သတင်းများ

ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

တောင်ကြီး ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏(၁/၂၀၁၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်(၀၉:၀၀)နာရီ အချိန်တွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကျော်ညွန့် တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ် ဥက္ကဌ၊ သမဝါယမသင်တန်းကျောင်း ကျောင်းအုပ်နှင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ကော်မတီဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကိုရီးယားနိုင်ငံ Daedong ကုမ္ပဏီမှ လယ်ယာသုံးစက်ကိရိယာများ ရောက်ရှိနေမှုအပေါ် စီစဉ်ဆောင်ရွက်နေမှုများ၊ သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုချုပ်တို့မှ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါ သည်။

924

ပြန်ကြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဦးစီးဌာန၊ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်လှူဒါန်း

လားရှိုး      ဖေဖော်ဝါရီ ၂၂

921

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဦးစီးဌာန၊ လောက်ကိုင်ဒေသတွင်သွားရောက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို လားရှိုးမြို့၊ အထက(၁) မြစန္ဒာခန်းမတွင် ဖေဖော်ဝါရီ (၂၀)ရက်နေ့ ညနေပိုင်းက ထောက်ပံ့ငွေကျပ်(၁၁)သိန်းအား ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပေးအပ်လှူဒါန်းရာ လားရှိုးမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဦးစီးဌာန၊အင်ဂျင်နီယာမှူး ဦးမျိုးဝင်းအောင် ကလက်ခံရယူခဲ့ပါသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကြူတို့သည် ဖေဖော်ဝါရီလ (၂၂)ရက်နေ့နံနက် (၈)နာရီအချိန်က လားရှိုးမြို့ သီရိမဂင်္လာမန်ဆူရှမ်းကျောင်းတိုက်သို့ရောက်ရှိပြီး နေရပ်ပြန်ကြမည့် အလုပ်သမား မိသားစုဝင်များအားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စေတနာရှင် အလှူရှင်များကလည်း၊ အစားအသောက်၊ ထမင်းထုတ်များ၊ အဝတ်အထည်များ၊ အလှူငွေများပေးအပ် လှူဒါန်းလျှက်ရှိနေကြောင်းသတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိန်အုပ်၏ ဦးဆောင်မှုဖြင့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ခေတ္တပြည်နယ်ဦးစီးမှူး ဦးကြည်နိုင်က အနီးကပ်ကြီးကြပ်၍ လားရှိုးမြို့ ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီနှင့်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ယာဉ်အသင်းများမှ တာဝန်ရှိသူများနှင့် ပူပေါင်းညှိနှိုင်းပြီးနေရပ်ပြန်ပြည်သူများအား လားရှိုမြို့မှ မန္တလေးမြို့သို့ မော်တော်ယာဉ်များ ဖြင့်စီစဉ် ပို့ဆောင် ပေးခဲ့ရာ ဖေဖော်ဝါရီ (၂၁)ရက်နေ့အထိ စုစုပေါင်းမော်တော်ယာဉ်စီးရေ ၁၈၂ စီးဖြင့်နေရပ်ပြန်ပြည်သူ (၈၀၁၄)ဦးအား အခမဲ့စီစဉ်ပို့ဆောင်ပေးပြီး ယနေ့နေရပ်အသီးသီးပြန်ကြမည့် အလုပ်သမားမိသားစုဝင်များ (၁၈၈)ဦးအား မော်တော်ယာဉ် (၄)စီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါသည်။

