သတင်းများ

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်ပြည်တစ်ခွင်အထိမ်းအမှတ် ကျောင်းအခြေပြုစက်ဘီးစီးနင်း

လားရှိုး အောက်တိုဘာ - ၁၆

244

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အောက်တိုဘာ ၁၆ ရက် နံနက် ၆ နာရီတွင် ၂၀၁၉ခုနှစ် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်ပြည်တစ်ခွင် အထိမ်းအမှတ်ကျောင်းအခြေပြု စက်ဘီးစီးနင်းပွဲကို ကျင်းပခဲ့ ကြောင်းသိရသည်။

အဆိုပါစက်ဘီးစီးနင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်၍ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်မှူးညွန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုခရိုင်အုပ်ချုပ်ရေးမှူးဦးချမ်းမြေ့ထွန်း၊ ဌာနဆိုင်အကြီးအကဲများ၊ လားရှိုးစက်ဘီးစီး အသင်း၊ အခြေခံပညာ ကျောင်းများမှကျာင်းသားကျောင်းသူများ၊ စက်ဘီးစီးဝါသနာရှင်များနှင့်အတူ လားရှိုးမိုတယ်ရှေ့မှစတင်၍ ဘူတာလမ်း၊ လေယာဉ်ကွင်းလမ်း၊ လားရှိုးကြီးမီးပွိုင့်မှတစ်ဆင့် ပြည်ထောင်စု အားကစားပြိုင်ကွင်း လေ့ကျင့်ရေးအားကစားရုံအထိ အင်အားစုစုပေါင်း(၁၆၀)ခန့် စုပေါင်းစက်ဘီး စီးနင်းပွဲသို့ ပါဝင်ဆင်နွဲ ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မောဝ်ချယ်ရီ ခန်းမဆောင်သစ် ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

 

ကမ္ဘာ့ဆရာများနေ့ တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး အောက်တိုဘာ   −   ၇

239

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ(၅)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ သစ်တော ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဒေါ်ခင်သိန်းခန်းမဆောင်၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးဝင်းမောင်က ယူနက်စကိုမှ ပေးပို့လာသော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာ အားဖတ်ကြားသည်။

ထို့နောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ပြည်နယ်ပညာရေးညွန်ကြားရေးမှူးတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ကျောင်းသား၊ ကျောင်းသူများက မြတ်သောဆရာတေးသီချင်းဖြင့် သီဆိုဂါရဝပြုကြကာ ဆရာကြီး၊ ဆရာမကြီး(၇၆)ဦးတို့ကို ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့က ကန်တော့လက်ဆောင်ပစ္စည်းများဖြင့် နေရာအရောက် လိုက်လံကန်တော့ကြပြီး၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

 

shanstate.gov.mm@gmail.comဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကျင်းပ

နောင်ချို အောက်တိုဘာ - ၁၆

245

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့တွင် အောက်တိုဘာ ၁၅ ရက် နံနက် ၆ နာရီတွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်ပြည်တစ်ခွင် အထိမ်းအမှတ်ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို ကျင်းပခဲ့ ကြောင်းသိရသည်။

ပြိုင်ပွဲအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်မှ သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့သည်။ ၎င်းပြိုင်ပွဲကို နောင်ချိုမြို့ ပန်းခြံ ရှေ့မှစတင်တာလွှတ်ခဲ့ပြီး နောင်ချိုမြို့ဘောလုံးကွင်းအထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀၀)ခန့် ပါဝင်ဆင်နွဲ ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်မှူးညွန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် နောင်ချိုမြို့ ပြည်သူ့ဆေးရုံ ၄ ခန်းတွဲ ၄ ထပ်ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

 

