သတင်းများ

ရေရှားပါးသောဒေသများအား စက်ရေတွင်းများတူးဖော်လှူဒါန်းခြင်း၊ ရေကန်များဆောက်လုပ်လှူဒါန်းခြင်း၊ ရေပေးရေစီမံကိန်းများ ဆောင်ရွက်ခြင်းနှင့် ရေအောင်ပွဲ ရေစက်ချ အလှူတော်မင်္ဂလာ ကျင်းပ

တောင်ကြီး ဧပြီ - ၉

 998

   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုန်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အေးဝင်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဧပြီ(၉)ရက်၊ နံနက်(၉)နာရီခွဲက ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့၊ ရွှေမြစည်းကျောင်း၌ ကျင်းပသော ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဌ ဝဏ္ဏကျော်ထင် စည်သူ ဦးအောင်ကိုဝင်းနှင့် ဇနီး၊ ဒုတိယဥက္ကဌ သီဟသုဓမ္မသိင်္ဂီ၊ သီရိသုဓမ္မသိင်္ဂီ၊ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းသန်းထွေး လူမှုထူးချွန် ပထမဆင့် မိသားစုနှင့် ကမ္ဘောဇဘဏ်လီမိတက် အရာထမ်း၊ ဝန်ထမ်းများမှ ရှမ်းပြည်နယ်(တောင်ပိုင်း) ဘော်ဆိုင်း၊ ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ ပင်းတယ၊ တောင်ကြီး၊ ဟိုပုံး၊ နမ့်စန်၊ ရေရှားပါးသောဒေသများအား စက်ရေတွင်းများတူးဖော်လှူဒါန်းခြင်း၊ ရေကန်များဆောက်လုပ် လှူဒါန်းခြင်း၊ ရေပေးရေ စီမံကိန်းများ ဆောင်ရွက်ခြင်းနှင့် ရေအောင်ပွဲ ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြကြောင်းသိရသည်။

   ပထမဦးစွာ အခမ်းအနားကို နမောတဿအစရှိသော ဗုဒ္ဓဝန္ဒနာဂါထာတော်ဖြင့်(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ကမ္ဘောဇကုမ္ပဏီများအုပ်စု ဦးကျော်ကျော်စိုးမှ စက်ရေတွင်းများတူးဖော် လှူဒါန်းရခြင်း သမိုင်းကြောင်းအား အကျဉ်းချုပ် ရှင်းလင်းလျှောက်ထားပြီး ဘော်ဆိုင်းမြို့၊ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းမှ သောက်သုံးရေရရှိခြင်းအတွက် ဝမ်းသာပိတိ စကားလျှောက်ထားသည်။

   ဆက်လက်၍ ဆရာတော်ဘုရားအား ကန်တော့်၍ ငါးပါသီလခံယူဆောက်တည်ကြပြီး၊ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျယ် ချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာယူကြကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဌ ဝဏ္ဏကျော်ထင် စည်သူ ဦးအောင်ကိုဝင်းနှင့် ဇနီး၊ ဒုတိယဥက္ကဌ သီဟသုဓမ္မသိင်္ဂီ၊ သီရိသုဓမ္မသိင်္ဂီ၊ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းသန်းထွေး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

   ထို့နောက် ဆရာတော်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာကြာပြီး၊ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး၊ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်းသိရှိရသည်။

   အဆိုပါအခမ်အနားသို့ ဒေသခံမိဘပြည်သူများ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရသည်။

                                                                        မောင်မောင်သန်း(တောင်ကြီး)

 

တောင်ကြီးမြို့နယ်၊ အေးသာယာ ပြည်သူ့ဝန်ထမ်းအိမ်ရာများချမှတ်ပေး

တောင်ကြီး   ဧပြီ   ၈

 996

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံဖော်ထုတ်သော တောင်ကြီးမြို့နယ်၊ အေးသာယာ ပြည်သူ့ ဝန်ထမ်းအိမ်ရာချမှတ် ပေးသည့် အခမ်းအနားကို ဧပြီ(၈)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းက အဖွင့်အမှာစကားပြောကြားကြောင်း သိရသည်။

   ဆက်လက်၍ ကော်မတီ(၃)ရပ်မှ ပြည်သူ့ဝန်ထမ်းအိမ်ရာများကို ပြည်သူများကိုယ်စား တိုက်(၁)၊ တိုက်(၂)၊ မြေညီထပ်၊ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထထပ်တို့အား မဲနှိုက်ချမှတ်ပေးကြ ကြောင်းသိရသည်။ 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံဖော်ထုတ်သော တောင်ကြီးမြို့နယ်၊ အေးသာယာ ပြည်သူ့ ဝန်ထမ်းအိမ်ရာကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လမ်းတံတားဆောက်လုပ်ခြင်းလုပ်ငန်းများအတွက် ကျပ်သန်း(၉၀၀၀၀၀၀၀၀)ကျော်၊ လျှပ်စစ်မီး သွယ်တန်းခြင်းလုပ်ငန်းအတွက် ကျပ်သန်း (၂၄၆၈၀၉၆၄၀၀)ကျော်နှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းအတွက် ကျပ်သန်း (၄၁၈၇၈၇၄၀၀၀)ကျော် စုစုပေါင်း ကျပ်သန်းပေါင်း(၇၅၅၅၉၇၀၄၀၀)ကျော်ကို ကျခံသုံးစွဲ၍ စီမံ ဖော်ထုတ်ပေးလျက် ရှိပြီး၊ တိုက်ခန်းဝယ်ယူရရှိမည့်သူများသည် အဆောက်အဦ၏ အခန်းတန်ဖိုး ကျသင့်ငွေကိုသာ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