သီရိမဂင်္လာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပုညနန္ဒ ကလည်း ဖေဖော်ဝါရီလ(၂၁)ရက်နေ့က နိုင်ငံတော်ဒုတိယသမ္မတနှင့်ဒုတိယဝန်ကြီးများ၊ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့ ကျောင်းတိုက် သို့ လာရောက်ပြီး စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားပြီး မြတ်ဗုဒ္ဓ၏ မဂင်္လာ တရား တော် နှင့်အညီကူညီထောက်ပံ့ဆောင်ရွက်ပေးသည့်အတွက် ဆရာတော်အနေဖြင့် ဝမ်းသာကြည်နူး မိကြောင်း မိန်ကြားခဲ့ပြီး အလှူရှင်များလှူဒါန်းသော ငွေ၊ပစ္စည်းများအား တစ်ဦးချင်းသို့ ဆရာတော်ကိုယ်တိုင် မှလည်းပေးအပ်ခဲ့ပါသည်။

ချောက်မြို့မှ လောက်ကိုင်မြို့သို့ လာရောက်ကာ လောက်ကိုင်မြို့ကြီး သာယာသန့်ရှင်းစေရန် အတွက်မြို့အလှကိုဆောင်ရွက်နေသူမြို့ ဂုဏ်ဆောင်သန့်ရှင်းရေးဝန်ထမ်းတစ်ဦးကလည်း "ကျွန်တော်နဲ့ မိသားစုကတော့ လားရှိုးကိုရောက်နေတာ (၅)ရက်လောက်ရှိနေပါပြီ တိုက်ပွဲစဖြစ်ဖြစ်ချင်း တုန်းကတော့ မပြန်ဖြစ်ပါဘူး၊ မြို့တွင်းမှာဖြစ်လာတဲ့အချိန်ကြမှ အလုပ်က ကားနဲ့ လားရှိုးကိုလာခဲ့ကြတာပါ၊ တိုက်ပွဲတွေလဲ အမြန်ပြီးလို့ မြန်မြန်အေးချမ်းသွားရင် ကျွန်တော်တို့ကလောက်ကိုင်ကိုပြန်သွားချင်ပါတယ်။ "ဆိုတဲ့အကြောင်း ကိုလည်းသိရပါသည်။

ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် လားရှိုးသူလေး သီရိရှင်းသန့်ကလည်း ဖေဖော်ဝါရီ (၂၂)ရက်နေ့ မနက်ပိုင်းကာသီရိမဂင်္လာ မန်ဆူရှမ်းကျောင်းတိုက် မှာလာရောက်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများကို လာရောက်ပြီးအားပေးစကားပြေားကြားကာ လိုက်လံနှုတ်ဆက်ခဲ့ပါတယ်။ သီရိရှင်းသန့်ကလည်း" ဒီအကြောင်းကို face book ကနေစတင်သိရှိခဲ့တာပါ၊ ညီမတတ်နိုင်တာလေးနဲ့လာရောက်ပြီးအားပေးစကားပြောကြားတာပါ၊ မိမိရဲ့လုပ်အားခလေးကူညီချင်လို့ပါ၊ ညီမကလားရှိုးသူပါပဲ၊ ညီမကလည်းငြိမ်းချမ်းရေးကိုပိုပြီးလိုလားပါတယ်၊ ဒီလိုမျိုးဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့ အိုးအိမ်ကိုစွန့်ခွာရတယ်၊ အများကြီးဒုက္ခရောက်ကြရတယ်၊ ကျန်းမာရေးကအစ ငွေရေး ကြေးရေးတွေ       ခက်ခဲတယ်၊ တစ်ချို့ဆိုရင်(၄) (၅)ရက်လောက်လမ်းလျှောက်   လာကြရတယ်ကြားရတဲ့ အတွက်အရမ်းစိတ်မကောင်းပါဘူး၊ တိုက်ပွဲမှာကျဆုံးခဲ့တဲ့တပ်မတော်သား တွေလဲအများကြီးတွေ့ရတယ်၊ဒီလားရှိုး တပ်ရင်းတွေကကျဆုံးအရာရှိနှင့်တပ်မတော်သားများအားလုံးအတွက်လည်း ရင်ထဲမှာဆို့နင့် အောင်ခံစားရပါတယ်၊ သူတို့အတွက်ကိုလည်း အရမ်းကိုဂုဏ်ယူမိပါတယ် " ဆိုတဲ့အကြောင်းကိုလည်း သိရှိခဲ့ရ ပါသည်။

 

                                                                                                                       ဟန်ဌေး(iprd)

                                                                                                                                               ခရိုင်ပြန်/ဆက်

                                                                                                                                                     လားရှိုး

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလောက်ကိုင်ဒေသမှတိမ်းရှောင်လာသော ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်

လားရှိုး         ဖေဖော်ဝါရီ ၁၈ ရက်

920

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ်လူမှုရေး ဝန်ကြီး  ဒေါက်တာမျိုးထွန်း တို့သည် ဖေဖော်ဝါရီ ၁၈ရက် ညနေပိုင်းတွင် လားရှိုးမြို့  အ.ထ.က(၁)ကျောင်း၌ ကိုးကန့် စစ်ဘေးရှောင်ဆရာ/ ဆရာမတစ်ဦးလျှင် ကျပ်(၃)သောင်းနှုန်း ဖြင့် ဆရာ/ ဆရာမ (၃၇၃)ဦးအတွက် (၁၁၁.၉)သိန်း၊ ကွယ်လွန်သွားသော ပညာရေးဝန်ထမ်း(၃)ဦး အတွက် တစ်ဦးလျှင် ကျပ်(၅)သိန်းနှုန်းဖြင့် (၁၅)သိန်းထောက်ပံ့ ပေးခဲ့ပြီး၊ လားရှိုး ဆေးရုံကြီးသို့သွားရောက်ကာ ဆေးရုံ တက်ရောက်နေသော ဒဏ်ရာရပညာရေး ဝန်ထမ်း(၇)ဦး၊ တစ်ဦးလျှင်(၃)သိန်းနှုန်းဖြင့် (၂၁)သိန်း၊ ဒဏ်ရာရ ကြက်ခြေနီ နှစ်ဦးအတွက် တစ်ဦးလျှင် (၁)သိန်းနှုန်းဖြင့်၊ ကျပ်(၂)သိန်း ထောက်ပံ့ပေးခဲ့ပါသည်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေပိုင်းတွင်ရောက်ရှိလာသည့် ဌာနေပြန်အလုပ်သမားများနှင့်မိသားစုဝင် (၃၅၅)ဦးတို့အား ထမင်းထုပ်နှင့်စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများကို ထောက်ပံ့ပေးပြီး လားရှိုးမြို့မှ မန္တလေးမြို့သို့ မော်တော်ယာဉ်(၆)စီးဖြင့် အခမဲ့ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ်လူမှုရေး ဝန်ကြီး  ဒေါက်တာမျိုးထွန်း တို့သည် ဖေဖော်ဝါရီ ၁၉ ရက် နံနက်(၈)နာရီအချိန်က  လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူ ရှမ်းကျောင်းတွင် ထပ်မံရောက်ရှိလာသော ဌာနေပြန်မည့် ကိုးကန့်ဒေသစစ်ဘေးရှောင် အလုပ်သမားများနှင့် မိသားစုဝင်များအား အလှူရှင် စေတနာရှင်များမှ အလှူငွေနှင့်ထောက်ပံ့ငွေများလှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး အောင်မဂင်္လာအဝေးပြေး (Express) ယာဉ်လိုင်းပိုင်ရှင်များနှင့် ယာဉ်ပိုင်ရှင်များက အလှူငွေကျပ် (၄၅)သိန်း၊ ရန်ကုန်မြို့နာရေးကူညီမှု အသင်းက  အလှူငွေကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တို့ကလည်းကောင်း ၊လားရှိုးခရိုင် အုပ်ချုပ် ရေးမှူး  ဦးမြတ်မိုးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက အလှူငွေကျပ်(၁၆)သိန်းရှစ်သောင်းလေးထောင်နှင့် သာသနာရေးဝန်ကြီးဌာနမှ အလှူငွေကျပ်(၅)သိန်းသုံးသောင်းပေးအပ်လှူဒါန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့်ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိန်အုပ်တို့ လက်ခံရယူခဲ့ ပါသည်။

