သတင်းများ

အ.ထ.က(ခွဲ) တောင်လေးလုံး ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကျင်းပ

တောင်ကြီး     စက်တင်ဘာ - ၂၇

659

  ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ အ.ထ.က(ခွဲ)တောင်လေးလုံးကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကို စက်တင်ဘာ(၂၇)ရက် နံနက်(၈)နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခွဲ တောင်လေးလုံး၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ တောင်လေးလုံးကျောင်း RC နှစ်ထပ်ကျောင်းဆောင်သစ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊  ပြည်နယ်ပညာရေး ညွှန်းကြားရေးမှူး ဦးချစ်ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ကျောင်းဆောင်သစ် အား လှည့်လည်ကြည့်ရှု့စစ်ဆေးကြကြောင်းသိရသည်။

  ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းတွင် တောင်လေးလုံး အ.ထ.က(ခွဲ)ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားပြောကြားရာ အခြေခံပညာကျောင်းအားလုံး ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခြင်း၊ ကျောင်းသား ဝင်ဆံအင်အားအရ ထပ်မံတိုးချဲ့အသစ်ဆောက်လုပ်ပေးခြင်း၊ အန္တရာယ်ရှိကျောင်းဆောင် များ ဖျက်သိမ်းပြီး၊ အသစ်ပြန်လည်တည်ဆောက်ခြင်း၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီသွားသော အဆောက်အဦများကို နိုင်ငံတော်နှင့် NGO အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အလှူရှင်များက ပြန်လည်ပြုပြင်တည်ဆောက်ပေးခြင်း၊ ကျောင်းသားအချိုးအရ လိုအပ်နေသော သန့်စင်ခန်းများကို ခွင့်ပြုငွေများခွဲပေးပြီး၊ ဆောက်လုပ်ပေးခြင်း၊ စာသင်ခုံများ ပြုလုပ်ရန် ပရိဘောဂရန်ပုံငွေများခွဲဝေပေးခြင်း၊ စသည့်ရုပ်ပိုင်ဆိုင်ရာများကို ပြုပြင် ဖြည့်ဆည်းတည်ဆောက်ပေးလျှက် ရှိကြောင်း ပြောကြားသွားသည်။

      ထို့နောက်ရှမ်းပြည်နယ် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေက အမှာစကားပြောကြားပြီး၊ လျှံထူးအောင် ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသော်တာမှ ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ တောင်လေးလုံးအ.ထ.က(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာအေးက လက်ခံရယူသည်။

   ၎င်းနောက်အလှူငွေနှင့် စာရေးခုံ/ ထိုင်ခုံများ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ စာရေးခုံ(၄၀)ခုံ၊ မိုးမာဃ သကြားစက်မိသားစုမှ (၄)ယောက်တွဲထိုင်ခုံ (၁၀)စုံနှင့် အခမ်းအနားအတွက် အလှူငွေကျပ်(၁)သိန်း၊ လျှံထူးအောင် ဆောက်လုပ်ရေးကုမ္ပဏီမှ (၃)ယောက်တွဲစာသင်ခုံ (၄၀)စုံ၊ စာရေးစာပွဲ(၆၀)စုံ၊ ကောဇောတစ်ခန်းစာနှင့် အခမ်းအနားအတွက် အလှူငွေကျပ်(၅)သိန်း၊ လရိပ်ဝါမိသားစုမှ အခမ်းအနားအတွက် လိုအပ်သော ပန်းပင်နှင့် အလှပန်းအိုးများတို့ကို အသီးသီးပေးအပ်လှူဒါန်ကြရာ အခြေခံပညာအထက်တန်းကျောင်းခွဲ တောင်လေးလုံး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာအေးက လက်ခံရယူကြောင်းသိရသည်။