   အဆိုပါ အေးသာယာ ပြည်သူ့ဝန်ထမ်းအိမ်ရာသည် (၄)ခန်းတွဲ (၅)ထပ်၊ (၁၃၅)လုံး၊ အခန်း ပေါင်း(၂၇၀၀)ကို အလုံး(၄၀)ဆောက်လုပ်ပြီစီးပြီး၊ အလုံး(၆၀)ကို စတင်ဆောင်ရွက်နေကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ (၂၀၁၅) ဒီဇင်ဘာလတွင် မင်းကျန်စစ် ဆောင်လုပ်ရေးကုမ္ပဏီမှ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပြီး၊ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ခရိုင် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြု ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ ကုမ္ပဏီလုပ်ငန်းရှင် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရ သည်။

                                                                                                                                                                             မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ လုပ်ငန်းသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ ကျင်းပ

တောင်ကြီး   ဧပြီ   ၇

992

   ရှမ်းပြည်နယ် တောင်ကြီးမြို့၊ Hotel Convention ဟိုတယ်လုပ်ငန်း မြေငှားရမ်း၍ (BOT) စနစ် ဖြင့် လုပ်ကိုင်ဆောင်ရွက်မှု သဘောတူစာချုပ်အား ပြင်ဆင်သည့်စာချုပ်၊ တောင်ကြီးမြို့၊ ပုဂ္ဂလိကအမှိုက် နှင့် မိလ္လာသိမ်းဆည်းရေးလုပ်ငန်းသဘောတူစာချုပ်၊ (MOA)၊ တာချီလိတ်မြို့ ပါဆတ်ကားလေးဝင်း ယာဉ်ရပ်နား စခန်းမြေငှားရမ်း၍ (BOT)စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့် သဘောတူစာချုပ်အား ပြင်ဆင်သည့်  ပြင်ဆင်ချက်စာချုပ်နှင့် တာချီလိတ်မြို့၊ ဝမ်ကောင်းမြို့မစျေး အဆင့်မြှင့်တင်တည်ဆောက် ခြင်း လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ်အား ပြင်ဆင်သည့် ပြင်ဆင်ချက်စာချုပ် လက်မှတ်ရေးထိုး ခြင်းကို ဧပြီ(၇)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာ စကားပြောကြားရာ၊ ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ မူဝါဒဆိုင်ရာ လမ်းညွှန် ချက်နှင့်အညီ ပုဂ္ဂလိက အခန်းကဏ္ဍမြှင့်တင်ရေး၊ စတုတ္ထပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ နိုင်ငံတော်တာဝန်စတင်တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်ကစပြီး အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိကာလတွင် တိုင်းရင်းသားပုဂ္ဂလိက လုပ်ငန်းရှင်ကုမ္ပဏီများနှင့် ဒေသန္တရ ဖွံ့ဖြိုးရေး စီမံကိန်းများ၊ မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု အများအပြား ဆောင်ရွက်ခဲ့ပြီး၊ စည်ပင်သာယာရေးဆိုင်ရာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို လက်ရှိကာလအထိ တောင်ကြီး၊ လားရှိုး၊ မူဆယ်၊ ကျိုင်းတုံ၊ တာချီလိတ်၊ တန့်ယန်းမြို့များတွင် လုပ်ငန်း(၁၄)ခု သဘောတူ စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အချို့လုပ်ငန်းများသည် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ အချို့လုပ်ငန်းများကိုဆောင်ရွက်ဆဲလုပ်ငန်းများအဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြား သွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းလှဝင်းက လုပ်ငန်းသဘောတူစာချုပ်လက်မှတ်ရေးထိုးမည့် လုပ်ငန်း များ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ ဥပဒေဆိုင်ရာလုပ်ငန်း သဘောတူ စာချုပ်ထုံးတမ်းများနှင့် ပတ်သက်၍ ဂရုပြုရန်များနှင့် လိုအပ်သည်များ ရှင်းလင်းပြောကြား သည်။

   ထို့နောက် တောင်ကြီးမြို့၊ Hotel Convention ဟိုတယ်လုပ်ငန်း မြေငှားရမ်း၍ (BOT) စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှု သဘောတူစာချုပ်အား ပြင်ဆင်သည့်စာချုပ်ပါအကြောင်းအရာ အချက်အလက်များ ကို (CEO Co.,Ltd)မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းဟန်၊ ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးလုပ်ငန်း သဘောတူစာချုပ်နှင့် ပတ်သက်၍ မွှေးတောင်ကြီး ကုမ္ပဏီလီမိတက်မှ အတွင်းရေးမှူး ဒေါ်ဝင်းပပကျော်၊ တာချီလိတ်မြို့ ပါဆတ်ကားလေးဝင်းယာဉ်ရပ်နားစခန်း မြေငှားရမ်း၍ (BOT)စနစ်နှင့် ဝမ်ကောင်းမြို့မ စျေး အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုသဘောတူစာချုပ်နှင့် ပတ်သက်၍ မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းဝန်းပန်တို့က အသီးသီး ရှင်းလင်းတင်ပြကြသည်။

