သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်တွေ့ဆုံ

တောင်ကြီး အောက်တိုဘာ   −   ၂

237

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာ အောင်သန်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူးဦးထင်ကျော်အေး၊ ပြည်နယ်သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူများ နှင့်အတူ အောက်တိုဘာ(၂)ရက် ညနေ(၃)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ Callခန်းမ၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေအဖွဲ့နှင့် လက်ခံတွေ့ဆုံကြောင်းသိရသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေမှ မဲခေါင်မြစ်ဝှမ်း(၆)နိုင်ငံဖြစ်သော တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ၊ လာအိုနိုင်ငံတို့မှ သံဃာတော်များသည် ဓမ္မယထရခရီးစဉ်အဖြစ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှ ၃၁ ရက်နေ့အထိ ဒေသစာရီကြွရောက်မည်ဖြစ်ပါသဖြင့် ၎င်းခရီးစဉ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မတက်ရောက်နိုင်ပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ တက်ရောက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်းနှင့် ကျိုင်းတုံ၊ တာချီလိတ်တို့တွင် ဗောဓိညောင်ပင်စိုက်ပျိုးသွားမည်ဖြစ်ပြီး ခရီးစဉ်တွင် ၁၈ ရက်နီးပါးကြာမြင့်မည်ဖြစ်၍ ဖွင့်ပွဲကို ချင်းရိုင်နှင့် ပိတ်ပွဲကို ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သွားမည်ဖြစ်သဖြင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် အနေဖြင့် တက်ရောက်ပေးစေလိုပါကြောင်း၊ နယ်စပ်မြို့တွင် ဆွမ်းလောင်းပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းရင်းသားရိုးရာဝတ်စုံအကများဖြင့် ဆောင်ရွက်လိုကြောင်း ဆွေးနွေးသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယခုလို ပွဲကိုကြိုဆိုဖိတ်ခေါ်သည့်အတွက် ဝမ်းသာ ပါကြောင်း၊ နယ်စပ်မြို့ဖြစ်သည့်အတွက် နိုင်ငံခြားသံရုံးမှ ခွင့်ပြုချက်ရပါက ကူညီဆောင်ရွက်ပေးနိုင်ကြောင်း၊ ခွင့်ပြုချက် မရရှိပါက နယ်စပ်ဒေသခံဖြစ်သည့် ဝန်ကြီးတစ်ဦးအား စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးသွားသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပ

တောင်ကြီး အောက်တိုဘာ   −   ၁

236

၂၀၁၉ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် ကိုအောက်တိုဘာ(၁)ရက် မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့ အတုရမာရဇိန် မြို့လယ်ဓမ္မာရုံ၌ကျင်းပသည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နှစ်စဉ်အောက်တိုဘာလ(၁)ရက်နေ့ကို ‘အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့’ လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ဂုဏ်ပြုသတ်မှတ်ထားပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် စတင် သတ်မှတ်သည့် ၁၉၉၉ ခုနှစ်ကစပြီး အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို နှစ်စဉ်မပျက်ကျင်းပခဲ့တာ အခုဆိုရင်(၂၀)နှစ် တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဘိုးဘွားများ၏လူမှုဘဝ အထောက်အပံ့ဖြစ်စေရန်နှင့် ၎င်းတို့ အတွက်သေချာသော မျှော်မှန်းဝင်ငွေအဖြစ် အမျိုးသားလူမှုရေးပင်စင်ထောက်ပံ့ခြင်းကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်သဖြင့် ပြည်သူများ မုဒိတာပွားများနိုင်မှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင်လမ်း၊ နယ်မြေ(၁၂)၊ အိမ်အမှတ်(ဖတ/၁၉၃)နေ အဘိုးဦးကိုကိုကြီး အသက်(၁၂၅)နှစ်သည် ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကျင်းပရေးကော်မတီမှ မြန်မာတစ်နိုင်ငံလုံးရှိ အသက်အကြီးဆုံးအဘိုးအဖြစ် ဂုဏ်ပြုချီးမြှင့်ခြင်းခံရပြီး၊ အထူးဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်းကို ပူဇော်ကန်တော့ခံခဲ့ရသည့်အတွက် အထူးဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်(၂၂)ရပ်ကွက်မှ အသက်(၈၇)နှစ်နှင့်အထက် အဘိုးအဘွား စုစုပေါင်း(၃၃၇)ဦးအနက် အခမ်းအနားသို့ တက်ရောက်လာသည့် အဘိုးအဘွား(၁၀၈) ဦးကို ဂုဏ်ပြုပူဇော်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၉ခုနှစ်အတွက် ဆောင်ပုဒ်ဖြစ်သည့် “အသက်ကြောင့်မခွဲခြား တို့ဘိုးဘွား၊ စွမ်းအားတူညီ လျှောက်လှမ်းမည်” ဆိုသည့်အတိုင်း ရှမ်းပြည်နယ်အတွင်းရှိ သက်ကြီးရွယ်အို ဘိုးဘွားများကို မြန်မာ့ရေမြေ သဘာဝနှင့် လိုက်လျောညီထွေဖြစ်မည့် ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ စောင့်ရှောက်မှုများကို မြှင့်တင်ပေးကြရန်ပြောကြားသွား သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် ဇနီးဒေါ်နန်းရွှေမြင့်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူတို့က အဘိုးအဘွားများအား ပူဇော်ကန်တော့၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ ဘိုးဘွားများအား ပူဇော်ကန်တော့ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းပေး၍ တက်ရောက်လာသည့် တာဝန်ရှိသူများကလည်း ဘိုးဘွားများအား ပူဇော်ကန်တော့ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းပေးကာ ရှမ်းပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန အထူးကုဆရာဝန်ကြီးများမှ ဘိုးဘွားများအား အာဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ငါးမျိုးစိုက်ထည့်ခြင်းနှင့် ကျောင်းသား/ကျောင်းသူများအား အာဟာရနို့တိုက်ကျွေး

