးသာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ရွေးချယ်ပွဲ ကျင်းပ

တောင်ကြီး  သြဂုတ်  ၁၈

 

2


ရှမ်းပြည်နယ်၊ အေးသာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ရွေးချယ်ပွဲကို သြဂုတ်(၁၈)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာစက်မှုဇုန်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင် တက်ရောက် အမှာစကားပြောကြားရာ "အေးသာယာစက်မှုဇုန်တွင်ရှိသည့် လုပ်ငန်းရှင်များကို အများဆန္ဒအရ ရွေးချယ်ပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီဝင်များ ရွေးချယ်ခြင်းဖြစ်ကြောင်း၊ စက်မှုဇုန်တွင်ရှိသော အသေးစားနှင့် အလတ်စားလုပ်ငန်းစုများ ဖွံ့ဖြိုးဖြစ်ထွန်းမှုများသည် နိုင်ငံတော်၏ စီးပွားရေးနှင့် မြို့ပြဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ပါကြောင်း၊ ရှမ်းပြည်နယ် အေးသာယာစက်မှုဇုန်ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်မှုလုပ်ငန်းရှင်များနှင့် အသေးစား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းစုများ တိုးတက်ဖွံ့ဖြိုးရန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး စက်မှုဇုန်ကို စနစ်တကျ စုပေါင်းတာဝန်ယူရန်အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းရန် လိုအပ်လာပြီဖြစ်ကြောင်း၊ ဖွဲ့စည်းဆောင်ရွက်ရာမှာ စနစ်တကျဖြင့် ဆောင်ရွက်ပြီး ရေရှည်မှာ ရပ်တည်နိုင်ပြီး၊ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် စိတ်ရင်းစေတနာကောင်းဖြင့် စည်းလုံးညီညာစွာ အလေးထားဆောင်ရွက်ကြရန်" တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍ စီမံခန့်ခွဲရေးကော်မတီဝင်၊ ရွေးချယ်ပွဲကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျမှ ဆန္ဒမဲပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ စက်မှုလုပ်ငန်းရှင်များမှ အများဆန္ဒအရ ရွေးချယ်စုစည်းပေးသည့် ကိုယ်စားလှယ်လောင်း(၃၈)ဦးထဲမှ ကော်မတီဝင်အဖြစ်(၁၅)ဦးကို ရွေးချယ်ဆန္ဒမဲပေးရမည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ အေးသာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဝင်ရွေးချယ်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်မှုဇုန်ကော်မတီဝင်များ၊ စက်မှုလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။


ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် ပြည်သူလူထုများ တွေ့ဆုံပွဲကျင်းပ

တောင်ကြီး    သြဂုတ်   ၂၀

 

1

 

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူလူထုများ တွေဆုံပွဲအခမ်းအနားကို သြဂုတ်(၂၀)ရက် နေ့လည်(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌများ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်/ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က အမှာစကားပြောကြားပြီး ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်က ပြည်နယ်လွှတ်တော်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

 

   ဆက်လက်ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က တရားစီရင် ဆုံးဖြတ်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးသိန်းမြင့်က စာရင်းအင်းကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

 

   ထို့နောက် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်က ဥပဒေရေးရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြိုင်က တောင်ကြီးခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

   ၎င်းနောက် အခမ်းအနားတက်ရောက်လာကြသည့် မြို့နယ်/ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများမှ အသီးသီးမေးမြန်းတင်ပြကြပြီး၊ သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

 

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

 

ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ ပန်းတောကျေးရွာ လျှပ်စစ်မီးလင်းရေး ကွင်းဆင်းဆောင်ရွက်

တောင်ကြီး  သြဂုတ်  ၁၈

 

1


ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ ပန်းတောကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် သြဂုတ်(၁၈)ရက်၊ နံနက်(၉)နာရီက ပန်းတောကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ လျှပ်စစ်မီးလင်းရေးကော်မတီအဖွဲ့များ၊ ဒေသခံမိဘပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင် အဖွင့်အမှာစကားပြောကြားရာတွင် " ကျေးရွာတိုင်း၊ ကျေးလက်ဒေသတိုင်း ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေးအတွက်နှင့် ကျေးလက်ဒေသလူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျေးရွာတိုင်းသည် လျှပ်စစ်မီးလင်းမှ TV များ၊ ဂြိုလ်တုစလောင်းများ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း" ပြောကြားသွားသည်။