ဆက်လက်၍ မန်ဆူဘုရားကြီးကျောင်းတိုက်တွင် ဌာနေပြန်မည့်အလုပ်သမားများနှင့်မိသားစုဝင်များ အတွက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ  အလှူငွေကျပ်(၁၆)သိန်းရှစ်သောင်း လေးထောင်အား ပေးအပ်လှူဒါန်း ခဲ့သည်။

ယင်းနောက်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများ သည် တွဲဖက်ပြည်နယ်ကျန်းမာရေးဦးစီးဌာနရုံးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများအတွက် တစ်ဦး လျှင် ကျပ်သုံးသောင်းနှုန်းဖြင့် (၈၃)ဦးအတွက် ကျပ်(၂၄)သိန်းကိုးသောင်းတိတိကို ပေးအပ်လှူဒါန်း ခဲ့ပါသည်။

                                                                           ခရိုင်ပြန်/ဆက်

                                                                                          လားရှိုး

 

ကလောမြို့နယ်၊ ဟဲဟိုးတိုက်နယ်ဆေးရုံးသို့ အခမဲ့ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်

တောင်ကြီး ဖေဖေါ်ဝါရီ - ၁၄

913

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးဆွေ၊ ခရိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင်၊ စဝ်စံထွန်းဆေးရုံးအုပ်ကြီး ဒေါက်တာပေါ်ထွန်းတို့ ဦးဆောင်မှုဖြင့် စဝ်စံထွန်းဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်၊ အရိုးအကြောအထူးကုဆရာဝန်၊ သွားဆရာဝန်၊ အထွေထွေ ရောဂါအထူးကုဆရာဝန်၊ ခွဲစိတ်အထူးကုဆရာဝန်၊ အမျိုးသမီးနှင့် ကလေးဆေးရုံမှ ကလေးအထူးကုဆရာဝန်၊ သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် ရာစုသစ်လူမှုစောင့်ရှောက်ရေးနှင့် သွေးလှူရှင်အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် ဖေဖေါ်ဝါရီ(၁၄)ရက်၊ နံနက်(၉)နာရီတွင် ကလောမြို့နယ် ဟဲဟိုးတိုက်နယ်ဆေးရုံသို့ သွာရောက်ပြီး ကျေးရွာနေဒေသခံ ပြည်သူများအား အခမဲ့ကျန်းမာရေး ကွင်းဆင်းစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဆေးဝါးများဝယ်ယူရန် အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့ပြီး၊ ကလောမြို့နယ်ဟဲဟိုးတိုက်နယ်ဆေးရုံ၌ အခမဲ့ကျန်းမာရေး ကွင်းဆင်းစောင့်ရှောက်မှုတွင် မျက်စိဝေဒနာရှင်(၂၁၈)ဦး၊ တိုင်းရင်းဆေးဖြင့်ဝေဒနာရှင်(၁၆၇)ဦး၊ အထွေထွေရောဂါဝေဒနာရှင် (၂၃၀)ဦး၊ ခွဲစိတ်ဝေဒနာရှင်(၁၇)ဦး၊ သွားဝေဒနာရှင်(၈၃)ဦး၊ အရိုးအကြောဝေဒနာရှင်(၁၃၇)ဦး၊ ကလေးဝေဒနာရှင်(၅၃)ဦး၊ သားဖွာမီးယပ်ဝေဒနာရှင်(၄၃)ဦး စုစုပေါင်းဝေဒနာရှင်(၉၈၄)ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောကပေးခဲ့ကြောင်း သိရှိရသည်။

                                                                                      မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်ဒေသတိုင် နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သော တပ်မတော်သားများ နိုင်ငံ့ဝန်ထမ်းများ အပြစ်မဲ့ဒေသခံပြည်သူများအတွက် ကောင်းမှု ကုသိုလ် ပြုလုပ်လှူဒါန်းအမျှဝေခြင်း ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ  ၂၁