ညောင်ရွှေ စက်တင်ဘာ   −   ၂၅

231

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်သည် စက်တာဘာ (၂၅)ရက် နံနက်(၈)နာရီခွဲက ညောင်ရွှေမြို့နယ် ကျော့မောင်ငယ်ကျေးရွာတွင် စပါး−ငါးမျိုးစိုက်ထည့်ပေးကြောင်း သိရသည်။

အဆိုပါ စပါး−ငါးမျိုးစိုက်ထည့်ပွဲတွင် ပြည်နယ်ဝန်ကြီးမှ တိလောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးထွန်းလှ၊ တောင်သူ ဦးမဲနှင့် ဦးဌေးတို့အား ငါးမျိုးများပေးအပ်၍ ပြည်နယ်ဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသူများမှ စပါးခင်းများအတွင်း ငါးခုံးမကြီး(၂၅၀၀၀)ကောင်၊ ရွှေဝါငါးကြင်း(၂၅၀၀၀)ကောင်၊ ငါးမျိုးစိုက်ထည့်ပေးကြောင်းနှင့် ညောင်ရွှေမြို့ ငါးမွေးမြူရေးဦးစီးဌာန၌ ငါးများမွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့နယ် တောင်လေးလုံး အထကခွဲကျောင်း၌ ကမ္ဘာ့ကျောင်းများနို့တိုက်ကျွေးရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရာ ပြည်နယ်ဝန်ကြီးက ရှမ်းပြည်နယ်အစိုးရအနေဖြင့် ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်တွင် အခြေခံပညာမူလတန်း(၁၀)ကျောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် အခြေခံပညာ မူလတန်း(၁၀)ကျောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် အခြေခံပညာမူလတန်း(၁၀)ကျောင်း၊ စုစုပေါင်း ကျောင်း(၃၀)တွင် ကျောင်းသားဦးရေ(၄၀၀၀)အား နို့တိုက်ကျွေးရေးလုပ်ငန်းကို စမ်းသပ်ဆောင်ရွက်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် လျာထားသတ်မှတ်ပေးခဲ့ပြီး မကြာမီစတင်ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ နို့သောက်သုံးခြင်းဖြင့် ရရှိလာ မည့်အကျိုးကျေးဇူးများမှာ (၂)နှစ်မှာကိုယ်အလေးချိန်(၂.၃၀)ကီလိုဂရမ် ပိုမိုတိုးတက်လာခြင်းနှင့် အရပ်အမြင့်(၄.၄၀)စင်တီမီတာ ပိုမိုမြင့်မားလာခြင်း၊ ကျောင်းတက်ရက်ပျက်ကွက်မှုနည်းပါလာခြင်း၊ အသားအရေစိုပြည်ခြင်း၊ ကျောင်း၏ပညာရေးအညွှန်းကိန်း များတွင် ပိုမိုမြင့်မားလာခြင်း၊ ဖျားနာမှုနည်းပါးလာခြင်း၊ ရွှင်လန်းတက်ကြွလန်းဆန်းလာခြင်း၊ အာဟာရချို့တဲ့မှုနည်းပါးလာခြင်း၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းလာခြင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုမိုတိုးတက်မြင့်မားလာခြင်း၊ သွေးအားနည်းမှုလျှော့ချနိုင်ခြင်းဖြစ်ပြီး၊ နို့တိုက်ကျွေးရာတွင် သန့်ရှင်းလတ်ဆတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော နို့ဖြစ်ဖို့ရန် အလွန်အရေးကြီးပါကြောင်းနှင့် ဂရုပြု ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများအား အသိပေးလိုကြောင်း ပြောကြားသွားသည်။