ရွှေ(၅)၊ ငွေ(၄)၊ ကြေး(၄)ရရှိအောင် ဆွတ်ခူးပေးနိုင်သည့် အားကစားသမားများကို ဂုဏ်ပြု

တောင်ကြီး အောက်တိုဘာ  −   ၇

238

၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အတွက် ရွှေ၊ ငွေ၊ ကြေး ရယူပေးခဲ့သော  အုပ်ချုပ်သူ၊ နည်းပြ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ(၅)ရက် ည(၇)နာရီအချိန်တွင် တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးရှိ လေ့ကျင့်ရေးသုံးထပ်ဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဂုဏ်ပြုပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြေးခုန်ပစ်အသင်းအတွက် ချီးမြှင့်ငွေကျပ် (၂၁)သိန်းတို့ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ကာ အုပ်ချုပ်သူ၊ နည်းပြများ၊ ပြိုင်ပွဲအားကစားသမားများနှင့် ဂုဏ်ပြုညစာ အတူသုံးဆောင်ကြသည်။

ရှမ်းပြည်နယ်အနေဖြင့် ၂၀၁၉ခုနှစ် အသက်(၁၈)နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ ရွှေ(၅)၊ ငွေ(၄)၊ ကြေး(၄)ခု ရရှိခဲ့ကြောင်း အသင်းအုပ်ချုပ်သူတစ်ဦးက ပြောကြားသွားသည်။

အစရ(ရှမ်း)

 

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၁၉)ကျင်းပ

တောင်ကြီး အောက်တိုဘာ - ၁၀

243

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၁၉) ကို အောက်တိုဘာ (၁၀) ရက်မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပကြောင်း သိရသည်။

ဆက်လက်၍ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ဦးစီးအရာရှိ ဒေါ်တင်နေနေလင်းက တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်များကို ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသော လုပ်ငန်းကော်မတီအလိုက် တင်ပြဆွေးနွေးရာ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၊ ဖွင့်ပွဲပိတ်ပွဲ အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ၊ မီးပုံးပျံပြိုင်ပွဲ၊ ရိုးရာပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီ၊ ပြန်ကြားရေး၊ မှတ်တမ်းတင်ရေး၊ ဖိတ်ကြားရေးနှင့် ပြပွဲပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ မီးပဒေသာလှည့်လည်ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ မသိုးသင်္ကန်းရက်လုပ် ယှဉ်ပြိုင်ဆက်ကပ်ရေး၊ ဆုချီးမြှင့်ရေးနှင့် ဆွမ်းဆက်ကပ်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးနှင့် သန့်ရှင်းမှုကြီးကြပ်ရေး လုပ်ငန်းကော်မတီ၊ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ပွဲနှင့် ဧည့်ခံကျွေးမွေးရေး လုပ်ငန်း ကော်မတီအသီးသီးတို့မှ ဆွေးနွေးတင်ပြကြပြီး၊ အထေွထွေဆွေးနွေးကာ တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများညှိနှိုင်းစည်းဝေး ကျင်းပ

တောင်ကြီး အောက်တိုဘာ   −   ၇

240

မှန်ကန်သောဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနှင့်အတူ ကဏ္ဍအစုံ၏ပူးပေါင်းဆောင်ရွက်မှုအားကိုရယူပြီး ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် တွင်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများ ညှိနှိုင်းစည်းဝေးကို အောက်တိုဘာ(၇)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ရှမ်းပြည်နယ်အတွင်းဒေသအသီးသီး မှစိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံများသည် ရှမ်းပြည်နယ် လူဦးရေ(၅.၈)သန်းကျော်၏ ၇၀%သော တောင်သူလယ်သမားများ လူနေမှု ဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေကြသည့် ပညာရှင်များဖြစ်ကြပြီး စိုက်ပျိုးရေးကိုအခြေခံ၍ တောင်သူလယ်သမားများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရန် စိုက်ပျိုးရေးတာဝန်ခံများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများဖြစ်သော သီးနှံမျိုးစေ့ ထုတ်လုပ်ငန်းများ၊ GAPလိုက်နာကျင့်သုံးရေးလုပ်ငန်းများ၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ စသည့်လုပ်ငန်းကို ပြကွင်းပြကွက် သက်သက်မဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှမ်းပြည်နယ်အတွင်း ၂၀၁၈−၂၀၁၉ စိုက်ပျိုးရာသီ တွင်အစေ့ထုတ်ပြောင်း ဖောငမြှောင်တောင်ကျရောက်မှုများကို စီမံအုပ်ချုပ်မှု၊ နည်းပညာမှန်ကန်မှု၊ လုပ်ငန်းရှင်နှင့်တောင်သူ များပူးပေါင်းပါဝင်မှုတို့ ဟန်ချက်ညီညီလှုပ်ရှားနိုင်ခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်နိုင်မှုသည် မြို့နယ် ဦးစီးမှူးများ အသိဖြစ်ပါကြောင်း၊ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်အသစ်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အစည်းအဝေးတွင် အသေးစိတ်ညှိနှိုင်း ဆွေးနွေးအတည်ပြုဆုံးဖြတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ တင်ပြပြီး တက်ရောက်လာကြသည့် ခရိုင်ဦးစီးမှူးများဖြစ်သည့် တောင်ကြီး၊ လွိုင်လင်၊ လင်းခေး၊ လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ မိုးမိတ်၊ လောက်ကိုင်၊ ဟိုပန်၊ မက်မန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ် ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူး၊ ခြံ/စိုက်ကွင်း တာဝန်ခံများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို အသီးသီးတင်ပြဆွေးနွေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

