သတင်းများ

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ကျင်းပ

တောင်ကြီး   စက်တင်ဘာ   ၈

632

   ရှမ်းပြည်နယ်(တောင်ပိုင်း) နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ကို စက်တင်ဘာ(၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ကျင်းပရာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "လူတိုင်းအတွက် ပညာရေးသီချင်း" သီဆို၍ ဖွင့်လှစ် ပေးကြောင်း သိရသည်။

   အမျိုးသားရေး ပညာရည်မြှင့်မားရေးအတွက် အခြေခံအကျဆုံး လုပ်ငန်းစဉ်ဖြစ်သည့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေစေရေး စီမံချက်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စည်းရုံးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အတွက် (၂၀၁၄-၂၀၁၅) ပညာသင်နှစ်တွင် ရှမ်းပြည်နယ်၌ (၅)နှစ်အရွယ်ကလေးများ ကျောင်းတက်နှုန်းသည်(၉၃.၅၂%)တိုးတက်လာကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း မူလတန်းပညာသင်ကြားနိုင်ပြီး၊ အလယ်တန်း/အထက်တန်း ပညာများကို ဆက်လက်သင်ယူနိုင်ရေးအတွက် ရှမ်းပြည်နယ်တွင် မူလတန်းဆင့်သင်ကျောင်း (၄၂၉၉)ကျောင်း၊ အလယ်တန်းဆင့်သင်ကျောင်း(၉၉၈)ကျောင်း၊ အထက်တန်းဆင့်သင်ကျောင်း (၃၁၃)ကျောင်း၊ စုစုပေါင်း(၅၆၁၀)ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ရှမ်းပြည်နယ် အစိုးရလက်ထက်တွင် (၂၀၁၄-၂၀၁၅) ပညာသင်နှစ်၌ မူလတန်းဆင့်သင်ကျောင်း(၃၀၇)ကျောင်း၊ အလယ်တန်းဆင့်သင်ကျောင်း(၂၁၇)ကျောင်း၊ အထက်တန်းဆင့်သင်ကျောင်း(၄၀)ကျောင်း၊ စုစုပေါင်း(၅၆၄)ကျောင်းတိုးမြှင့် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသ များပါမကျန် အခြေခံစာတက်မြောက်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး၊ (၂၀၁၄)ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၌ ကျောက်မဲမြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်းတုံမြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ဖယ်ခုံမြို့နယ်တို့၌ "အသုံးလုံး"သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း၊ လူတိုင်းအတွက် ပညာရေး ရည်မှန်းချက်များနှင့်အညီ လူတိုင်းစာတက်မြောက်စေရေး အတွက် လူတိုင်းက အမျိုးသားရေးအသိ၊ အမျိုးသားရေးအမြင်၊ အမျိုးသားရေး ဆန္ဒ၊ အမျိုးသားရေးအားမာန်တို့ဖြင့် မြင့်မြတ်သော အမျိုးသားရေးသမိုင်းပေးလုပ်ငန်းတာဝန်ကို အလေးအနက်ခံယူကြပြီး၊ မဆုတ်မနစ်သော ဇွဲလုံးလ၊ ဝီရိယကြီးစွာနှင့် ကြိုးစားပူးပေါင်း အားထုတ်ဆောင်ရွက်သွားကြရန် နိုင်ငံတကာစာတက်မြောက်ရေးနေ့အခမ်းအနား၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားတွင် ပြောကြားသွား ကြောင်း သိရသည်။

   ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နိုင်ငံတကာ စာတက်မြောက်ရေးနေ့ သဝဏ်လွှာကို ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေက ဖတ်ကြားပြီး၊ (၂၀၁၄)ခုနှစ် နိုင်ငံတကာစာတက်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပိုစတာ ပန်းချီပြိုင်ပွဲ ဆုရရှိသူများအား ဆုများချီးမြှင့်ရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိတို့အား ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဦးခွန်သိန်းမောင်နှင့် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေ တို့က ဆုများကို ချီးမြှင့်ပေးကြသည်။