ဆက်လက်၍ ပန်းတောကျေးရွာမှ ပြည်သူများမှ လိုအပ်ချက်များ တင်ပြရာ " ယခုလက်ရှိ ပန်းတောကျေးရွာတွင် အခြေခံပညာမူလတန်းလွန်ကျောင်း တစ်ကျောင်းသာရှိပြီး မူလွန်ကျောင်းမှ ကျောင်းသား/သူများ အောင်မြင်ပါက အလယ်တန်းအဆင့် တက်ရောက်ရန် အဆင်မပြေဒုက္ခရောက်ကြောင်း၊ အချို့မှာ ကျွဲကျောင်း၊ နွားကျောင်းနေရကြောင်း၊ အပြင်လောကတွင် ပညာမတတ် ယောင်လည်လည်ဖြစ်နေရကြောင်း " ပန်းတောကျေးရွာ ပြည်သူများက တင်ပြကြသည်။

ထို့နောက် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးမှ လိုအပ်ချက်များကို ဖြည့်စွက်မှာကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

အဆိုပါ တောင်ကြီးမြို့နယ်၊ မိုင်းသော်ကျေးရွာအုပ်စု၊ ပန်းတောကျေးရွာ လျှပ်စစ်မီးရရှိရေးတွင် အိမ်ခြေ(၁၅၀)၊ လူဦးရေ(၆၀၀)ရှိပြီး ၂၀၁၃-ခုနှစ် စက်တင်ဘာလတွင် ငွေကျပ် သိန်း(၂၀၀) မတည်၍ နှစ်လတစ်ကြိမ် သိန်း(၂၀၀)သွင်းပြီး လုပ်ငန်းများကို ၂၀၁၃၊ အောက်တိုဘာလတွင် စတင်လုပ်ကိုင်မည်ဖြစ်ပြီး ကုန်ကျငွေကျပ် သိန်း(၆၀၀)ကုန်ကျမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

" အင်းလေးဟိုတယ်ဇုန်စီမံကိန်းရှိ လျော်ကြေးငွေမယူသော မြေမှ လယ်သမားများအား စခန်းမှူးမှ ရိုက်နှက်ခြင်း " ခေါင်းစဉ်ဖြင့် အင်တာနက်သတင်း ဖော်ပြခြင်းသည် မဟုတ်မှန်ကြောင်း စစ်ဆေးတွေ့ရှိရ

တောင်ကြီး  သြဂုတ်  ၁၉

 

   " အင်းလေးဟိုတယ်ဇုန်စီမံကိန်းရှိ လျော်ကြေးငွေမယူသော မြေမှ လယ်သမားများ အား စခန်းမှူးမှ ရိုက်နှက်ခြင်း " ခေါင်းစဉ်ဖြင့် (၁၁.၈.၂၀၁၃)ရက်နေ့တွင်  သစ်ထူးလွင် သတင်း ဝက်ဆိုက်(ဒ်)၌ ဖော်ပြထားသည်ကို  တွေ့ရှိရသည်။

 

   ယင်းဖြစ်စဉ် အမှန်မှာ (၁၁-၈-၂၀၁၃)ရက်နေ့ (၀၉၁၅)နာရီအချိန်တွင် ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ ဟိုတယ်ဇုန်တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင် C ဇုန်၊ လမ်းအမှတ်(၁)တွင် အင်ကြင်းကုန်းကျေးရွာမှ အောင်ကျော်မျိုး၏ အစ်မဖြစ်သူ မအေးဝင်း(ဘ)ဦးချစ်မောင်၊ ဇနီး ဒေါ်မြစ်၊ အောင်ကျော်မျိုး၏ အစ်မငယ် အမည်(စိစစ်ဆဲ)၊ မိသားစု(၃)ဦးတို့မှ မြေဖို့ခြင်းဆောင်ရွက်နေသော Back Hole စက်(၂)စီး၊ ဒိုဇာစက်(၂)စီးဖြင့် လုပ်ငန်းဆောင်ရွက်နေခြင်းအား ရပ်နားပေးရန် Back Hole စက်ရှေ့တွင် ဝင်ရောက် ဟန့်တားခဲ့သဖြင့် ဟိုတယ်ဇုန်၌ အသင့်ရောက်ရှိနေသော ညောင်ရွှေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှ၊ ညောင်ရွှေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြီးမြင့်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မောင်ဝင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမင်းသိန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီး ဦးကိုကိုဦးတို့မှ လုပ်ငန်းခွင် အတွင်း ဝင်ရောက်နှောက်ယှက်ခြင်း မပြုရန် ဖျောင်းဖျပြောဆိုခဲ့ရာ (၀၉၂၅)အချိန်တွင် အဆိုပါ မိသားစု(၃)ဦးမှာ လုပ်ငန်းခွင်အတွင်းမှ ပြန်လည်ထွက်ခွာသွားပါသည်။