   ယင်းနောက် ကျောင်းအကျိုးတော်ဆောင်အတွင်းရေးမှူး ဦးဘိုဘိုထွန်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး၊ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ်လက်ဆောင်များကို ကျောင်းအုပ်ဆရာမကြီးမှ နေရာ အရောက်ပေးအပ် ကာ၊ အခမ်းအနားကို တောင်လေးလုံးအ.ထ.က(ခွဲ)ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ ရုပ်သိမ်း လိုက်ကာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ပြည်နယ်/ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ၊ အလှူရှင်များတက်ရောက်ကြကြောင်းသိရသည်။

 

                                                                                                                                                                                                         မောင်မောင်သန်း(တောင်ကြီး)

ခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဖွင့်ပွဲကျင်းပ

တောင်ကြီး စက်တင်ဘာ - ၂၅

658

   ရှမ်းပြည်နယ်တောင်ကြီးမြို့၌ ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု (၂၁)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ဖွင့်ပွဲကို စက်တင်ဘာ(၂၅)ရက်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြသီရိခန်းမ၌ ကျင်းပသည်။ 

   ပြိုင်ပွဲကိုခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးအရာရှိ ဦးရဲရင့်လှိုင်၊ ခရိုင်ပညာရေးမှူး ဦးအုန်းကျော်သန်း၊ တောင်ကြီး တက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာနုနုခင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြကြောင်းသိရသည်။

   မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကို အစဉ်အဆက် နှစ်စဉ်နှစ်တိုင်း ကျင်းပ လာသည်မှာ (၂၁)ကြိမ်မြောက် ရှိပြီးဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများကို အစဉ်အဆက်ရည်ရွယ်ချက်များ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ တစ်မျိုးသားလုံး စိတ်ဓါတ်နှင့် အကျင့်စာရိတ္တမြှင့်မားမှုကို ပိုမိုတိုးတက် ဖြစ်ထွန်းရန်နှင့် အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်မားရေး အတွက် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရန်၊ ပညာရေးကဏ္ဍတွင် ဘက်စုံဖွံ့ဖြိုးထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာရေးကို အထောက်အကူပြုသွားမှာဖြစ်ကြောင်း၊ ပညာရေးမှသည် နိုင်ငံတော်တွင် လိုအပ်သည့် ဂီတအနုပညာရှင်များ ပေါ်ထွန်းလာရေးကို ကြိုးပမ်းကြရမှာဖြစ်ကြောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးအရာရှိ ဦးရဲရင့်လှိုင်က အဖွင့်အမှာစကား၌ ပြောကြားသွားကြောင်းသိရှိရသည်။

   ထိုနောက်ခရိုင်ပညာရေးမှူး ဦးအုန်းကျော်သန်းမှ အမှာစကားပြောကြားပြီး၊ ဒိုင်ချုပ်မှ အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြား၍ ပြိုင်ပွဲဖွင့်ပွဲသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးအရာရှိ၊ ခရိုင်ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ခရိုင်(၃)ခရိုင်အား စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများ ပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူ

တောင်ကြီး   စက်တင်ဘာ   ၂၀

653

   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့(၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ နည်းပြသင်တန်းအမှတ်စဉ်(၁၈/၂၀၁၄)ဖွင့်ပွဲကို စက်တင်ဘာ(၂၀)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

   ပထမဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က အမှာစကားပြောကြားကြသည်။

   ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်း ရှင်းလင်း၍လည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်းတို့ကို ရှင်းလင်းတင်ပြ ကြသည်။