တောင်ကြီး အောက်တိုဘာ   −   ၉

242

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၅/၂၀၁၉)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီအစည်းအဝေး အမှတ်စဉ်(၅/၂၀၁၉)ကို အောက်တိုဘာ(၉)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့အစည်းအဝေးအမှတ်စဉ်(၄/၂၀၁၉) ဆုံးဖြတ်ချက်နှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ်(၄/၂၀၁၉) ဆုံးဖြတ်ချက်များအား ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆန်းဝင်းက ဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြု ရယူပြီး၊  ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်(၅/၂၁၀၉) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၅/၂၀၁၉) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကာ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြပြီး၊ ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်တွေ့ဆုံ

တောင်ကြီး အောက်တိုဘာ   −   ၂

237

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာ အောင်သန်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူးဦးထင်ကျော်အေး၊ ပြည်နယ်သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူများ နှင့်အတူ အောက်တိုဘာ(၂)ရက် ညနေ(၃)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ Callခန်းမ၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေအဖွဲ့နှင့် လက်ခံတွေ့ဆုံကြောင်းသိရသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေမှ မဲခေါင်မြစ်ဝှမ်း(၆)နိုင်ငံဖြစ်သော တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ၊ လာအိုနိုင်ငံတို့မှ သံဃာတော်များသည် ဓမ္မယထရခရီးစဉ်အဖြစ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှ ၃၁ ရက်နေ့အထိ ဒေသစာရီကြွရောက်မည်ဖြစ်ပါသဖြင့် ၎င်းခရီးစဉ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မတက်ရောက်နိုင်ပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ တက်ရောက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်းနှင့် ကျိုင်းတုံ၊ တာချီလိတ်တို့တွင် ဗောဓိညောင်ပင်စိုက်ပျိုးသွားမည်ဖြစ်ပြီး ခရီးစဉ်တွင် ၁၈ ရက်နီးပါးကြာမြင့်မည်ဖြစ်၍ ဖွင့်ပွဲကို ချင်းရိုင်နှင့် ပိတ်ပွဲကို ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သွားမည်ဖြစ်သဖြင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် အနေဖြင့် တက်ရောက်ပေးစေလိုပါကြောင်း၊ နယ်စပ်မြို့တွင် ဆွမ်းလောင်းပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းရင်းသားရိုးရာဝတ်စုံအကများဖြင့် ဆောင်ရွက်လိုကြောင်း ဆွေးနွေးသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယခုလို ပွဲကိုကြိုဆိုဖိတ်ခေါ်သည့်အတွက် ဝမ်းသာ ပါကြောင်း၊ နယ်စပ်မြို့ဖြစ်သည့်အတွက် နိုင်ငံခြားသံရုံးမှ ခွင့်ပြုချက်ရပါက ကူညီဆောင်ရွက်ပေးနိုင်ကြောင်း၊ ခွင့်ပြုချက် မရရှိပါက နယ်စပ်ဒေသခံဖြစ်သည့် ဝန်ကြီးတစ်ဦးအား စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးသွားသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