 

   (၁၀၀၀)နာရီအချိန်တွင် အောင်ကျော်မျိုး၏ အစ်ကိုဖြစ်သူ သိန်းထွန်းဆိုသူမှာ အရက်သေစာ သောက်စားမူးယစ်ပြီး ဟိုတယ်ဇုန်လုပ်ငန်းခွင်အတွင်း အတင်းဝင်ရောက်ရန်ပြုရာ လုံခြုံရေးတာဝန်ကျ ရဲအုပ် စိုင်းနော်ခမ်းလွင်နှင့် တပ်ဖွဲ့ဝင်များမှ ဒိုင်းများဖြင့် ပိတ်ဆို့ကာရန် ထားရာမှ အတင်းတိုးဝင်၍ အရက်မူးနေသဖြင့် ရဲအုပ် စိုင်းနော်ခမ်းလွင်မှ ဝင်ရောက်ခြင်း မပြုရန် လက်ဖြင့် တွန်းခဲ့ခြင်းဖြစ်ပြီး ဝိုင်းဝန်းရိုက်နှက်ခြင်း လုံးဝ(လုံးဝ)မပြုလုပ်ခဲ့ပါ။

 

   နန်းပန်ဆေးရုံတွင်  တက်ရောက်ဆေးကုသသည်မှာလည်း မဟုတ်မမှန် တင်ပြခြင်းဖြစ်ပြီး နန်းပန်ဆေးရုံမှ ဒေါက်တာ ဆွေလဲ့ထူး၏ ပြောပြချက်အရ သိန်းထွန်းသည် (၁၁-၈-၂၀၁၃) ရက်နေ့ (၁၃၃၀)နာရီအချိန်ခန့်တွင် နန်းပန်ဆေးရုံသို့ ရောက်ရှိလာပြီး ရဲမှရိုက်၍ အစာမျို၊ ရေမျိုလို့ မရကြောင်း ပြောသဖြင့် စမ်းသပ်ကြည့်ရာ မေးစေ့အောက်တွင် နီရဲဒဏ်ရာ (၁)လက်မခန့် (၁)ခု၊ လျှာသွားကိုက်မိ ဒဏ်ရာ (၁)စင်တီမီတာခန့် တွေ့ရှိ၍ အကိုက်အခဲပျောက်ဆေး ထိုးပေး ခဲ့ကြောင်း၊ (၁၄၀၀)နာရီအချိန်တွင် ဆေးရုံမှ ပြန်သွားကြောင်း သိရှိရသည်။

 

   ကိုသိန်းထွန်းရရှိသည့် ဒဏ်ရာမှာ ထိုးကြိတ်ကန်ကျောက်ခြင်းကြောင့် ရရှိသည့် ဒဏ်ရာ မဟုတ်ဘဲ လုံခြုံရေးအဖွဲ့မှ တားဆီးထားသည့် နေရာအတွင်း ဇွတ်အတင်းဝင်ရောက်ရာမှ ၎င်း၏တိုးဝှေ့ခြင်းကြောင့် ခိုက်မိသည့် ဒဏ်ရာသာ ဖြစ်နိုင်ပါကြောင်း အများပြည်သူသိရှိနိုင်ရန် ပြန်လည်ရှင်းလင်း တင်ပြခြင်း ဖြစ်ပါသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ဆောက်လုပ်မည့် မြေနေရာ ကွင်းဆင်းကြည့်ရှု့စစ်ဆေး