ထို့နောက် အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးရေးလုပ်ငန်းနှင့်ပတ်သက်၍ ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာနှင်းနှင်းထွန်းက ရှင်းလင်းတင်ပြပြီး ကမ္ဘာ့ကျောင်းများနို့တိုက်ကျွေးနေ့အထိမ်းအမှတ် “ကျန်းမာ ဖွံ့ဖြိုးဉာဏ်ရည်တိုး” ခေါင်းစဉ်ဖြင့် အခြေခံပညာမူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပေး၍ တောင်လေးလုံးအထကခွဲ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီး နှင့်တာဝန်ရှိသူများမှဦးဆောင်၍ မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူ(၃၂၄)ဦးအား နို့နှင့်ကြက်ဥများကို တိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၅၅)နှစ်မြောက် နှစ်ပတ်လည်နေ့ တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး အောက်တိုဘာ   −   ၁

235

(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ(၁)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အဓိကရည်မှန်းချက် တာဝန်(၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ဖြစ်ပါကြောင်း၊ ရည်မှန်းချက် များကိုအကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် ဖြတ်သန်းခဲ့သော နှစ်ပေါင်း(၅၅)နှစ်အတွင်း အတွေ့အကြုံများအပေါ် အခြေခံပြီး လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံတော်ပြုပြင်ပြောင်းလဲနေမှုအခြေအနေ၊ နိုင်ငံတကာ၏ တိုးတက်ပြောင်းလဲနေမှု အခြေအနေများနှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်သွားကြရန်လိုအပ်မှာကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်တာနှင့်အညီ ပြည်သူ့အကျိုးစီးပွားကို အလေးအနက်ထားပြီး ကာကွယ်စောင့်ရှောက်ပေးသွားကြရန်၊ ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် ပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာစွာတာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်းဖြင့် မိမိဂုဏ်သိက္ခာကိုရော ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကိုပါ မြှင့်တင်ပေးကြရန်၊ နိုင်ငံသားအားလုံး၏အကျိုးစီးပွားကို ညီတူညီမျှကာကွယ်စောင့်ရှောက်ပေးပြီး စံပြနိုင်ငံသားကောင်းတစ်ယောက် တန်ဖိုးများ ဖြစ်သည့် ကိုယ်ကျင့်သီလကောင်းများနှင့်အညီ အဂတိလိုက်စားမှုကင်းရှင်းစွာဖြင့် ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်သွားကြရန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နိုင်သည့် တပ်ဖွဲ့ တစ်ခုဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်၊ ဟုတ်သောအကြံ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံးသားများ အဖြစ်ပြည်သူချစ်ပြီး နိုင်ငံ့ပုံရိပ်ကောင်းကို ဖော်ဆောင်နိုင်သည့် ရဲတပ်ဖွဲ့ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြား သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင်အောင်က ရဲချုပ်၏သဝဏ်လွှာအားဖတ်ကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၏အမှုထမ်းကောင်းလက်မှတ်ရရှိသူ တပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ် ရရှိသူ တပ်ဖွဲ့ဝင်(၄)ဦးတို့အား ဂုဏ်ပြုလက်မှတ်များချီးမြှင့်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၏အမှုထမ်းကောင်းလက်မှတ်ရရှိသူ တပ်ဖွဲ့ဝင်(၂)ဦး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှူထမ်းကောင်းလက်မှတ် ရရှိသူ တပ်ဖွဲ့ဝင်(၂)ဦးနှင့် ပြည်သူ(၁)ဦးတို့အား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်နယ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ (ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏အမှုထမ်းကောင်းလက်မှတ်) ရရှိသူ တပ်ဖွဲ့ဝင် (၃)ဦးနှင့် ပြည်သူ(၁)ဦးတို့အား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပေး၍လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ (ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်ရရှိသူ) တပ်ဖွဲ့ဝင်(၃)ဦးနှင့် ပြည်သူ(၁)ဦးတို့အား ဂုဏ်ပြုလက်မှတ် ချီးမြှင့်ပေးအပ်ခဲ့ကြပြီး၊ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ပြသ၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ခန်းမအတွင်းပြသ ထားသောပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