   ၎င်းနောက် လုပ်ငန်းသဘောတူစာချုပ်များ လက်မှတ်ရေးထိုးရာ တောင်ကြီးမြို့နယ်၊ စည်ပင် သာယာရေး ကော်မတီနှင့် (CEO) ကုမ္ပဏီလီမိတက်တို့အကြား ချုပ်ဆိုသော တောင်ကြီးမြို့၊ Hotel Convention ဟိုတယ်လုပ်ငန်း မြေငှားရမ်း၍ (BOT) စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့် သဘောတူ စာချုပ်မှာ အငှားချထားသူ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ အသိသက်သေ များအဖြစ် ပြည်နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မ တီ ဥက္ကဌ၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးတို့က လက်မှတ်ရေးထိုးပြီး၊ အငှားချထားခြင်းခံရ သူ (CEO) ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာနှင့် အသိသက်သေများတို့က လက်မှတ်ရေးထိုး၍ လည်းကောင်း၊ တောင်ကြီးမြို့၊ ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးလုပ်ငန်း သဘောတူစာချုပ်တွင် လုပ်ငန်းအပ်နှံသူ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးနှင့် အသိသက်သေ များက လက်မှတ်ရေးထိုး၍၊ လုပ်ငန်းလက်ခံသူ မွှေးတောင်ကြီး စီးပွားရေးလုပ်ငန်းအုပ်စု အတွင်းရေးမှူး နှင့် အသိသက်သေများက လက်မှတ်ရေးထိုး၍လည်းကောင်း၊ တာချီလိတ်မြို့ ပါဆတ်ကားဝင်း ယာဉ်ရပ်နားစခန်း မြေငှားရမ်း၍ (BOT) စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှု သဘောတူစာချုပ် ပြင်ဆင်ချက် စာချုပ်နှင့် ဝမ်ကောင်းမြို့မစျေး အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှု ပြင်ဆင်စာချုပ်တို့ တွင် အငှားချထားသူ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးနှင့် အသိသက်သေများ တို့က လက်မှတ်ရေးထိုး၍လည်းကောင်း၊ အငှားချထားခြင်းခံရသူ မင်းခေတ်သစ် ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာနှင့် အသိသက်သေများတို့က လက်မှတ်ရေးထိုးကြကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်/ မြို့နယ် စည်ပင် သာယာရေးကော်မတီဝင်များ၊ တောင်ကြီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ တောင်ကြီးမြို့ပေါ်ရှိ (၂၂)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့်၊ ရပ်ကွက်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များ၊ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးကြမည့် ကုမ္ပဏီများမှ လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                      မောင်မောင်သန်း(တောင်ကြီး)

 

မိုင်းဆတ်၌ ငြိမ်းချမ်းမှုကို လိုလားသောပြည်သူများ အေးချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်

မိုင်းဆတ်  ဧပြီ  ၆

990

   ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ မယ်ဆွမ်မြောက်ရပ်ကွက်နေ ဦးစိုင်းချစ်သောင်းနှင့် မြို့မိမြို့ဖများ ဦးဆောင်သော ငြိမ်းချမ်းရေးလိုလားသူ ပြည်သူလူထု အင်အား ၁၂၀ဝ ခန့်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းအား ကြိုဆိုထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲကို ဧပြီ ၆ ရက် နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။

   အဆိုပါဆန္ဒထုတ်ဖော်ရာ၌ ဒို့တာဝန်အရေးသုံးပါး၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ပြည်ထောင်စု ထာဝရငြိမ်း ချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်ရှင်သန်ခိုင်မာရေး စသည့် ဆောင်ပုဒ်နှင့် ကြွေးကြော်သံများဖြင့် မိုင်းဆတ်မြို့၊

   မယ်ဆွမ်မြောက်ရပ်ကွက် အထက်တန်းကျောင်းလမ်းဆုံမှ အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းအတိုင်း  ငြိမ်းချမ်းစွာဖြင့် စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အောင်ဇေယျဘက်စုံအားကစားကွင်း၌ ထပ်မံကြွေးကြော်ဆန္ဒထုတ်ဖော်၍ နံနက် ၇ နာရီအချိန်တွင် ရပ်နားခဲ့ကြောင်းသိရသည်။

   ယင်းဆန္ဒထုတ်ဖော်မှုကို ဥပဒေနှင့်အညီ ခွင့်ပြုချက်တောင်းခံပြီးမှ ကျွန်တော်တို့ဆောင်ရွက်တာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးရရှိမှ ပြည်သူတစ်ရပ်လုံးက အေးချမ်းစွာနဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်း တွေကို လုပ်ကိုင်နိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်နေတဲ့ အပစ် အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံတဲ့အနေနဲ့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးစိုင်းချစ်သောင်းက ပြောပြသည်။

 

                                                                                                                                                                    ခရိုင်ပြန်/ဆက်

 