919

   ရှမ်းပြည်နယ် တောင်ကြီးမြို့ ကျက်သရေဆောင်ဖြစ်သော စူဠာမုနိဘုရား စေတီတော်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်ဒေသတွင် နိုင်ငံတော်အတွက် အသက်ပေး လှူခဲ့သော တပ်မတော်သားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ဒေသခံပြည်သူများအတွက် ကောင်းမှုကုသိုလ် ပြုလုပ်လှူဒါန်း အမျှပေးဝေခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် (၉းဝ၀)နာရီက တောင်ကြီးမြို့ စူဠာမုနိ စေတီတော်လှိုင်ဂူအတွင်း ကျင်းပခဲ့သည်။

  ရှေးဦးစွာ နမောတဿ (၃)ကြိမ် ရွတ်ဆို၍ ဘုရားကန်တော့ ဖွင့်လှစ်ပေးခဲ့သည်။ ဗုဒ္ဓါဘိ‌သေကအနေကဇာ တင်ခြင်း ပြုလုပ်သည်။ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်များက ပြည်နယ်သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာသီရိအဂ္ဂမဟာပဏ္ဍိတ မင်းကွန်းကျောင်းတိုက်ထံမှ ငါးပါးသီလ ခံယူစောင့်တည်ကြပြီး အန္တရာယ်ကင်းပရိတ်တရား နာယူကြသည်။ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က သံဃာတော်များကို လှူဘွယ်ပစ္စည်းများ၊ ပြည်နယ်ဝန်ကြီးများကလည်း ဆရာတော် သံဃာတော်များကို လှူဘွယ် ပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းပေးခဲ့သည်။ 

   ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာသီရိအဂ္ဂမဟာပဏ္ဍိတ မင်းကွန်းကျောင်းတိုက် ဆရာတော်က ရေစက်သွန်းချ အမျှပေး တရားတော်များ နာကြားပြီး ဧည့်ပရိတ်သတ်များက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်ဒေသတွင် နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သော တပ်မတော်သားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ဒေသခံပြည်သူများအတွက် ရှေ့ရှု၍ ကောင်းမှုကုသိုလ်ပြုလုပ်ပြီး ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သော နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ဒေသခံပြည်သူများအတွက် ကောင်းမှုကုသိုလ်ပြုလုပ်၍ အမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။

   အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တရားလွှတ်တော်၊ ဝတ်အသင်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များ တက်ရောက် ကြပြီး ဆရာတော် သံဃာတော်များကို နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ ဆက်ကပ်လှူဒါန်းကြကြောင်း သတင်း ရရှိသည်။

 

                                                                                                                                           စိုင်းသန်းကျော်  (တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဗုဒ္ဓတက္ကသိုလ် အဆောက်အဦ တည်ဆောင်မည့် မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေး

တောင်ကြီး    ဖေဖော်ဝါရီ    ၁၄

912

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများတို့နှင့်အတူ ဖေဖော်ဝါရီ (၁၄)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ ပညာဗောဓိကုန်း၌ ဗုဒ္ဓတက္ကသိုလ် အဆောက်အဦ တည်ဆောင်မည့်မြေနေရာအား အောင်ချမ်းသာကုမ္ပဏီမှ မြေကြီးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဗုဒ္ဓတက္ကသိုလ်သို့ ရောက်ရှိမည့်လမ်းများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ ကုမ္ပဏီတာဝန်ရှိသူ များမှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့နယ်၊ ဘုရားဖြူရပ်ကွက်ရှိ ပါမိုးနဲ ဂနိုင်ရေကန် ပြန်လည် တူးဖော်ပြုလုပ်မည့်နေရာသို့ ရောက်ရှိလာရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ၊ ပြည်နယ် ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                                               မောင်မောင်သန်း(တောင်ကြီး)

 

တောင်ရိုးတိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှု စုံညီပွဲတော် ကျင်းပ