ရပ်စောက်မြို့နယ် မားသဲကျေးရွာအုပ်စု ဆင်တောင်+မားသဲကျေးရွာ စိမ့်စမ်းရေသွယ်လုပ်ငန်း လွှဲပြောင်းပေးအပ်

ရပ်စောက် စက်တင်ဘာ   -   ၃၀

234

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် မားသဲကျေးရွာအုပ်စု ဆင်တောင်+မားသဲကျေးရွာ စိမ့်စမ်းရေသွယ်လုပ်ငန်း လွှဲပြောင်းပေးအပ်ပွဲကို စက်တင်ဘာ မွန်းလွဲ(၁)နာရီက မားသဲကျေးရွာ အခြေခံပညာမူလတန်း ကျောင်း၌ကျင်းပရာ ရေဝေတိုင်ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ရေစက်တိုင်များမှ ရေစက်ခေါင်းများ ဖွင့်ပေးကြသည်။

ရှမ်းပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်တွင် ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ရပ်စောက်မြို့နယ် ဆင်တောင်+မားသဲကျေးရွာ စိမ့်စမ်းရေသွယ်လုပ်ငန်းအား အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့သည့်အတွက် အကျိုးခံစားအသုံးပြုကြမည့် ကျေးရွာဒေသခံပြည်သူများအတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ ဆင်တောင်+မားသဲကျေးရွာ စိမ့်စမ်းရေသွယ်လုပ်ငန်းတွင် ရေထွက်နှင့်ကျေးရွာအကွာအဝေး(၂)မိုင်၊ ပင်မပိုက်လိုင်း အရှည်စုစုပေါင်း (၁၆၇၇၀)ပေ/(၂.၀၄)မိုင်၊ ဖြန့်ဝေပိုက်လိုင်း အရှည်စုစုပေါင်း(၁၂၆၃၀) ပေ(၂.၃၉)မိုင်နှင့် ဂါလန် (၇၅၀၀)ဆန့်၊ ရေလှောင်ကန်(၁)လုံး ဂါလန်(၅၀၀၀)ဆန့်၊ ရေလှောင်ကန်(၁)လုံးရေဖမ်းကန်(၁)လုံးလေချူ ဗားကန်(၂)လုံး၊ အနည်ထုတ်ကန်(၁)လုံး၊ ရေဝေတိုင်(၃၀)ခုဖြင့် ဒေသခံကျေးလက်လူဦးရေ (၆၈၉)ဦးအတွက် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိပြီး အကျိုးခံစားနိုင်မည်ဖြစ်ကြောင်း (၂၀၁၅-၂၀၁၆)မှ(၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း(၃၉)ရွာတွင် စိမ့်စမ်းရေ(၄၇၆၉၅)ဦးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အလားတူ ရှမ်းပြည်နယ် အတွင်း သောက်သုံးရေခက်ခဲ၍ စိမ့်စမ်းရေသွယ်ယူရန် အခြေအနေမပေးနိုင်သည့် ဘော်ဆိုင်းဒေသအပါအဝင် ကျေးရွာ(၁၃၈) ရွာမှ ရေအရင်းအမြစ်မှ ကျောက်ဖောက်တွင်းတူးစက်ကြီးများ အသုံးပြုကာ (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ်အထိ မြေအောက်ရေ စက်ရေတွင်းပေါင်း(၁၅၉)တွင်း တူးဖော်နိုင်ခဲ့ပြီး ဒေသခံအကျိုးခံစားမှု လူဦးရေ(၁၆၂၈၂၀)ဦးအတွက် သန့်ရှင်းသော သောက်သုံးရေ ရရှိအောင် ဆောင်ရွက်ပေးခဲ့နိုင်ကြောင်း၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်က ပြောကြား သွားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်မြင့်မှ အမှာစကားပြောကြားပြီး ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)ညွှန်ကြားရေးမှူးမှ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများကို အထိမ်းအမှတ်ပစ္စည်းများ ပေးအပ်ပြီး ညွှန်ကြားရေးမှူးမှ ညွှန်ကြားရေးမှူးချုပ်နှင့် ရပ်စောက်မြို့နယ် အုပ်ချုပ်ရေးမှူးတို့ကို အထိမ်းအမှတ်ပစ္စည်း ပေးအပ်၍ ဆင်တောင်+မားသဲစိမ့်စမ်းရေသွယ်ယူရေး တာဝန်ခံအင်ဂျင်နီယာမှ ကျေးရွာကော်မတီထံ မှတ်တမ်းစာရွက်များ ပေးအပ်ကာ ကျေးရွာပြည်သူကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရပ်စောက်မြို့နယ် မားသဲကျေးရွာအုပ်စု မုံပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးမှ အမှာစကားပြောကြားပြီး ဒေသ၏လိုအပ်ချက်များ ဖြစ်သော လမ်းကောင်းမွန်ရေး၊ သန့်ရှင်းသော သောက်သုံးရေမြှင့်တင်ပေးရေးနှင့် ကျောင်းဆရာဆရာမများ၊ ဝန်ထမ်းအိမ်ရာ ကိစ္စများ၊ သစ်တောကြိုးဝိုင်းကိစ္စများ၊ ကျန်းမာရေးကိစ္စရပ်များ၊ ဒေသခံရပ်မိရပ်ဖများမှ ဆွေးနွေးတင်ပြကြပြီး၊ ပြည်နယ်ဝန်ကြီး မှဒေသခံပြည်သူများ၏တင်ပြဆွေးနွေးချက်များကို မားသဲကျေးရွာအုပ်စု မုံပြင်ကျေးရွာ လမ်းကိစ္စရပ်များကို (၅)မိုင်ခွင့်ပြုပေးပါ မည်ဖြစ်ကြောင်းနှင့် ဆိုလာမီးများရရှိရေး၊ စိမ့်စမ်းရေသွယ်ယူရေးအတွက် နည်းပညာနှင့်ပိုက်များဖြည့်ဆည်းဆောက်ရွက် ပေးသွားမည်ဖြစ်ပြီး၊ ဒေသခံပြည်သူများမှ လုပ်အားစိုက်ရန်လိုအပ်ကြောင်း ပြောကြားသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

ရှမ်းပြည်နယ်အမျိုးသမီးကော်မတီနှင့် တောင်ကြီးခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