                                                                                                                                                                      သတင်းဓာတ်ပုံ- ( ၁၂ ) ပုံ

                                                                                                                                                                  သတင်းရေးသားသူ- ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

                                                                                                                                                  ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်

 

မိုင်းတုံ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထောက်ခံဆန္ဒထုတ်ဖော်

 မိုင်းတုံ  ဧပြီ ၆

995

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ မြို့မိမြို့ဖ  ဦးစိုင်းထွန်းကျော် ဦးဆောင်သော ငြိမ်း ချမ်းရေးလိုလားသည့် ပြည်သူအင်အား (၃၀၀)ဦးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် မူကြမ်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (process) များ အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် ကြိုဆိုထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲကို ဧပြီ ၆ ရက် နံနက် ၈ နာရီက ခွင့်ပြုချက်ရယူပြီး ကျင်းပပြုလုပ်သည်။ 

   အဆိုပါဆန္ဒထုတ်ဖော်ရာ၌ ဒို့တာဝန်အရေးသုံးပါး၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ပြည်ထောင်စုထာဝရ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်ရှင်သန်ခိုင်မာရေး စသည့် ဆောင်ပုဒ်နှင့် ကြွေးကြော်သံများဖြင့် မိုင်းတုံမြို့၊ ပန်းခြံရှေ့မှ လမ်းမတော်လမ်းအတိုင်း မြို့လယ်အားကစားကွင်းထိ  ငြိမ်းချမ်းစွာဖြင့် စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရပ်နားခဲ့ကြောင်း သိရသည်။

 

                                                                                                                                                                             မြို့နယ် ပြန်/ဆက်

သတင်းဓာတ်ပုံ - (  ၂  )ပုံ

သတင်းရေးသားသူ - ဒေါ်ဝင်းဝင်းခိုင်(ဒုတိယဦးစီးမှူး)

     မြို့နယ်ပြန်/ဆက်ရုံး၊ မိုင်းတုံမြို့။

     

 

တောင်ကြီးမြို့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းစွာစုပေါင်းဆန္ဒထုတ်ဖော်ပွဲပြုလုပ်

တောင်ကြီး ဧပြီ - ၆

988

   တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို အတည်ပြုလက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းအား ကြိုဆိုထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၌ ဧပြီ(၆)ရက် နံနက်(၉)နာရီက ခွင့်ပြုချက်ရယူပြီး ပြုလုပ်ခဲ့ကြောင်း သိရသည်။

   ဆန္ဒထုတ်ဖော်ပွဲတွင် "အပစ်အခတ်ရပ်စဲကြ၊ ပြည်သူ့ဆန္ဒ၊ အပစ်အခတ်အမြန်ရပ်စဲပေးပါ၊ ငြိမ်းချမ်းရေးကို လိုလားပါသည်၊ လူထုအားလုံးအေးချမ်းစွာနေလိုသည်၊ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးခြင်းအား ထောက်ခံပါသည်" စသည့် လက်ကိုင်ပိုစတာများ ကိုင်ဆောင်၍ "တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းမှုခိုင်မာရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံတော်၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်ရမည်" ကြွေးကြော်သံများဖြင့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

   တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား ထောက်ခံဆန္ဒ ထုတ်ဖော်ပွဲသို့ တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်(၂၂)ရပ်ကွက်နှင့် ကျေးရွာများမှ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ ကိုးကန့်၊ တောင်ရိုး၊ တိုင်းရင်းသားပေါင်းစုံ အင်အား(၃၀၀၀၀)ခန့် ပါဝင်၍ စုရပ်ဖြစ်သည့် အ.ထ.က(၈)၊ အ.ထ.က(၄)၊ အ.ထ.က(၁)၊ ချမ်းသာရပ်ကွက်၊ EPC ရုံးရှေ့တို့တွင် စုရပ်များပြုလုပ်ကာ တောင်ကြီးမြို့၊ ပြည်နယ်အားကစား ဘောလုံးကွင်းသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ကြသည်။

   အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို "ငြိမ်းချမ်းရေးသည် ကျွန်တော်တို့ပြည်သူတွေ လိုလားအတောင်းတဆုံး သောအရာ၊ အလိုချင်ဆုံးသောဆန္ဒဖြစ်တာနှင့်အညီ၊ ယနေ့ကျွန်တော်တို့ရဲ့အကြီးမားဆုံးသော မျှော်လင့်ချက်သည် ရောင်ခြည်အလင်းတန်းများ၊ လင်းလက်တောက်ပလာပြီးဖြစ်ကြောင်း ပြည်သူတစ်ရပ်လုံး ငြိမ်းငြိမ်းချမ်းချမ်းနှင့် စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်ဖို့၊ ကျန်းမာပျော်ရွှင်၊ ဖွံ့ဖြိုးတိုးတက်သည့်ဘဝများ ထာဝရပိုင်ဆိုင်ခံစားနိုင်ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအတည်ပြု လက်မှတ်ရေးထိုးခြင်းကို တစ်ခဲနက်ထောက်ခံကြိုဆိုကြပါစို့လို့" ရှမ်းစာပေယဉ်ကျေးမှု အဖွဲ့မှ ဦးစိုင်းဆေဟန်က ပြောကြားသည်။