တောင်ကြီး   သြဂုတ်   ၁၇

 

4

 

   မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးနှင့် အလားအလာရှိသော မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ အေးသာယာမြို့တွင် အားကစားနည်း(၁၀)နည်းတွင် ကျောင်းသူ/ကျောင်းသား(၁၅၀)ဦး လက်ခံ သင်ကြားနိုင်ရေးအတွက် အဆောက်အဦများ ဆောက်လုပ်နိုင်ရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍရေးနှစ်တွင် ကျပ်သန်း(၁၅၀၀)ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(တောင်ကြီး)တွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ အလားအလာရှိသော မျိုးဆက်အားကစားသမားများကို စိစစ်ရွေးချယ်ပြီး ခေတ်မီအားကစားနည်းစနစ်များ လေ့ကျင့်ပေးခြင်း၊ B.Sc(Sports) ဘွဲ့ရသည့်အထိ အတန်းပညာ သင်ကြားပေးခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး မြင့်မားရေးအတွက် သင်ကြားလေ့ကျင့်ပေးခြင်းများကို အားကစား ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ဘဏ္ဍရေးနှစ်အလိုက် ကျောင်းသူ/ကျောင်းသား(၃၀၀)ဦးအထိ လက်ခံ၍ အားကစားနည်းများ ထပ်မံတိုးမြင့် သင်ကြားလေ့ကျင့်ပေးရန် ရည်ရွယ်ထားပါကြောင်း သိရှိရပါသည်။

 

   ထို့ကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍရေးနှစ်အတွင်း အားကစားသမားများအတွက် အိပ်ဆောင်၊ ထမင်းစားဆောင်၊ စာသင်ဆောင်၊ အားကစားကွင်း/ရုံများ၊ အုပ်ချုပ်ရေးမှူးရုံး၊ ဆေးခန်း၊ စတို၊ ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်နိုင်ရေးအတွက် အားကစားဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲအပ်ပြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၏ လမ်းညွှန်ချက်အရ ပြည်နယ်စီမံကိန်းနှင့် စီပွားရေး ဝန်ကြီး ဦးအောင်ကျော်ညွန့်၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြိုင်၊ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း၊ မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါ၍ သြဂုတ်(၁၇)ရက် နံနက်(၈)နာရီတွင် တောင်ကြီးခရိုင်၊ အေးသာယာမြို့၊ အမှတ်(၁)၊ အကွက်အမှတ်(၈၆)ရှိ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(တောင်ကြီး) ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု

တောင်ကြီး  သြဂုတ် 

 

4

5

 


တောင်ကြီးမြို့နယ်၊ ၂၀၁၃-ခုနှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု စံပြကျောင်းဆုပေးပွဲနှင့် ငွေပဒေသာပင်စိုက်ထူပွဲကို (၁၀-၈-၂၀၁၃)ရက် စနေနေ့၌ တောင်ကြီးမြို့၊ အထက(ခွဲ) လ(၃)ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်တို့ တက်ရောက်ခဲ့ပြီး ကျောင်းကျန်းမာရေးစံပြဆုရကျောင်းများအား Grade(A+) 3 ဆု၊ Grade(A) 10 ဆု၊ Grade(B) 8 ဆု၊ Grade(D) 20 ဆု အဆင့်လိုက်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကါသည်။
၁၉၉၅-ခုနှစ်မှ စတင်၍ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ Global School Health Initiative အစီအစဉ်ဖြင့် ကမ္ဘာတစ်ဝန်လုံးတွင် ကျောင်းကျန်းမာရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ရာ မြန်မာနိုင်ငံတွင် ၁၉၉၆-ခုနှစ်မှ စတင်၍ ကျောင်းကျန်းမာရေး အဆင့်မြှင့်ကျောင်းများထူထောင်ရေးစီမံချက်ကို ရေးဆွဲ အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ မြို့နယ်အားလုံးတွင် လွှမ်းခြုံအကောင်အထည်ဖော်လျက်ရှိပြီ ဖြစ်ပါသည်။
ကျောင်းကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ "တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်၍ ပညာရည်မြင့်မားရေး" ဟူသော လူမှုရေးဦးတည်ချက်ဖြင့် ကျန်းမာရေးမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာ "ကျောင်းကျန်းမာရေးလုပ်ငန်း" စီမံချက်ဖြင့် မျိုးဆက်သစ် ကျောင်းသားလူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။


ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ ပြည်နယ်တရားရေးဦးစီးမှူးများ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   သြဂုတ်   ၁၆

 

3

 

   ရှမ်းပြည်နယ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ ပြည်နယ်တရားရေးဦးစီးမှူးများ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်(၁၆)ရက် နံနက်(၉))နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် က အဖွင့်အမှာ စကားပြောကြားသည်။

 

   ဆက်လက်၍ ရပ်စောက်မြို့နယ်တရားရုံးမှ ဒုတိယမြို့နယ်တရားသူကြီး ဒေါ်မေလင်းထူးမှ ကျမ်းသစ္စာဆိုပြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကျင်းပသော ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်အပေါ် ပြည်နယ်လွှတ်တော် တရားသူကြီးချုပ်မှ ထပ်ဆင့် ရှင်းလင်းမှာကြားသည်။

 

   ထို့နောက် ပြည်နယ်လွှတ်တော် တရားသူကြီး(၁) ဒေါ်ခင်မေတင့်၊ ပြည်နယ်လွှတ်တော် တရားသူကြီး(၂) ဦးခင်မောင်ဌေးတို့က တရားရေးဆိုင်ရာကိစ္စရပ်များကို အသီးသီးရှင်းလင်းမှာကြားသည်။

 

   ၎င်းနောက် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ချယ်ရီကြည်မှ ရှင်းလင်းမှာကြား၍ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စိုးယုမှ ငွေစာရင်း၊ ထောက်ပံ့ရေးရာကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားကြသည်။

 

   ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာတင်မှ ပြစ်မှု၊ တရားမမှုမှတ်တမ်းများ ဆောင်ရွက်သည့် ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ မှာကြားချက်များကို ဆွေးနွေးတင်ပြပြီး ခရိုင်တရားသူကြီးများနှင့် မြို့နယ်တရားသူကြီးများမှ တင်ပြလိုသည့် အချက်အလက်များ တင်ပြရာ ပြည်နယ်တရားရေးဦးစီးမှူးမှ ပြန်လည်ရှင်းလင်း ပြောကြားသည်။

 

   ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

၂၀၁၃-ခုနှစ်၊ တောင်ကြီးဇုန်တက္ကသိုလ်များ(အမျိုးသား)ဘော်လီဘောပြိုင်ပွဲ ကျင်းပ

တောင်ကြီး  သြဂုတ် ၁၈

 

3


ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းသည် (၁၅-၈-၂၀၁၃)ရက်နေ့ တောင်ကြီးတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်သော ၂၀၁၃-ခုနှစ်၊ တောင်ကြီးဇုန်တက္ကသိုလ်များ(အမျိုးသား) ဘော်လီဘောပြိုင်ပွဲသို့ တက်ရောက်၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပါသည်။