   ထို့နောက် ထောက်ပံ့ငွေများပေးအပ်ရာ တောင်ကြီးမြို့နယ်ရှိ ငြိမ်းချမ်းရေးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ အေးသာယာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ဓမ္မဝိဒူ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ၊ ဟမ်းဆီး လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊အမျိုးသမီးဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ဒေါ်ကြီးဒေါ်ငယ် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ သူငယ်တော်ယေဇူး မသန်စွမ်းပရဟိတဂေဟာ၊ ရှမ်းရိုးမဘိုးဘွားရိပ်သာ၊ ဖယ်ခုံမြို့နယ်ရှိ လအိလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ လပင်နွဲ့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ စလင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ နတ်တောကျောင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ဆိုင်ခွန်တောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ဘီကင်းကျောင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ လကျီနွဲ့လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ဇီးဖြူတောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ညောင်ရွှေမြို့နယ်ရှိ မိုင်းသောက် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ဇေယျသုခ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ပင်လောင်းမြို့နယ်ရှိ နန်းဟူး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ထီးနားကောင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ကလောမြို့နယ်ရှိ ပစ္ဆိမာရုံ(အောင်ပန်း)လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ရပ်စောက်မြို့နယ်ရှိ သုခကာရီ ဘိုးဘွားရိပ်သာ၊ တောင်ကြီးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း(၅၃)ကျောင်း၊ လင်းခေးမြို့နယ်ရှိ မကျိုင်းမွန်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ လင်းခေး ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၅)ကျောင်း၊ လွိုင်လင်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၂)ကျောင်းတို့ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့မှ ထောက်ပံ့ငွေများ ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။

   ၎င်းနောက် ဂေဟာအုပ်ချုပ်ရေးမှူးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ခရိုင်(၃)ခရိုင်အား ထောက်ပံ့ငွေများမှာ တောင်ကြီးခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေကျပ်(၁၃၃၄၄၇၀၀၀)သိန်း၊ လင်းခေး ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေကျပ်(၆၅၂၀၀၀၀)သိန်း၊ လွိုင်လင်ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေကျပ်(၇၂၀၀၀၀၀)သိန်း၊ စုစုပေါင်း ထောက်ပံ့ငွေကျပ်(၁၄၇၁၆၈၀၀၀)သိန်း ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ပြည်နယ်အတွင်းရေးမှူး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းတက်ရောက်မည့် ပရဟိတဂေဟာမှ သင်တန်းသား/ သင်တန်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                      မောင်မောင်သန်း(တောင်ကြီး)

 

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးခွန်သိန်းမောင် အခြေခံပညာအလယ်တန်းကျောင်း ဟဲကယ် ကျောင်းဆောင်သစ်ဖွင့်ပွဲ/ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတက်ရောက်ခြင်း

တောင်ကြီး စက်တင်ဘာ - ၂၅

657

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် ပြည်နယ်ဘဏ္ဍာရေး ဝန်ကြီးဦးခွန်သိန်းမောင်တို့သည် နံနက်(၉)နာရီက တောင်ကြီးမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း ဟဲကယ်၌ ကျင်းပပြုလုပ်သော ကျောင်းဆောင်သစ်ဖွင့်ပွဲ/ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် ပြီး၊ ကျောင်းဆောင်သစ် (ပတ္တမြားဆောင်)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ ထို့နောက်ကျောင်းဆောင်သစ်ရှိ စာသင်ခန်းများအား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ပြီး ကျောင်းဆောင်သစ်အတွက် တစ်ယောက်ထိုင် စာရေးစားပွဲခုံအလုံး(၆၀)အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ နံနက်(၁၀)နာရီ (၄၅)မိနစ်တွင် ဟဲကယ်ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုပြီး နဝကမ္မအလှူငွေကျပ်(၁)သိန်းအား ကျောင်းထိုင်ဆရာတော်ထံ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၀/၂၀၁၄)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၁၄)ကျင်းပ

တောင်ကြီး  စက်တင်ဘာ   ၁၇

652

   ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၀/၂၀၁၄)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၁၄) နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၀/၂၀၁၄) အခမ်းအနားကို စက်တင်ဘာ(၁၇)ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ  ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားသည်။

   ဆက်လက်၍ အစည်းအဝေး ဆုံးဖြတ်ချက်များ ဖတ်ကြားအတည်ပြုခြင်း၊ ရှမ်းပြည်နယ် မြေအသုံးမှု စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၁၄)၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၁၄) တင်ပြချက်များ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်း များစီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၁၄) တင်ပြချက်များအား ဆွေးနွေး ဆုံးဖြတ်ကြသည်။

   ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ များမှ တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိကြီးများ၊ ရှမ်းပြည်နယ်အစိုးအရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေး နှင့် မွေးမြူရေး ဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က အထွေထွေ ဆွေးနွေးတင်ပြကြသည်။