တောင်ကြီး   ဖေဖေါ်ဝါရီ   ၂၀

918

ဆဋ္ဌမအကြိမ်မြောက် တောင်ရိုးတိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှု စုံညီပွဲတော်ကို ဖေဖေါ်ဝါရီ(၂၀)ရက် နံနက်(၉)နာရီက ကလောမြို့နယ်၊ ဟဲဟိုးမြို့ ဘော်နင်းကုန်းကျေးရွာ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် စုံညီပွဲတော်သို့ တက်ရောက်လာကြသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူတို့နှင့် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကို တောင်ရိုးတိုင်းရင်းသား/ တိုင်းရင်းသူများမှ ရိုးရာယဉ်ကျေးမှုအဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှပေးပို့သော သဝဏ်လွှာအား ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ဖတ်ကြားကြောင်း သိရသည်။

ဆက်လက်၍ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း(ဗဟို)ဥက္ကဌ ဦးသောင်းရွှေမှ ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများက ယဉ်ကျေးမှုအကအဖွဲ့များကို အလှူငွေပေးအပ်ခြင်းနှင့် ပွဲတော်အထိမ်းအမှတ်ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် စုံညီပွဲတော်သို့ တက်ရောက်လာကြသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးများနှင့် အထူးဧည့်သည်တော်များ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ စုံညီပွဲတော် အမှတ် တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး၊ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များ တောင်ရိုး တိုင်းရင်းသား/ တိုင်းရင်းသူများနှင့် ဒေသခံမိဘပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                                           မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဌ ဦးရွက်ဆစ်နှင့်အဖွဲ့အား ဂုဏ်ပြုညစာစားပွဲ တည်ခင်းဧည့်ခံ

တောင်ကြီး   ဖေဖော်ဝါရီ   ၁၅

911

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ရှမ်းပြည်နယ် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဌ ဦးရွက်ဆစ်နှင့်အဖွဲ့အား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲကို ဖေဖော်ဝါရီ(၁၅)ရက်  ည(၆)နာရီခွဲက တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်၌ ကျင်းပ ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဂုဏ်ပြုနှုတ်ဆက်အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဌ ဦးရွက်ဆစ်မှ နှုတ်ဆက်စကားပြောကြားကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဌ ဦးရွက်ဆစ်အား အမှတ်တရ လက်ဆောင်များပေးအပ်ပြီး၊ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဌ ဦးရွက်ဆစ်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူတို့ အား အမှတ်တရလက်ဆောင်ပြန်လည်ပေးအပ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကို စားသုံးခြင်းနှင့် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌနှင့် ဒုတိယဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဌနှင့် အဖွဲ့များ၊  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်း စစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                                  မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုး

တောင်ကြီး   ဖေဖော်ဝါရီ   ၁၉

916

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး သဘောတူစာချုပ်များ လက်မှတ်များရေးထိုးပွဲကို ဖေဖော်ဝါရီ(၁၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ်၊ ဦးမောင်မောင်က နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးမည့် စာချုပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် စာချုပ်ချုပ်ဆိုမည့် Myanmar Hydropower Co. Ltd ၊ မဂ္ဂါမြန်မာစွမ်းအင်ကုမ္ပဏီလီမိတက်၊ ရွှေမင်းဝင် မန္တလေးအုပ်စုကုမ္ပဏီလီမိတက်၊ မင်းခေတ်သစ်ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများကမိမိတို့လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