တောင်ကြီးတက္ကသိုလ်မှ တာဝန်ခံကျင်းပမည့် တောင်ကြီးဇုန်တက္ကသိုလ်များ(အမျိုးသား) ဘော်လီဘောပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကစားကြမည့် တောင်ကြီးတက္ကသိုလ်၊ ပင်လုံတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်နှင့် လွိုင်ကော်တက္ကသိုလ်များရှိ ကျောင်းသား/သူများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ဘော်လီဘောအားကစား အဆင့်အတန်းမြင့်မားရေးကို ဦးတည်ပြီး ဘော်လီဘောပြိုင်ပွဲများကို ကျင်းပရခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါ ပြိုင်ပွဲအား ၂၀၁၃-ခုနှစ်၊ သြဂုတ်(၁၅)ရက်မှ သြဂုတ်(၁၈)ရက်နေ့အထိ ကျင်းပခဲ့ပါသည်။
၂၀၁၃-ခုနှစ်၊ တောင်ကြီးဇုန်တက္ကသိုလ်များ(အမျိုးသား) ဘော်လီဘောပြိုင်ပွဲ အမျိုးသားဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၁၈-၈-၂၀၁၃)ရက် (တနင်္ဂနွေနေ့)၌ တောင်ကြီးတက္ကသိုလ်အားကစားကွင်း၌ ကျင်းပခဲ့ရာ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ တောင်ကြီးတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့်နှင့် သက်ဆိုင်ရာ တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ အခြေခံပညာ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ဘော်လီဘောပြိုင်ပွဲတွင် နေရာလိုက် အကောင်းဆုံးဆုရအားကစားသမားများဆုကို ကျိုင်းတုံတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်စိုးမြင့်နှင့် တောင်ကြီးတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဒေါ်ကျင်အေးတို့မှ လည်းကောင်း၊ ဒုတိယဆုရ တောင်ကြီးတက္ကသိုလ်အသင်းအား တောင်ကြီးတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့်မှ လည်းကောင်း၊ ပထမတံခွန်စိုက်ဆုဖလားရရှိသော လွိုင်ကော်တက္ကသိုလ်အသင်းအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းမှ လည်းကောင်း အသီးသီး ဆုများကို ချီးမြှင့်ပေးခဲ့ပါသည်။

ရှမ်းပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ၂၀၁၃ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

တောင်ကြီး   သြဂုတ်   ၁၅

 

2

 

   ရှမ်းပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ၂၀၁၃ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်(၁၅)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်မန်နေဂျာရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက တက်ရောက်အမှာ စကားပြောကြားသည်။

 

   ဆက်လက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရှမ်းပြည်နယ် လက်ထောက်အထွေထွေမန်နေဂျာ ဦးကျော်သက်မှ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ တင်ပြ၍ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လက်ထောက်အင်ဂျီနီယာ ဦးမြင့်သောင်းမှ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းကိစ္စရပ်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွဲဘင်ပြည်နယ်မန်နေဂျာ ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဘက်ပြည်နယ်မန်နေဂျာ ဦးသိန်းဇော်တို့က ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို အသီးသီးတင်ပြရှင်းလင်းကြသည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူမှ လုပ်ငန်းတင်ပြချက်အပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး၊ နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရှိရသည်။

 

   အဆိုပါ ရှမ်းပြည်နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ၂၀၁၃ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်မန်နေဂျာ၊ ရှမ်းပြည်နယ်(တောင်ပိုင်း/မြောက်ပိုင်း/အရှေ့ပိုင်း) တွဲဖက်ပြည်နယ်မန်နေဂျာများ၊ တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်ရှိ မြို့နယ်များတို့မှ တာဝန်ခံ အင်ဂျင်နီယာများ၊ အရာရှိများနှင့် ဌာနတာဝန်ခံများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

More Articles...

  1. တောင်ကြီးတက္ကသိုလ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကာယကြံခိုင်မှု အားကစားပြိုင်ပွဲ ကျင်းပ
  2. ရှမ်းပြည်နယ်လွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်(၁၁)ဦးအား ညှိနှိုင်းအစည်းအဝေး ဖိတ်ကြားခြင်း
  3. ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပမည့်
  4. ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အမေရိကန်နိုင်ငံမှ Dr. John L.Williams ဦးဆောင်သော PEACE CORPS အဖွဲ့ လာရောက်တွေ့ဆုံ
  5. ပြည်နယ်လူမှုရေး ဝန်ကြီး၊ ဆေးတက္ကသိုလ်တည်ဆောက်မည့် မြေနေရာကွင်းဆင်းကြည့်ရှု
  6. ၂၀၁၃-ခုနှစ်၊ ရှမ်းပြည်နယ်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဖွင့်ပွဲကျင်းပ
  7. ရှမ်းပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံး တို့၏၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
  8. ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဂျာမနီနိုင်ငံ KFW အဖွဲ့ တွေ့ဆုံဆွေးနွေး
  9. ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာကိစ္စရပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၅)ပါအခွန်ဆိုင်ရာကိစ္စရပ်များနှင့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
  10. ရှမ်းပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ၂၀၁၃ ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 167 guests and no members online