တောင်ကြီး စက်တင်ဘာ- ၂၄

230

ရှမ်းပြည်နယ်အမျိုးသမီးကော်မတီနှင့် တောင်ကြီးခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၂၄)ရက်နံနက် (၉) နာရီခွဲက တောင်ကြီးမြို့ရှမ်းစာပေနှင့်ယဉ်ကျေးမှု ခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်သန်းမောင်က ရှမ်းပြည်နယ်အတွင်း အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များမှာ အမျိုးသမီးအခွင့်အရေးနှင့် ကျား/မ တန်းတူညီမှုဆိုင်ရာ အသိပညာပေးမှုအစီအစဉ်များ၊ ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသမီး များရဲ့ အခြေအနေနှင့်လိုအပ်ချက်များကို ဆန်းစစ်လေ့လာပြီး ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများ အား ဖော်ထုတ်ရေးအစီအစဉ်များ၊ အမျိုးသမီးအခွင့်အရေးများကို ပိုမိုမြှင့်တင်ဆောင်ရွက်ရန် အစီအစဉ်များ၊ မြို့ပြနှင့် ကျေးလက်နေ အမျိုးသမီးများ စီးပွားရေးစွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ၊ လူထုအခြေပြု လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ရေးအသိပညာပေးလုပ်ငန်းများ၊ စီးပွားရေးကဏ္ဍဆိုင်ရာ သတင်းအချက်အလက်များအား အမျိုးသမီးများလက်လှမ်းမီရရှိရေးနှင့် ပါဝင်ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းအမျိုးသမီးများ အပါအဝင် အမျိုးသမီးများအတွက် အလုပ်အကိုင်ရရှိရေး၊ သတင်းအချက်အလက်များ ဆွေးနွေး မေးမြန်းနိုင်သော ဝန်ဆောင်မှုဌာနများ တည်ထောင်နိုင်ရေးတို့ကို ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ အမျိုးသမီးကော်မတီများ တွင်ပါဝင်သော အဖွဲ့များ၊ အဖွဲ့ဝင်များအနေဖြင့် မိမိတို့ကျရာ တာဝန်များကို ကျေပွန်စွာပါဝင်ဆောင်ရွက်ကြပြီး၊ ရှမ်းပြည်နယ် အတွင်းရှိ အမျိုးသမီးထုတစ်ရပ်လုံးအား ကျား/မ တန်းတူညီမျှမှုရရှိရန်နှင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအားလုံး မိမိတို့မှာရှိတဲ့ စွမ်းဆောင်ရည်များကို မြှင့်တင်လျက်နိုင်ငံတော်၏ အရေးပါသည့်ကဏ္ဍအားလုံး၌ အမျိုးသမီးထုကြီး၏ စွမ်းပကားကို ပြသဖော်ထုတ်ကြပါရန် တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍လူမှုဝန်ထမ်းဦးစီးဌာနဒု တိယညွှန်ကြားရေးမှူး ဒေါ်ကြူကြူဇော်မှရှမ်းပြည်နယ် အမျိုးသမီးကော်မတီ၏ ဆောင်ရွက်ချက်များရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အတွင်းဆောင်ရွက်နေသည့်အမျိုးသမီး အဖွဲ့အစည်းများမှကဏ္ဍအလိုက် ဆွေးနွေးတင်ပြရာ ရှမ်းပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်ဒေါ်လှဌေး ရှမ်းပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့ အတွင်းရေးမှူးဒေါ်မြင့်မြင့်သန်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ကျား/မရေးရာ တန်းတူညီမျှရေးကွန်ယက်၊ အမျိုးသမီးအဖွဲ့အစည်းများကွန်ယက်၊ ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ် စောင့်ရှောက် ရေးအသင်းတို့မှအသီးသီးဆွေးနွေးကြ၍အထွေထွေဆွေးနွေးကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးရှမ်းပြည်နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌဒေါက်တာအောင်သန်းမောင်က နိဂုံးချုပ်စကားပြောကြားကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09 250132943

 

ပင်းတယမြို့နယ် အင်းငယ်ကျေးရွာအုပ်စု ရွှေပုထိုး(မြောက်)ကျေးရွာ စိမ့်စမ်းရေသွယ်

ပင်းတယ စက်တင်ဘာ   -   ၃၀

233

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် အင်းငယ်ကျေးရွာအုပ်စု ရွှေပုထိုး (မြောက်)ကျေးရွာ စိမ့်စမ်းရေသွယ်လုပ်ငန်း လွှဲပြောင်းပေးအပ်ပွဲကို စက်တင်ဘာ နံနက်(၁၀)နာရီက အခြေခံပညာ အထက်တန်းကျောင်းခွဲ ရွှေပုထိုး(မြောက်)ကျေးရွာ၌ ကျင်းပရာ စိမ့်စမ်းတိုင်ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးမှ ဒေသခံပြည်သူများအား သစ်ပင်ပျိုးပင် (၄၀၀)ပေးအပ်ခဲ့သည်။