   ယင်းနောက် ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ မှ တာဝန်ရှိသူ များ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ ဦးစီးအရာရှိ ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

                                                                                                         မောင်မောင်သန်း(တောင်ကြီး)

 

ဖေါင်တော်ဦးမြတ်စွာဘုရားကိုယ်စားတော်များ ထာဝရစံရာ ရတနာစံကျောင်းတော်မှ အင်းလေးဒေသပတ်ဝန်ကျင် (၂၁)ဌာနသို့ ဒေသစာရီကြွချီအပူဇော်ခံ

တောင်ကြီး   စက်တင်ဘာ   ၂၄

655 2

   အင်းလေးဒေသ နမ့်ဟူးရွာ ဖေါင်တော်ဦးမြတ်စွာဘုရား ကိုယ်စားတော်များ ထာဝရကိန်းဝပ် တော်မူရာ ရတနာစံကျောင်းတော်ကြီးမှ ညောင်ရွှေမြို့နှင့်တကွ အင်းလေးဒေသပတ်ဝန်းကျင် (၂၁)ဌာနသို့ စက်တင်ဘာ(၂၄)ရက် နံနက်(၆)နာရီက ဒေသစာရီကြွချီ အပူဇော်ခံကြောင်း သိရသည်။

   ပထမဦးစွာ ဒကာ/ဒကာမများက ရတနာမြတ်သုံးပါးအား ကန်တော့ကြ၍ ဖေါင်တော်ဦး မြတ်စွာဘုရားဂေါပကအဖွဲ့ သြဝါဒစရိယ နိုင်ငံတော်သြဝါဒါစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဟဲယာရွာမ ရွှေဘုံသာ ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော်ဘုရားကြီးထံ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ ဆရာတော်/ သံဃာတော် အရှင် သူမြတ်တို့က မင်္ဂလာသုတ်၊ မေတ္တာသုတ်၊ ပရိတ်တရား ဒေသနာတော်များကို ရွတ်ပွားချီးမြှင့် ပေးကြသည်။

   ဆက်လက်၍ ညောင်ရွှေမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှက ဖေါင်တော်ဦး မြတ်စွာဘုရားကိုယ်စားတော်များ ရွှေအင်းတိန်ဌာန အစရှိသော (၂၁)ဌာနသို့ ဒေသစာရီကြွချီ၍ အပူဇော်ခံတော်မူမည့်အကြောင်း ပင့်ပန်လျှောက်ထားသည်။

656

   ထို့နောက် ဖေါင်တော်ဦးမြတ်စွာဘုရားကိုယ်စားတော်များကို  ထာဝရသီတင်းသုံးရာ ရတနာစံကျောင်း ပလ္လင်မှ ရွှေဝေါယာဉ်ဖြင့် ခေတ္တာယာယီ သီတင်းသုံးတော်မူရာ ရတနာစံကျောင်း တော်သို့ တာဝန်ရှိ ပုဂ္ဂိုလ်များက ပင့်ဆောင်ကြရာ ပထမရုပ်ပွားတော်ကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်း၊ ဒုတိယရုပ်ပွားတော်ကို တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကံထွန်း၊ တတိယရုပ်ပွားတော်ကို ရှမ်းပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာထွန်းအောင်၊ စတုတ္ထရုပ်ပွားတော်ကို ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ဝင်းတို့က အသီးသီး ပင့်ဆောင်ကြပြီး၊ အခါတော်နံနက်(၇)နာရီအချိန်ကျရောက်သည့်အခါ ဖေါင်တော်ဦးမြတ်စွာဘုရား ကိုယ်စားတော်များကို ရွှေကရဝိတ် ဖေါင်တော်ယာဉ်သို့ ပင့်တင်၍ ဆွဲလှေများဖြင့် အင်းတိန်ဌာနသို့ ဆက်လက်ပင့်ဆောင်ပြီး(၁)ညတာ ကိန်းဝပ်စံပယ်တော်မူကြောင်း သိရှိရသည်။ 