   မြန်မာနိုင်ငံသည် "တိုင်းရင်းသားပေါင်းစုံ အေးအတူပူအမျှ အတူတကွလက်တွဲပြီး၊ စုပေါင်းနေထိုင်ကြသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ကျွန်တော်တို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီး ကတည်းက ရောင်စုံသောင်းကျန်းသူများနှင့် ရင်ဆိုင်ခဲ့ရပြီး၊ စစ်ဘေးကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကြခဲ့ရပါကြောင်း၊ ယနေ့နိုင်ငံတော်မှ ရှေ့ဆက်လျှောက်လမ်းနေသည့် ခတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်နိုင်ငံလုံး တစ်စိတ်တည်းတစ်ဝမ်းတည်း ပူးပေါင်း လက်တွဲကာ အပစ်အခတ်ရပ်စဲရေးကို တစ်ခဲနက်ထောက်ခံကြိုဆိုကြပါစို့လို့" အင်းတိုင်းရင်းသား ဦးမျိုးနိုင်က ပြောကြားသည်။

   ဆက်လက်၍ ပအိုဝ်းတိုင်းရင်းသား ဦးခွန်မောင်မောင်ထွန်းက "နိုင်ငံတော်သမ္မတ ဦးဆောင်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သမိုင်းမော်ကွန်းတင် လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုခဲ့ပြီး၊ ကြီးမားသောမျှော်လင့်ချက်များ ထားရှိ၍ ပြည်သူတစ်ရပ်လုံးအေးအေးချမ်းချမ်းနှင့် တရားဥပဒေစိုးမိုးမှု အောက်မှာ နေထိုင်ကြပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ်ကို ဆက်လက်လျှောက်လမ်းရာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဝိုင်းဝန်းထောက်ခံသောအားဖြင့် တောင်ကြီးမြို့နယ် တိုင်းရင်းသားညီအကိုမောင်နှမများ နှင့် လုပ်သားပြည်သူတစ်ရပ်လုံးမှ သောင်းသောင်းဖျဖျ ကြိုဆို၍ ကြွေးကြော်သံများနှင့် ရုပ်သိမ်းလိုက်ကြပါစို့လို့ ပြောကြားသွားကြောင်းသိရသည်။

   အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းကို အေးချမ်းစွာဖြင့် ပြုလုပ်ကြပြီး၊ နံနက်(၁၀)နာရီတွင် ပြီးစီသွားကြောင်းနှင့် ဆန္ဒထုတ်ဖော် တိုင်းရင်းသားပြည်သူများအား ရာစုသစ်လူမှုစောင့်ရှောင်ရေးနှင့် သွေးလှူရှင်အသင်းမှ ဖျော်ရည်နှင့် မုန့်များ ဝေငှပေးခဲ့ကြောင်းသိရှိရသည်။

                                                                                    မောင်မောင်သန်း(တောင်ကြီး)

 

"ဝ" အထူးဒေသ၌ မိုးပွင့်အထူးစီမံချက်ရှင်းလင်းဆွေးနွေး

မိုင်းဆတ်  ဧပြီ  ၆

994

   ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ဝ အထူးဒေသရှိ ဒေသခံပြည်သူများနှင့် မိုးပွင့်အထူးစီမံချက် ကွင်းဆင်း ဆောင်ရွက်ရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးမည့်သူများအား စီမံချက်နှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကိုဧပြီ ၅ ရက် နံနက် ၁ဝ နာရီက ဝ အထူးဒေသ(ဝမ်ဟုန်)၌ ကျင်းပပြုလုပ်သည်။

   အခမ်းအနားတွင် မိုင်းဆတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက အဖွင့်မိတ်ဆက်စကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ တွဲဖက်ပြည်နယ်မှူး ဦးကိုကိုသော်နှင့် ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်တို့က မိုးပွင့်အထူးစီမံချက်နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားရာ ဝ အထူးဒေသ(ဝမ်ဟုန်) ခရိုင်အုပ်ချုပ်ရေးမှူး ဦးလီကျင်ပင်းနှင့် ဆက်ဆံရေးမှူး ဦးဆံလော့ဒ်တို့က ပူးပေါင်းဆောင်မည့် အခြေအနေနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။

   မိုင်းဆတ်ခရိုင်အတွင်းရှိ ဝ အထူးဒေသ၌ မိုးပွင့်အထူးစီမံချက်ကို ဝမ်ဟုန်၊ ဟိုပန်ဟိုရွက်၊ ဟွေအောနှင့် ခိုင်းလုံကျေးရွာတို့တွင် အခြေပြုနေရာ (၇) ခုဖြင့် ဧပြီ ၇ ရက်နေ့မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

                                                                                                                                                                                  သန်းဇော်(iprd)

 

သတင်းဓာတ်ပုံ- ( ၂ ) ပုံ

သတင်းရေးသားသူ- ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

    ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်

 

ရှမ်းပြည်နယ်ရှေ့နေများအသင်း၊ သင်းလုံးကျွတ်အစည်းအဝေးနှင့် အလုပ်အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်တင်မြောက်