ရွှေပုထိုး(မြောက်)ကျေးရွာ စိမ့်စမ်းရေသွယ်လုပ်ငန်းတွင် ရေထွက်နှင့်ကျေးရွာ အကွာအဝေး(၁)မိုင် ပင်မပိုက်လိုင်း အရှည်စုစုပေါင်း (၄၆၂၀)ပေ/(၀.၈)မိုင် ဖြန့်ဝေပိုက်လိုင်း အရှည်စုစုပေါင်း(၁၄၃၆၃)ပေ/(၂.၇၂)မိုင်နှင့် ဂါလန် (၁၀၀၀၀)ဆန့်ရေ လှောင်ကန်(၁)လုံး၊ ရေဖမ်းကန်(၁)လုံး၊ ရေစုန်ကန်(၁)လုံး၊ အနည်ထုတ်ကန်(၁)လုံး၊ ရေဝေတိုင်(၂၇)ခုဖြင့် ဒေသခံကျေးလက် လူဦးရေ(၇၈၉)အတွက် သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိ၍ အကျိုးခံစားခွင့်ရှိမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် သောက်သုံးရေခက်ခဲ သောဒေသများတွင် (၂၀၁၅-၂၀၁၆)မှ(၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း(၃၉)ရွာတွင် စိမ့်စမ်းရေသွယ် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံအကျိုးခံစားနိုင်သည့် လူဦးရေ(၄၇၆၉၅)ဦး အတွက် သန့်ရှင်းသော သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဒေသခံကျေးလက်နေ ပြည်သူများအတွက် စိမ့်စမ်း ရေသွယ်လုပ်ငန်း အားရေရှည်အသုံးပြုသွားနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင် စိမ့်စမ်းရေထွက်များနှင့် တည်ဆောက်ထားသော ပင်မရေသွယ် ပိုက်လိုင်းဖြန့်ဝေပိုက်လိုင်းနှင့် ရေစုကန်၊ ရေလှောင်ကန်၊ ဖိအားလျော့ကန်၊ အနည်ထုတ်ကန်၊ ရေဝေတိုင်များအပါအဝင် ရေပေးဝေမှုစနစ်များအား ဒေသခံပြည်သူများအနေဖြင့် စနစ်တကျ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပြီး အကျိုးရှိစွာ အသုံးပြု သွားကြရန် ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ပြောသွားသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်တို့မှ အမှာစကားပြောကြားကြပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများအား အထိမ်းအမှတ်ပစ္စည်းပေးအပ်၍ ရွှေပုထိုး(မြောက်) စိမ့်စမ်းရေးသွယ်ယူရေး တာဝန်ခံ အင်ဂျင်နီယာမှ ကျေးရွာရေရရှိရေးကော်မတီထံ စာရွက်စာတမ်းများ လွဲပြောင်းပေးအပ်ကာ ကျေးရွာပြည်သူများကိုယ်စား ရပ်မိရပ်ဖဦးကျော်ငွေမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဖောင်းတောကျေးရွာအုပ်စုရှိ ပြည်သူများနှင့်တွေ့ဆုံ

ရပ်စောက် စက်တင်ဘာ   −   ၂၃

229

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ဖောင်းတောကျေးရွာအုပ်စုတွင် စက်တင်ဘာ(၂၁)ရက် မွန်းလွဲ(၁)နာရီက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် ရပ်စောက်မြို့နယ် ဖောင်းတောကျေးရွာအုပ်စုရှိ ရွာ(၈)ရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံကြောင်းသိရသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်က အဖွင့်အမှာစကား ပြောကြားပြီး၊ ရပ်စောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်မြင့်မှ အမှာစကားပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသော ဖောင်းတောကျေးရွာရှိ ရွာ(၈)ရွာဖြစ်သည့် ဖောင်းတောရွာ နောင်ခမ်းရွာ၊ ကြက်တက်ရွာ၊ ပေါခမ်းရွာ၊ နောင်ပိုရွာ၊ လယ်တော်ရွာ၊ လွယ်မောရွာ၊ မြေနီကုန်းရွာရှိ ဒေသခံပြည်သူများက ကျေးရွာ၏လိုအပ်ချက်ဖြစ်သော ရေရရှိရေး၊ စာသင်ကျောင်းများ၊ လမ်းများကောင်းမွန်ရေးအတွက် လိုအပ်ချက်များတင်ပြဆွေးနွေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်က ဒေသခံ ပြည်သူများ၏ လိုအပ်ချက်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လာမည့်ဘက်ဂျက်နှစ်များတွင် အလျဉ်းသင့်သလို တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရပ်စောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ဒေသခံ ပြည်သူများ၏ လိုအပ်ချက်များကို ပြည်သူ့လွှတ်တော်၌ တင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ပြောကြားသွားကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