မြန်မာနိုင်ငံအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုအန္တရာယ်ကြောင့် ပြည်သူတို့၏အသက်နှင့် လူမှုစီးပွားဆုံးရှုံးမှု၊ ဒဏ်ရာရရှိမှုများပြား

တောင်ကြီး အောက်တိုဘာ   −   ၈

241

ရှမ်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအစည်းအဝေးကို အောက်တိုဘာ(၈)ရက် မွန်းလွဲ (၂)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ကမြန်မာနိုင်ငံအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုအန္တရာယ်ကြောင့် ပြည်သူတို့၏အသက်နှင့် လူမှုစီးပွားဆုံးရှုံးမှု၊ ဒဏ်ရာရမှု များ၊ ယာဉ်ကြောင့်ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းကျဆင်းစေရေး အတွက်မြန်မာနိုင်ငံ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးစီမံချက် (၂၀၁၄−၂၀၂၀) National Road Safety Action plan ၏ရည်မှန်းချက် လုပ်ငန်းစဉ်များအပေါ် တိုးတက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (National Road Safety Council-NRSC) ၏လမ်းညွှန်ချက် များ၊ ပြည်နယ်အဆင့်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ဆပ်ကော်မတီ အလိုက်အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အချက်များ၊ တိုးတက်အောင်မြင်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရန် အချက်များနှင့် အကြံပြုရန်အချက်များကို ဆွေးနွေးသွားကြရန်ဖြစ်ပါကြောင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး (Road Safety) သည်ယာဉ်မတော်တဆဖြစ်မှုနှင့် မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု၊ လူမှုစီးပွားထိခိုက်နစ်နာဆုံးရှုံးမှုများ လျော့နည်းကျဆင်းသွားရအောင်၊ လုံးဝပပျောက်သွားရအောင်၊ ရှေ့ဆက်ဆောင်ရွက်ရမည့် အချက်များချမှတ်ပြီးအောင်မြင် အောင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ပြည်သူတစ်ဉီးချင်းစီက အလေးထားလိုက်နာ ပူးပေါင်းဆောင်ရွက်ကြမှသာ တိုးတက်အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ပြီး ဘက်စုံ၊ ကဏ္ဍစုံက ပူးပေါင်းပါဝင်လုပ်ဆောင်မှုများ လိုအပ်သည့်လုပ်ငန်းများဖြစ်ပြီး၊ ရှမ်းပြည်နယ် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအနေဖြင့် ဆက်စပ်ပတ်သက်သော ဌာနအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင်သော စုစည်းမှုအားကိုရယူ၍ ပြည်သူအားလုံးကို ပညာပေးစည်းရုံး ဦးဆောင်ကာ National Road Safety Action plan (၂၀၁၄−၂၀၂၀) ၏ရည်မှန်းချက် လုပ်ငန်းစဉ်များကို တိုးတက်အောင်မြင် အောင်စွမ်းဆောင်ကြိုးစားဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

ရှမ်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦးက ဆွေးနွေးပြီး၊ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထင်ကျော်က ရှမ်းပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ တင်ပြဆွေးနွေး၍ ဆပ်ကော်မတီများနှင့် အဖွဲ့ဝင်များက ဆွေးနွေးတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်း ဆောင်ရွက်ကာ ရှမ်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပ

တောင်ကြီး အောက်တိုဘာ   −   ၁

236

၂၀၁၉ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် ကိုအောက်တိုဘာ(၁)ရက် မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့ အတုရမာရဇိန် မြို့လယ်ဓမ္မာရုံ၌ကျင်းပသည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နှစ်စဉ်အောက်တိုဘာလ(၁)ရက်နေ့ကို ‘အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့’ လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ဂုဏ်ပြုသတ်မှတ်ထားပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် စတင် သတ်မှတ်သည့် ၁၉၉၉ ခုနှစ်ကစပြီး အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို နှစ်စဉ်မပျက်ကျင်းပခဲ့တာ အခုဆိုရင်(၂၀)နှစ် တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဘိုးဘွားများ၏လူမှုဘဝ အထောက်အပံ့ဖြစ်စေရန်နှင့် ၎င်းတို့ အတွက်သေချာသော မျှော်မှန်းဝင်ငွေအဖြစ် အမျိုးသားလူမှုရေးပင်စင်ထောက်ပံ့ခြင်းကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်သဖြင့် ပြည်သူများ မုဒိတာပွားများနိုင်မှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင်လမ်း၊ နယ်မြေ(၁၂)၊ အိမ်အမှတ်(ဖတ/၁၉၃)နေ အဘိုးဦးကိုကိုကြီး အသက်(၁၂၅)နှစ်သည် ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကျင်းပရေးကော်မတီမှ မြန်မာတစ်နိုင်ငံလုံးရှိ အသက်အကြီးဆုံးအဘိုးအဖြစ် ဂုဏ်ပြုချီးမြှင့်ခြင်းခံရပြီး၊ အထူးဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်းကို ပူဇော်ကန်တော့ခံခဲ့ရသည့်အတွက် အထူးဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်(၂၂)ရပ်ကွက်မှ အသက်(၈၇)နှစ်နှင့်အထက် အဘိုးအဘွား စုစုပေါင်း(၃၃၇)ဦးအနက် အခမ်းအနားသို့ တက်ရောက်လာသည့် အဘိုးအဘွား(၁၀၈) ဦးကို ဂုဏ်ပြုပူဇော်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၉ခုနှစ်အတွက် ဆောင်ပုဒ်ဖြစ်သည့် “အသက်ကြောင့်မခွဲခြား တို့ဘိုးဘွား၊ စွမ်းအားတူညီ လျှောက်လှမ်းမည်” ဆိုသည့်အတိုင်း ရှမ်းပြည်နယ်အတွင်းရှိ သက်ကြီးရွယ်အို ဘိုးဘွားများကို မြန်မာ့ရေမြေ သဘာဝနှင့် လိုက်လျောညီထွေဖြစ်မည့် ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ စောင့်ရှောက်မှုများကို မြှင့်တင်ပေးကြရန်ပြောကြားသွား သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် ဇနီးဒေါ်နန်းရွှေမြင့်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူတို့က အဘိုးအဘွားများအား ပူဇော်ကန်တော့၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ ဘိုးဘွားများအား ပူဇော်ကန်တော့ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းပေး၍ တက်ရောက်လာသည့် တာဝန်ရှိသူများကလည်း ဘိုးဘွားများအား ပူဇော်ကန်တော့ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းပေးကာ ရှမ်းပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန အထူးကုဆရာဝန်ကြီးများမှ ဘိုးဘွားများအား အာဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

More Articles...

  1. မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၅၅)နှစ်မြောက် နှစ်ပတ်လည်နေ့ တောင်ကြီးမြို့၌ကျင်းပ
  2. ရပ်စောက်မြို့နယ် မားသဲကျေးရွာအုပ်စု ဆင်တောင်+မားသဲကျေးရွာ စိမ့်စမ်းရေသွယ်လုပ်ငန်း လွှဲပြောင်းပေးအပ်
  3. ပင်းတယမြို့နယ် အင်းငယ်ကျေးရွာအုပ်စု ရွှေပုထိုး(မြောက်)ကျေးရွာ စိမ့်စမ်းရေသွယ်
  4. (၁၃)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ကျင်းပ
  5. ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ငါးမျိုးစိုက်ထည့်ခြင်းနှင့် ကျောင်းသား/ကျောင်းသူများအား အာဟာရနို့တိုက်ကျွေး
  6. (၀၃/၂၀၁၈−၂၀၁၉) (MSME) ဒေသတွင်းစျေးပြိုင် လေလံအောင်မြင်မှု စာရင်း
  7. ရှမ်းပြည်နယ်အမျိုးသမီးကော်မတီနှင့် တောင်ကြီးခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး
  8. ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဖောင်းတောကျေးရွာအုပ်စုရှိ ပြည်သူများနှင့်တွေ့ဆုံ
  9. ရပ်စောက်မြို့နယ် အင်းခေါင်းကန်၌ ငါးမျိုးစိုက်ထည့်
  10. ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 54 guests and no members online

Latest Updates