တောင်ကြီး ဧပြီ - ၅

 991

   ရှမ်းပြည်နယ်ရှေ့နေများအသင်း၏ သင်းလုံးကျွတ်အစည်းအဝေးနှင့် အလုပ်အမှုဆောင်သစ်များ ပြန်လည်ရွေးချယ် တင်မြောက်ခြင်းအခမ်းအနားကို နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ဟုတ်ကြန့်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်ရှေ့နယ်အသင်းနာယက ဦးမျိုးမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ ဥပဒေပညာရှင်ဆိုသည်မှာ နိုင်ငံတိုင်းလိုအပ်နေကြောင်း မဏ္ဍိုင်ကြီး(၃)ရပ်ခိုင်မာဖို့လိုကြောင်း၊ မဏ္ဍိုင်ကြီး(၃)ရပ်တွင် (၁)ရပ်ပါဝင်နေကြောင်း၊ နိုင်ငံတော်အကျိုးဆောင်ရွက်ရာတွင် ဥပဒေပညာရှင်များဖြစ်သည့်အတွက် ဒေါသတရားများမရှိဖို့နှင့် ဒေါသထိန်းချုပ်ရန်လိုအပ်ကြောင်း ပြောကြားသွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ရှမ်းပြည်နယ်ဥပဒေချုပ်ဦးမောင်မောင်က အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က အမှာစကားပြောကြားရာ ရှမ်းပြည်နယ်ရှေ့နေအသင်းကြီးသည် ဥပဒေနှင့်အညီ ဖွဲ့စည်းပြီး စည်းလုံးညီညွတ်အောင်မြင်စွာဖြင့် ခိုင်မာအားကောင်းသည့် အဖွဲ့အစည်းဖြင့် ရပ်တည်နိုင်ခဲ့၍ နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကြီး ကျင်းပနိုင်မှုသည် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဖြစ်ရပ်တစ်ခုဖြစ်ပါကြောင်း၊ ဘယ်လုပ်ငန်း၊ ဘယ်ကဏ္ဍမဆို အသင်းအဖွဲ့အစည်းနှင့် ဌာနများဖွဲ့စည်းပြီးမှ စနစ်တကျ ဦးဆောင်၊ ဆောင်ရွက်ဖို့ လိုအပ်သည့်အတွက် အသင်းအဖွဲ့အစည်းများ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်ရဖို့လိုအပ်ပါကြောင်း၊ ဖွဲ့စည်းသည့် အဖွဲ့စနစ်ကလည်း၊ မိမိတို့အဖွဲ့အစည်းကို ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ မှန်မှန်ကန်ကန်ဖွံ့ဖြိုးတိုးတက် ခိုင်မာအောင် ဦးဆောင်ကြရမှာဖြစ်ပါကြောင်း၊ ဦးဆောင်သည့်နေရာတွင် အဖွဲ့အစည်းကို ဦးဆောင်သည့် ခေါင်းဆောင်တိုင်း သည် အရေးကြီးပြီး၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ မြင့်မားဖို့လိုသလို အရည်အချင်းပြည့်ဝဖို့လည်းလိုအပ်ပါကြောင်း၊ စိတ်ဓါတ်ကောင်းမွန်ပြီး အရည်အချင်းပြည့်ဝသည့် နောက်လိုက်ကောင်းတွေရရှိလာမှာဖြစ်ကြောင်း ပြောကြားသွားသည်။

   ထို့နောက် ရှမ်းပြည်နယ်ရှေ့နေများအသင်း(ယာယီ)ဥက္ကဌ၊ ဦးစိန်းဝင်းချမ်း ရှေ့နေအသင့်ဖြစ်ပေါ်လာအား တင်ပြပြီး၊ ရှမ်းပြည်နယ်ရှေ့နေများအသင်း(တောင်ကြီး)မှ လောက်ကိုင်ဒေသ တပ်မတော်သားများနှင့် စစ်ဘေးရှောင်ပြည်သူများအား အလှူငွေကျပ်(၁၀)သိန်းကို ရှမ်းပြည်နယ်ရှေ့နေများအသင်း ဦးစန်းအောင်မှ ပေးအပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးအရာရှိကြီး တစ်ဦးမှ လက်ခံရယူကြကြောင်းသိရသည်။