(၁၃)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ကျင်းပ

တောင်ကြီး စက်တင်ဘာ   -   ၃၀

232

(၁၃)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ (WOrld Rabies Day) အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ နံနက်(၈)နာရီက တောင်ကြီးမြို့ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန နောင်ရင်းခန်းမ၌ ကျင်းပကြောင်းသိရ သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ယနေ့ကျင်းပသည့် အခမ်းအနားသည် (၁၃)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြစ်ကြောင်း ကမ္ဘာပေါ်တွင် တစ်ကျော့ ပြန်လည်ခေါင်းထောင်လာသည့် ခွေးရူးရောဂါအန္တရာယ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE)များပူးပေါင်းပြီး ကမ္ဘာပေါ်တွင် ခွေးရူးရောဂါကို ၂၀၂၅ခုနှစ်တွင် အမြစ်ပြတ်တိုက်ဖျက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ပေါင်း(၅၀)တွင် ပိုင်ရှင်ရှိ/ပိုင်ရှင်မဲ့ ခွေး၊ ကြောင်ကောင်ရေ (၄၇၀၀)ကို ပြည်နယ်ရန်ပုံငွေမှ ခွေးရူးရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ အသိပညာပေး ဟောပြောပွဲများ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပြည်နယ်တိရစ္ဆာန် ဆေးကုဆရာဝန်များအသင်းတို့ပူးပေါင်းပြီး ပိုင်ရှင်မဲ့ခွေး၊ ကြောင်ကောင်ရေ (၁၆၅၀) ကောင်ကို ကာကွယ်ဆေးထိုးနှံပေးခြင်း မျိုးပွားမှုထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လာမည့် ၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ဘတ်ဂျက်မှ ခွေးရူးရောဂါကာကွယ်ဆေးများ ပိုမိုဝယ်ယူထိုးနှံနိုင်အောင် စီစဉ်ထားရှိပြီးဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ခွေး၊ ကြောင်လက်တွေ့သရုပ်ပြ ခွေးရူးရောဂါကာကွယ်ဆေးထိုးခြင်းကို ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူ များကကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

ရပ်စောက်မြို့နယ် အင်းခေါင်းကန်၌ ငါးမျိုးစိုက်ထည့်

ရပ်စောက် စက်တင်ဘာ - ၂၃

228

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် အင်းခေါင်းကန်၌ စက်တင်ဘာ (၂၁)ရက်နံနက်(၈)နာရီ (၂၁) မိနစ်ကငါးမျိုးစိုက်ထည့်ကြောင်းသိရသည်။

 အခမ်းအနားတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ရပ်စောက်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များအား ငါးမျိုးများပေးအပ်ပြီး၊ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက အင်းခေါင်းကန်အတွင်းငါးမျိုးစိုက်ထည့်ပေး ကြောင်းသိရသည်။ 

အင်းခေါင်းကန်အတွင်း ငါးမျိုးစိုက်များကို မြက်စားငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခုံးမ ကောင်ရေ(၁)သိန်း ထည့်ပေးပြီးပြည်နယ်ဝန်ကြီး၊ ဗထူးတပ်နယ်ကျောင်းအုပ်ကြီး၊ တာဝန်ရှိသူများနှင့်အတူဗထူးစမ်း ရေထွက် ရေကန်၌ငါးမျိုးစိုက်(၃)သောင်း ထည့်ပေးကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

 

More Articles...

  1. ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
  2. ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ
  3. ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ
  4. ၂၀၁၉ခုနှစ် MNL အမှတ်ပေးပြိုင်ပွဲ ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေမှု ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေး
  5. ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ
  6. တောင်ကြီးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ကျင်းပ
  7. မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းသည့်နေရာအား ပြန်လည်ပြင်ဆင်နေမှုကို ကွင်းဆင်းကြည့်ရှု
  8. သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ တောင်ကြီးမြို့၌ကျင်းပ
  9. ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အဖွဲ့နှင့်တွေ့ဆုံ
  10. ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းသည့်နေရာသို့ ကွင်းဆင်းကြည့်ရှု

Subcategories

မူလသို့

အစိုးရအဖှဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 116 guests and no members online