   ဖေါင်တော်ဦးမြတ်စွာဘုရားကိုယ်စားတော်များသည် အင်းတိန်ဌာနမှ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစားကုန်၊ ပွဲစားကုန်း၊ လင်းကင်း၊ ညောင်ရွှေ၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ ဇရပ်ကြီး၊ အလိုတော်ပေါက်၊ နန်းပန်၊ မန်ကျည်းဆိပ်၊ ကျိန်းခမ်း၊ မိုင်းပျိုး၊ နောင်တော၊ အင်းပေါခုံ၊ ရေသာကျောင်းတို့ကို  ဒေသစာရီကြွချီအပူဇော်ခံပြီး၊ မူလကိန်းဝပ်စံပယ်တော်မူရာ ရတနာစံကျောင်းတော်သို့ ပြန်လည်ကြွချီမည်ဖြစ်ကြောင်း သိရသည်။

                                                                                                                                                                           ရွှေအင်းသား(တောင်ကြီး)

 

ပြည်နယ်လူမှုရေးဝန်ကြီး ရပ်စောက်/ဗထူး မြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် ရပ်စောက် ပြည်သူ့ဆေးရုံတို့ သွားရောက်ကြည့်ရှုစစ်ဆေး

တောင်ကြီး   စက်တင်ဘာ -  ၁၄

651

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် စက်တင်ဘာ (၁၄)ရက် မွန်းလွဲ(၁)နာရီက ရပ်စောက်/ဗထူး မြို့နယ် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်မည့် ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် မြေနေရာ အနေအထားများအား သွားရောက်  ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကာ ပြည်နယ်လူမှုရေးဝန်ကြီးမှ လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး ကျောင်းဆောင် သစ်ဆောက်လုပ်မည့်မြေနေရာအား ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးသည် ရပ်စောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ဆေးရုံဝင်းအတွင်းကြည့်ရှုစစ်ဆေး၍ ဆေးရုံအုပ်ကြီး၊ ဆရာဝန်၊ ဆရာ/ဆရာမများ နှင့် တွေ့ဆုံကာ လုပ်ငန်းလိုအပ်ချက်များ၊ ဆေးရုံလိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

   ထို့နောက် (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်မည့် ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေးအတွက် မြေနေရာ အနေအထားများအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသကြပြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ကျောင်းဆောင်သစ်ဆောက်လုပ်မည့်မြေနေရာအား ရွေးချယ်ပေးခဲ့၍ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများအား တွေ့ဆုံကာ ပညာရေး သင်ကြားပိုင်းတွင် စေတနာထားသင်ကြားရန်နှင့် ကျောင်းသား/ ကျောင်းသူများအား အရည် အသွေးပြည့်ဝရန် ဆရာ/ဆရာမများကလည်း အရည်အသွေးမြှင့်မားရန်လိုအပ်ကြောင်းနှင့် ကျောင်းလုပ်ငန်းများကိုလည်း ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                                                    မောင်မောင်သန်း(တောင်ကြီး)

ပြည်ထောင်စု ဘတ်ဂျက်နှင့် ပြည်နယ်ဘတ်ဂျက်တို့မှ အားကစားကွင်းများ ပြန်လည်ပြု ပြင်ဆောက်လုပ်ပေးမည်