   ၎င်းနောက် အလုပ်အမှုဆောင်အဖွဲ့များရွေးချယ်ခြင်းအခမ်းအနား စတင်ကျင်းပရာ သဘာပတိများအဖြစ် ဦးမျိုးမြင့် တရားလွှတ်တော်ရှေ့နေ(တောင်ကြီး)၊ ဦးမြင့်ဆွေ တရားလွှတ်တော်ရှေ့နေ(လားရှိုး)၊ ဦးစိုင်းသောင်းအေး တရားလွှတ်တော် ရှေ့နေ (ကျိုင်းတုံး)တို့က နေရာယူကြပြီး၊ ရှမ်းပြည်နယ်ရှေ့နေများအသင်းဥက္ကဌ၊ ဦးစိန်းဝင်းချမ်းက အမှားစကားပြောကြား၍ တက်ရောက်လာသော အသင်းဝင်များမှ ရှမ်းပြည်နယ်ရှေ့နေများအသင်း အလုပ်အမှုဆောင်အဖွဲ့ကို အဆိုပြုရွေးချယ် တင်မြှောက်ခြင်း၊ ရွေးချယ်တင်မြှောက်ထားသော ရှမ်းပြည်နယ်ရှေ့နေများအသင်း အလုပ်အမှုဆောင်အဖွဲ့၏ အမည်စာရင်းကို ကြေညာခြင်း၊ ရွေးချယ်တင်မြှောက်ထားသော ရှမ်းပြည်နယ်ရှေ့နေများအသင်း အလုပ်အမှုဆောင်အဖွဲ့၏ ကော်မတီအလိုက် လုပ်ငန်းတာဝန်များခွဲဝေခြင်း၊ ရှမ်းပြည်နယ်ရှေ့နေများအသင်း၏ အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ခြင်းကို သဘာပတိထံ အတည်ပြုချက်တောင်းခံခြင်း၊ ရှမ်းပြည်နယ်ရှေ့နေများအသင်း၏ တောင်ကြီးခရိုင်အလုပ်အမှုဆောင်အဖွဲ့၏ အမည်စာရင်း ကြေညာခြင်း၊ အလုပ်အမှုဆောင်အဖွဲ့မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ရှမ်းပြည်နယ်ရှေ့နေများအသင်း၏ တောင်ကြီးခရိုင်၊ အလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဌမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                                   မောင်မောင်သန်း(တောင်ကြီး)

 

ပင်းတယမြို့၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထောက်ခံဆန္ဒထုတ်ဖော်

တောင်ကြီး ဧပြီ - ၆

993

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ မြို့မိမြို့ဖ ဦးမျိုးဆန်း ဦးဆောင်သော ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူအင်အား(၁၂၅၀)ဦးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် မူကြမ်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (process) များ အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် ကြိုဆိုထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲကို ဧပြီ ၆ ရက် နံနက် (၈)နာရီခွဲက ခွင့်ပြုချက်ရယူပြီး ကျင်းပပြုလုပ်ခဲ့သည်။

   အဆိုပါဆန္ဒထုတ်ဖော်ရာ၌ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ်ပေးရေး၊ စသည့် ဆောင်ပုဒ်နှင့် ကြွေးကြော်သံများဖြင့် မြို့နယ်ဓမ္မာရုံမှ ဗိုလ်ချုပ်လမ်း၊ ရွှေဥမင်ဘုရားလမ်းနှင့် ဓနုတိုင်းရင်းသားဓမ္မာရုံထိ ငြိမ်းချမ်းစွာဖြင့် စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရပ်နားခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း အတည်ပြုလက်မှတ်ရေးထိုးခြင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် (peace process)အား ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ ကျင်းပပြုလုပ်

လားရှိုး ဧပြီ   ၅

985

   ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပါ စည်းကမ်းချက် များအပြင်ခွင့်ပြုမိန့်တွင် သီးခြားသတ်မှတ်ထားသည့် စည်းကမ်းချက်များကိုပါလိုက်နာမည်ဖြစ်ကြောင်း ဝန်ခံကတိပြုကြ ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ်မူကြမ်း အတည်ပြုလက်မှတ်ရေးထိုးခြင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်(peace process)အား ထောက်ခံကြောင်းဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို လားရှိုးမြို့၊ ပြည်ထောင်စုအားက စားကွင်းတွင် ဧပြီလ (၅) ရက်နေ့ နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ရာ လားရှိုးမြို့၊ ကန်မိန်းကျောင်းတိုက်စုရပ်မှ ရပ်ကွက် (၉)၊ ရပ်ကွက်(၁၀)၊ရပ်ကွက်(၁၁)၊ရပ်ကွက်(၁၂)၊ ဆုံကွယ်ကျေးရွာ၊ တာပုံကျေးရွာ၊ ဟိုပိတ်ကျေးရွာ၊ ကချင်၊၀၊ ဗမာယဉ်ကျေးမှုအဖွဲ့နှင့် ပြည်သူလူထုအင်အား (၇၀၂၅) ဦးသည်လည်းကောင်း၊ လားရှိုးမြို့ မန်ဆူရှမ်းကျောင်းတိုက် စုရပ်မှ ရပ်ကွက်(၅)၊ရပ်ကွက်(၆)၊ ရပ်ကွက် (၇)၊ ရပ်ကွက်(ဂ)၊ ဟူးမွန်ကျေးရွာ၊ မန်အိုင်ကျေးရွာ၊ ပလောင်၊ ရှမ်း၊ ကိုးကန့် ယဉ်ကျေးမှုအဖွဲ့နှင့် ပြည်သူလူထုအင်အား (၆၁၅၀) ဦးသည်လည်းကောင်း၊ လားရှိုးမြို့၊ မန်ဆူဘုရားကြီးကျောင်းတိုက် စုရပ်မှ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ရပ်ကွက် (၃)၊ ရပ်ကွက်(၄)၊ မယ်ဟန်ကျေးရွာ၊ နောင်ဖော့ကျေးရွာ၊ နားကွမ်းလုံ ကျေးရွာ၊ လားဟူ၊ လီဆူး၊ မြောင်စီး၊ မုန်းဝန်းယဉ်ကျေးမှုအဖွဲ့နှင့် ပြည်သူလူထုအင်အား (၆၂၂၅) ဦးနှင့်ဌာနဆိုင်ရာ များနှင့်လူမှုရေးအသင်းအဖွဲ့တို့မှ (၆၂၅)ဦး၊ စုစုပေါင်းအင်အား(၂၀၀၂၅)ဦး (နှစ်သောင်းနှစ်ဆယ့်ငါး)ဦးခန့်တို့က လားရှိုး-သိန်းနီ ပြည်ထောင်စုလမ်းမကြီးအတိုင်း စီတန်းလှည့်လည်ပြီး ပြည်ထောင်စုအားကစားကွင်းအတွင်းသို့ စုရုံး ရောက်ရှိ နေရာယူကြပါသည်။

   ရှေးဦးစွာအခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာပြီး လားရှိုးမြို့၊မြို့မိ မြို့ဖ ဦးကံမြိုင်မှ “တစ်နိုင်ငံလုုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းရရှိရေး အတွက် ဆွေးနွေးပွဲများကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့မှ စတင်ကာ ပြည်တွင်းပြည်ပတွင် အလွတ်သဘော (၂၂)ကြိမ်၊ တရားဝင် (၇)ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရပြီး (တစ်)နှစ်အ ကြာဆွေးနွေးပွဲများအတွင်း တစ်ဖက်နှင့်တစ်ဖက် ပွင့်လင်းရိုးသားမှု၊ နားလည်စာနာမှု၊ အပြန်အလှန်လေးစာမှု၊ သည်းခံ လိုက်လျောမှု တို့ဖြင့်သာစေ့စပ်ညှိနှိုင်းခဲ့ကြရခြင်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်မှုကြမ်းအား နှစ်ဖက်သဘောတူညှိနှိုင်းပြုစုရေးဆွဲပြီးဖြစ်ကြောင်း အတည်ပြုအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ကြီး ဦးသိန်းစိန်က ငြိမ်းချမ်းရေးသည် ပြည်သူများ၏ လိုလားချက်၊ဆန္ဒနှင့်မျှော်လင့်ချက်ပင်ဖြစ်ကြောင်း၊ မျှော်လင့်ချက် များနှင့်စောင့်စားနေကြသည့်ပြည်သူမျာအတွက် ငြိမ်းချမ်းရေးရရှိနိုင်ရန် ဆောင်ကြဉ်းပေးခဲ့သူများသည် မိမိတို့အားလုံး ပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်တွင် နေရာအသီးသီးမှ ပါဝင်ခွင့်ရရှိနေသူများသည် မြန်မာ့သမိုင်းကို လှပစွာ ကမ္မည်းရေးထိုးပေးသူများအဖြစ်မှတ်တမ်းတင်ကျန်ရှိမည့်သူများဖြစ်ပါကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးလိုလား တောင့်တသည့် ထာဝရငြိမ်းချမ်းရေးကို သူရဲကောင်းတို့၏နှလုံးသားဖြင့် ရယူဆောင်ကြဉ်းပေးနိုင်ခြင်းသာဖြစ်ပါကြောင်း“ ဖြင့်ပြောကြားပြီးနောက် “ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေး ဒို့အရေး၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဒို့အရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစ်စိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေး ဒို့အရေး၊ တိုင်းရင်းသားများနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရေး ဒို့အရေး၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်မှုကြမ်း ဆက်လက်အတည်ပြုအကောင်အထည်ဖော်နိုင်ရေး ဒို့အရေး၊ နိုင်ငံတော်သမ္မတကြီး၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား (ထောက်ခံပါသည်) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်း အတည်ပြုလက်မှတ်ရေးထိုးခြင်းအား (ထောက်ခံပါသည်)“ဟု ကြွေးကြော်သံများဖြင့် ကြွေးကြော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

 

 

                                                                                                                                                                                    ဟန်ဌေး(iprd)

                                                                                                                                                                                    ခရိုင်ပြန်/ဆက်

                                                                                                                                                                                        လားရှိုး

 

More Articles...

  1. ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် လားရှိုးမြို့ ထင်းရှူးမြိုင် ၊ချယ်ရီမြိုင်အိမ်ရာစီမံကိန်းအားကြည့်ရှုစစ်ဆေး
  2. ကျောက်မဲမြို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား ထောက်ခံဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်
  3. မိုင်းဆတ်၌ အထက်သံလွင်(မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်း လူထုနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
  4. မိုင်းဆတ်၌ သိမ်းဆည်းမြေများပြန်လည်စွန့်လွှတ်ပေးအပ်
  5. ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ တက်ရောက်ခြင်းနှင့် အခမဲ့ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်ခြင်း
  6. ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ နမ့်စန်မြို့နယ်၊ ကျန်းမာရေးဌာနများ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်း
  7. ရှမ်းပြည်နယ်(မြောက်ပိုင်း)၂၀၁၅ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုစခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
  8. လားရှိုးတွင်ငွေကျပ်(၄၁)သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ
  9. လားရှိုးတွင်ငွေကျပ်(၄၁)သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ
  10. ညောင်ရွှေမြို့၌ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းလှုပ်ရှားမှု ဖွင့်ပွဲကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 57 guests and no members online

Latest Updates