917

ထို့နောက် နားလည်မှုစာချွန်လွှာ MOU စာချုပ်များ ချုပ်ဆိုရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းထွန်းရင်နှင့် Myanmar Hydropower Co. Ltd တို့အကြား ချုပ်ဆိုမည့် နောင်ချိုမြို့တွင် ဘန့်ဘွေးကျင်းချောင်း ရေအားလျှပ်စစ်ထုတ်ဖော်ခြင်း စီမံကိန်း၊ ရပ်စောက်မြို့တွင် နမ့်ကန်ချောင်း ရေအားလျှပ်စစ် ထုတ်ဖော်ခြင်း စီမံကိန်းနှင့်တပ်ကြီး ရေအားလျှပ်စစ်စက်ရုံ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းစီမံကိန်း(၃)ခုအတွက် နားလည်မှုစာချွန် လွှာ MOU ချုပ်ဆိုလက်မှတ်ရေးထိုးခြင်း၊မဂ္ဂါမြန်မာစွမ်းအင် ကုမ္ပဏီလီမိတက်တို့အကြားချုပ်ဆို သော ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့ မိုင်းပျဉ်းကျိုင်းတုံကားလမ်းဘေး နမ့်ပိန်ချောင်းနှင့် နမ့်လိန်ချောင်းတို့တွင် ရေအားလျှပ်စစ်ထုတ်ဖော်ခြင်းဆိုင်ရာ စီမံကိန်းတည်ဆောက်ရေးအတွက် နားလည်မှု စာချွန်လွှာ MOU ချုပ်ဆိုလက်မှတ်ရေးထိုးခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် ရှမ်းပြည်နယ် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီဝင် ရွှေမင်းဝင် မန္တလေးအုပ်စု ကုမ္ပဏီတို့အကြားချုပ်ဆိုမည့် လားရှိုးမြို့နယ်၊ ထင်းရှူးမြိုင် အိမ်ယာစီမံကိန်း တည်ဆောက်ရန်အတွက် လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးကိစ္စ MOA  ချုပ်ဆိုလက်မှတ်ရေးထိုးခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်နှင့် မင်းခေတ်သစ် သတ္တုတူးဖော်ရေး ကုမ္ပဏီလီ မိတက်မှ တာချီလိတ်မြို့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်း၊ ဓါတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းတည်ဆောက်ခြင်း သဘောတူညီမှုစာချုပ် MOA စာချုပ်လက်မှတ်များ တို့ကို အသီးသီးလက်မှတ်ရေးထိုးကြပြီး၊ စာချုပ်များကို ပြန်လည်ပေးအပ်ကာ မင်းခေတ်သစ် ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးမောင်မောင်(ခ) ဦးစိုင်းဝန်းပန်မှ ကုမ္ပဏီများ၏ ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကုမ္ပဏီ အသီးသီးမှ လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ၊ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား (၂၄)ယောက်စီး ဓါတ်လှေကားသစ်ဖွင့်ပွဲ ကျင်းပ

တောင်ကြီး   ဖေဖော်ဝါရီ   ၁၅

906

တောင်ကြီးမြို့ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲကို ဖေဖော်ဝါရီ(၁၅)ရက် နံနက်(၈)နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပကြောင်း သိရသည်။

907

   အခမ်းအနားတွင် ကျောင်းဆောင်သစ်အား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အေးဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ သူရစာသင်ဆောင်သစ် ဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ၊  ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျောင်းဆောင်သစ်ခန်းမအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

   ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ တောင်ကြီးမြို့ အ.ထ.က(၇)ကျောင်းသား၊ ကျောင်းသူများမှ "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုကာ အခမ်းအနားဖွင့်လှစ်၍၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ လျှံထူး အောင် ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူတစ်ဦးမှ ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သော စာရွက် စာတမ်းများ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေက လက်ခံရယူ ၍၊ အလှူငွေနှင့် သင်ထောက်ကူပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှပေးအပ်ရာ အ.ထ.က(၇)ကျောင်းအုပ်ဆရာကြီး ဗိုလ်မှူးထွန်းမြင့်က လက်ခံရ ယူပြီး၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးဘိုရှိန်က ကျေးဇူးတင် စကားပြောကြား၍ တောင်ကြီး မြို့ အ.ထ.က(၇) ကျောင်းသား၊ ကျောင်းသူများမှ "ဇာတိမာန်" သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