တောင်ကြီး   စက်တင်ဘာ   ၂၃

မြန်မာ့အားကစားကမ္ဘာကိုလွှမ်းစေရမည် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တွင် အားကစားကွင်းများ ပြန်လည်ပြုပြင်ဆောက်လုပ်နိုင်ရန် (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်/ ခရိုင်/ မြို့နယ်များ၌ ပြည်ထောင်စု ဘတ်ဂျက်မှ လုပ်ငန်း(၈)ခုနှင့် ပြည်နယ်ဘတ်ဂျက်မှ လုပ်ငန်း(၈)ခု ခွင့်ပြုမိန့်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် စက်တင်ဘာ(၂၃)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနတွင် တင်ဒါစိစစ်ရွေးချယ်ရေးလုပ်ငန်းကော်မတီနှင့် ကြမ်းခင်းစျေး တွက်ချက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များမှ တင်ဒါလျှောက်လွှာများကို မြို့နယ် တစ်ခုချင်းစီ၏ လုပ်ငန်းစဉ် တစ်ခုချင်းအလိုက် ဖွင့်ဖောက် စစ်ဆေးရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့သို့ တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များမှ ပြည်ထောင်စု ဘတ်ဂျက်ခွင့်ပြုငွေအပေါ် မြို့နယ်(၈)မြို့နယ်ရှိ လုပ်ငန်းစဉ်(၈)ခုအတွက် တည်ဆောက်ရေး ကုမ္ပဏီ(၈)ခုလည်းကောင်း၊ ပြည်နယ်ဘတ်ဂျက်ဖြစ် ခွင့်ပြုငွေအပေါ် မြို့နယ်(၈)မြို့နယ်ရှိ လုပ်ငန်းစဉ်(၁၉)ခုအတွက် တည်ဆောက်ရေးကုမ္ပဏီ(၈)ခုကိုလည်းကောင်း၊ အသီးသီးအဆင့်သက်မှတ်ချက် အမှတ်စဉ်များဖြင့် စာရင်းဇယားများ ပြုစုလျက် လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဘတ်ဂျက်မှ လုပ်ငန်း(၈)ခုဖြစ်သည့် နမ့်စန်မြို့နယ် အားကစားကွင်း အထူးတန်းပွဲကြည့်စင်၊ ပရိတ်သတ်ပွဲကြည့်စင် ဆောက်လုပ်ခြင်း၊ လွိုင်လင်ခရိုင် အားကစားကွင်း Innerfencing ကာရံခြင်း၊ ညောင်ရွှေမြို့နယ် အားကစားရုံတည်ဆောက်ခြင်း၊ မိုင်းပျဉ်းမြို့နယ်အားကစားကွင်း အဆင့်မြင့်မွမ်းမံခြင်း၊ မိုင်းပန်မြို့နယ် ဘောလုံးအားကစားကွင်း ပြန်လည်ဖော်ထုတ်ခြင်း၊ မိုင်းယန်းမြို့နယ် အားကစားရုံ အကြီးစားပြုပြင်ခြင်း၊ ကွမ်းလုံမြို့နယ် အားကစားရုံ တစ်ရုံတည်ဆောက်ခြင်း၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ပွဲကြည့်စင် တည်ဆောက်ခြင်းနှင့် ပြည်နယ်ဘတ်ဂျက်မှ လုပ်ငန်း(၈)ခုဖြစ်သည့် ရွှေညောင်အားကစားကွင်း ပြုပြင်ခြင်း၊ ပြည်နယ်ရုံး/ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး နေအိမ်တည်ဆောက်ခြင်း၊ ကျောက်မဲခရိုင် လက်ထောက်ညွှန်ကြားရေးမှူး နေအိမ်တည်ဆောက်ခြင်း၊ ကလောမြို့နယ် ဦးစီးအရာရှိ ရုံး/အိမ် တည်ဆောက်ခြင်း၊ ရပ်စောက်မြို့နယ် ဦးစီးအရာရှိ ရုံး/အိမ် တည်ဆောက်ခြင်း၊ ပွေးလှအားကစားကွင်း ပြုပြင်ခြင်း၊ အမှတ်(၄)နှင့် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း ဖောက်လုပ်ခြင်း၊ ဆိုက်ခေါင်အားကစားကွင်း တည်ဆောက်ခြင်းတို့ကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

ရပ်စောက်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ဖိုရမ် (၂၀၁၄)ခုနှစ် ပိတ်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး   စက်တင်ဘာ -  ၁၄

650

   ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်သူလယ်သမား၊  အလုပ်သမား၊ လူငယ်ဖိုရမ် (၂၀၁၄)ခုနှစ် ပိတ်ပွဲအခမ်းအနားကို စက်တင်ဘာ(၁၄)ရက် နံနက်(၉) နာရီခွဲက ရပ်စောက်မြို့၊ ရဿဝတီခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

   အခမ်းအနားတွင် ပါတီဝင်လူငယ်များက တို့…………ပြည်ခိုင်ဖြိုး လူငယ်သီချင်းဖြင့် သီဆို ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လမ်းညွှန်အမှာစကားပြောကြားပြီး၊ တောင်သူလယ်သမားဖိုရမ် ဆွေးနွေးချက် စာတမ်းကို ရပ်စောက်မြို့နယ် ကိုယ်စားလှယ်နှစ်ဦးမှ ဖတ်ကြား၍လည်းကောင်း၊ အလုပ်သမားဖိုရမ် ဆွေးနွေးချက်စာတမ်းကို ရပ်စောက်မြို့နယ် ကိုယ်စားလှယ်နှစ်ဦးမှ ဖတ်ကြားတင်ပြ၍ ခြင်္သေ့ပါတီ သီချင်းဖြင့် ဂုဏ်ပြုသီချင်း တစ်ပုဒ်ဖြင့် သီဆိုကြသည်။ 

   ထို့နောက် လူငယ်ဖိုရမ်စာတမ်းကို ရပ်စောက်မြို့နယ် ပါတီဝင်ကိုယ်စားလှယ်နှစ်ဦးမှ ဖတ်ကြားတင်ပြ၍ အဆိုပြုလွှာများ ပေးအပ်ကြပြီး၊ တောင်သူလယ်သမားရေးရာ ရှေ့လုပ်ငန်းစဉ်ကို ရပ်စောက်မြို့နယ် ပါတီဝင်တစ်ဦးမှ ဖတ်ကြား၍လည်းကောင်း၊ အလုပ်သမားရေးရာ ရှေ့လုပ်ငန်းစဉ် ကို ရပ်စောက်မြို့နယ် ပါတီဝင်တစ်ဦးမှ ဖတ်ကြား၍လည်းကောင်း၊ လူငယ်ရေးရာ ရှေ့လုပ်ငန်းစဉ်ကို ရပ်စောက်မြို့နယ်ပါတီဝင်တစ်ဦးမှ အသီးသီးဖတ်ကြားတင်ပြပြီး ဖိုရမ်ဆိုင်ရာများ နိဂုံးချုပ် တင်ပြချက်ကို ရပ်စောက်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးမောင်မောင်လွင်က ရှင်းလင်းတင်ပြသည်။

   ၎င်းနောက် အလှူငွေများပေးအပ်လှူဒါန်းကြပြီး ပြည်ခိုင်ဖြိုးလူငယ်ပါတီအဖွဲ့မှ ဂုဏ်ပြု သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကာ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။

                                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အပြုအမှုပြောင်းလဲလာစေရန် ဆက်သွယ်ပြောဆိုခြင်း အရည်အသွေးမြှင့်မားရေးသင်တန်းဖွင့်

တောင်ကြီး စက်တင်ဘာ   -   ၂၂

6541

   မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ ကြီးမှူးကျင်းပသည့် စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားများအတွက် မျိုးဆက်ပွားကျန်းမားရေးဆိုင်ရာ အပြုအမှုပြောင်းလဲလာစေရန် ဆက်သွယ်ပြောဆိုခြင်း အရည်းအသွေး မြှင့်မားရေးသင်တန်းကို စက်တင်ဘာ(၂၂)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ် မိခင်နဲ့ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

   အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) အတွင်းရေးမှူး ဒေါ်သဇင်နွယ်က မျိုးဆက်ပွားကျန်မာရေးဆိုင်ရာအပြုအမှုပြောင်းလဲလာစေရန် ဆက်သွယ်ပြောဆိုခြင်း အရည်အသွေးမြှင့်မားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းဝင်းမှ ၂၀၁၄ခုနှစ် မေလမှ သြဂုတ်လအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