908

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ တို့သည် တောင်ကြီးမြို့မှ ထွက်ခွာလာရာ မွန်းတည့်(၁၂)နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား (၂၄)ယောက်စီး ဓါတ်လှေကားသစ်ဖွင့်ပွဲ အခမ်းအနား သို့ရောက်ရှိကာ ဖွင့်ပွဲတွင် မြင်ကွင်းကျယ်ဓါတ်လှေကားသစ် ဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးထူးကိုကို၊ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား ဂေါပက ဦးခင်မောင်ဦးတို့မှ ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး၊ ကဗ္ဗည်းမော်ကွန်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့က ကဗ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်တို့ဖြင့်ပက်ဖျန်းပေးကြသည်။

909

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ပင်းတယမြို့ ရွာငယ်ကျောင်း ဆရာတော်ကြီးထံ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များမှ ပရိတ်တရားတော်များ ချီးမြှင့်ပေးကြပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့က ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးပြီး၊ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဌတု" (၃)ကြိမ် ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

910

   အဆိုပါ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား(၂၄)ယောက်စီး ဓါတ်လှေကားကို (၁၇.၃.၂၀၁၄) ရက်နေ့တွင် ပန္နက်ချပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့် မြို့နယ်သံဃမဟာနာယက ဦးစီးအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်  ဂူဝင်ကြေး (US)ဒေါ်လာငွေအား နိုင်ငံခြားငွေလှဲလှယ် ခွင့်ရရှိပြီး၊  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများစေတနာရှင်များ၏ လှူဒါန်းငွေဖြင့် ကျပ်သိန်း ပေါင်း(၇၂၀၀)နှင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ရွှေဥမင်သဘာဝ လိုဏ်ဂူဘုရားအား ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပြီး၊ ဓနုကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ ပင်းတယမြို့၊ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားတောင်တက်အဆင်းလမ်း၊  ပုန်းတလုတ် ကန်ပတ်လမ်း ဖောက်လုပ်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းကြပြီး၊ ဓနုသဇင် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောက်လုပ်လျက်ရှိသော ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် အိမ်ရာ RCC(၆၀'x၄၀'x၃၂') (၂)ခန်းတွဲ (၃)ထပ် ဆောက်လုပ်ရေးစီမံကိန်းနှင့် Future Moon ကုမ္ပဏီမှတာဝန်ယူဆောက် လုပ်လျက်ရှိသော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ မြို့တော်ခန်းမပေ(၂၂၀'x၁၀၀')ပေ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူများမှ ရှင်းလင်တင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ် သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

                                                                                                                                                                                            မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့်နှင့် မြန်မာနိုင်ငံကလေးများနေ့ ကျင်းပ
  2. (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဧည့်ခံဖျော်ဖြေပွဲ ကျင်းပ
  3. ၂၀၁၅ ခုနှစ်၊ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ပင်လုံပြည်ထောင်စုကျောက်တိုင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ
  4. (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့်ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ လေ့လာရေးခရီး
  5. (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့်ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ လေ့လာရေးခရီး
  6. အာမခံလုပ်ငန်း အသိပညာပြန့်ပွားရေး ဟောပြော
  7. မြန်မာနိုင်ငံ ကလေးများနေ့အကြို လှုပ်ရှားမှုကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
  8. (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့်ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာကြသော ရှမ်းပြည်နယ်( မြောက်ပိုင်း၊ အရှေ့ပိုင်း) မှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသန္တရလေ့လာရေး ပို့ဆောင်ပေး
  9. (၂၀၁၅)ခုနှစ် မြန်မာနိုင်ငံကလေးများနေ့အကြို၊ မူကြိုကျောင်းကလေးငယ်များ အားကစားပြိုင်ပွဲ ကျင်းပ
  10. ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးတို့မှ ရှမ်းပြည်နယ်နေ့၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲ တက်ရောက်အားပေးခြင်း

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 54 guests and no members online

Latest Updates