   အဆိုပါမျိုးဆက်ပွားကျန်းမာရေးဆိုင်ရာသင်တန်းကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း(ဗဟို)မှ ဒေါက်တာခင်သန်းနွယ်၊ ဦးအောင်မင်းကျန်းမာရေးပညာအရာရှိနှင့် အဖွဲ့တို့ကဦးဆောင်၍ သင်တန်းများကို ပို့ချသင်ကြားပေးလျက်ရှိပြီး၊ သင်တန်းကို တောင်ကြီးမြို့ပေါ်ရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ (၄၀)ဦး၊ ကျန်းမာရေးဝန်ထမ်း(၁၄)ဦး စုစုပေါင်း(၅၄)ဦးတက်ရောက်ကြပြီး၊ သင်တန်းတွင်ကိုယ်ဝန်ဆောင်စဉ် အန္တရာယ်လက္ခဏာများ၊ ကလေးမွေးဖွားစဉ်အန္တရာယ်လက္ခဏာများ၊ မွေးဖွားပြီးနောက်အန္တရာယ်လက္ခဏာများ၊ သားပျက်သားလျောပြီးနောက် အန္တရာယ်လက္ခဏာများ၊ သားဆက်ခြားနည်းလမ်းများ၊ ကိုယ်ဝန်ဆောင်စဉ်တွင် သားဖွားဆရာမ/ ဆရာဝန်/ ဆရာမနှင့် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုကို အနည်းဆုံး(၄)ကြိမ်ခံယူရမည် စသည်ခေါင်းစဉ်များဖြင့် သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရှိရသည်။

 

                                                                                          မောင်မောင်သန်း(တောင်ကြီး)

 

ECE ကိုယ်ပိုင်မူလတန်းကျောင်းသစ် ဖွင့်ပွဲ ရပ်စောက်မြို့၌ ကျင်းပ

တောင်ကြီး   စက်တင်ဘာ -  ၁၄

649

   ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့၌ ECE ကိုယ်ပိုင် မူလတန်းကျောင်းသစ်ဖွင့်ပွဲကို စက်တင်ဘာ(၁၄)ရက် နံနက်(၉)နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပကြောင်း သိရသည်။

   ဆက်လက်၍ ကျောင်းဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် တင်မောင်ဆွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်တို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

   ထို့နောက် ECE ကျောင်းဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး၊ ECE ကိုယ်ပိုင်ကျောင်းမှ ဦးမောင်မောင်လွင်က အထိမ်းအမှတ်အလံများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့ကို နေရာအရောက်ပေးအပ်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့များက ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

   အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗထူးတပ်နယ်မှ တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် ပညာရေးမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူနှင့် မိဘများ၊ ဒေသခံပြည်သူများတက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                                  မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် အထိမ်းအမှတ်ကျင်းပ
  2. လားရှိုးတွင်မီးငြိမ်းသတ်ယာဉ် လွှဲပြောင်းပေးအပ်
  3. မိုင်းဆတ်ကျောင်းများ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
  4. ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တက်ဟုန်းပြည်နယ်ခွဲကွန်မြူနစ်ပါတီ ဥက္ကဌ Mr. Wang Jun Qiang အဖွဲ့နှင့်တွေ့ဆုံ
  5. တောင်ကြီးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းစာမူရှင်နှင့် ထူးချွန်းကျောင်းသား/ သူများအား ဂုဏ်ပြုပွဲကျင်းပ
  6. (၂၀၁၃-၂၀၁၄)ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ဂုဏ်ပြု ချီးမြှင့်ပေး
  7. မူကြိုကလေးများအား အာဟာရနို့ တိုက်ကျွေး
  8. မိုင်းရယ်တွင် အရန်မီးသတ်မွမ်းမံသင်တန်း (၁/၂၀၁၄) ဖွင့်ပွဲ ကျင်းပ
  9. သစ်သီးအလှပုံဖော်နှင့် ပန်းအလှထိုးနည်း သင်တန်းဖွင့်လှစ်
  10. ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး၊ တာဝန်ရှိသူတို့သည် မူဆယ်မြို့သို့ရောက်ရှိ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 81 guests and no members online