   ထို့နောက် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေး များက "ဒို့အင်ဒို့အား" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "ဇာတိမာန်" သီချင်း သီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ် ပညာရေးညွှန်ကြားရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပညာရေးဌာနမှ ဆရာကြီး/ ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက် ကြကြောင်းသိရသည်။

                                                                                                                                                                          မောင်မောင်သန်း(တောင်ကြီး)

 

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကျင်းပ

တောင်ကြီး   စက်တင်ဘာ   ၅

631

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို စက်တင်ဘာ (၅)ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

   အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၁၄၀)ဦးရှိသည့်အနက် (၁၂၂)ဦး တက်ရောက်သည့်အတွက် (၈၇.၁၄%) တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ထို့နောက် အစည်းဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး၊ ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်း နှင့် အစည်းအဝေး အထမြောက်ကြောင်း ကြေငြာပါသည်။

   ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း(၁၁)ခုမေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့သည်။

   ၎င်းနောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ပထမနေ့)တွင် အဆိုတင်သွင်းခဲ့သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ရန်ပုံငွေစာရင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်မရှိသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က အတည်ပြုပေးနိုင်ရန် အဆိုတင်သွင်းရာ လွှတ်တော်မှ သဘောတူသဖြင့် အတည်ပြုကြောင်း ကြေငြာသည်။

   ဆက်လက်၍ ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ဒသမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များ အပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ ရှင်းလင်းတင်ပြသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစီအစဉ်ကို နေ့လည်(၁၂)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သိရှိရသည်။

                                                                                                                                                                         ပြည်နယ်( ပြန် / ဆက် )

 

ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

တောင်ကြီး ဩဂုတ် ၃၀

 626

   ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ (၄/၂၀၁၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၂၀၁၄ခုနှစ်၊ ဩဂုတ်လ(၃၀)ရက် နေ့လည်(၁)နာရီ အချိန်တွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့် တက်ရောက်ခဲ့ပြီး ပြည်နယ်သမဝါယမ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများ၊ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ် ဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်သမဝါယမ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် သမဝါယမအသင်းများ တိုးချဲ့ဖွဲ့စည်းရေး၊ အသေးစားအရင်းအနှီးချေးငွေများ ထုတ်ချေးပေးနိုင်ရေး၊ အရစ်ကျပစ္စည်းများ ရောင်းချပေးနိုင်ရေး၊ EXIM Bank စိုက်ပျိုးစရိတ် ချေးငွေများအား (၁)သိန်းမှ (၅)သိန်းအထိ အဆင့်ဆင့်ထုတ်ချေးပေးနိုင်ရေးအတွက် အခြေခံ အသင်းအဆင့် ၊ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် စသည်ဖြင့် ဖွဲ့စည်းပေးထားသော အဖွဲ့များဖြင့် စနစ်တကျ စိစစ်ရေး၊ ဦးစီးဌာနဝန်ထမ်းများနှင့် အသင်းအဆင့်ဆင့်မှ အမှုဆောင်များ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး၊ လုပ်ထုံးလုပ်နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရေး၊ နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသော  Third Wave ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် ဝန်ထမ်းများ၊ အမှုဆောင်များ၊ အသင်းသားများ တက်တက်ကြွကြွဖြင့် လိုက်ပါ ဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်တို့အား ဆွေးနွေးခဲ့ကြပါသည်။

 

ရှေးဦးအရွယ် ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန် နွားနို့တိုက်ကျွေး

တောင်ကြီး    စက်တင်ဘာ   ၄

630

   လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် ရှေးဦးအရွယ် ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန် ရည်ရွယ်၍ ဌာနများ၏ အစီအစဉ်ဖြင့် မူလတန်းကြိုကျောင်းများတွင် ကလေးများအား အာဟာရပြည့်နွားနို့၊ ပေါင်မှုန့်များ ကို တစ်ပတ်လျှင်(၂)ကြိမ် တိုက်ကျွေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး မူလတန်းကြိုကျောင်းတွင် စက်တင်ဘာ(၄)ရက် မွန်းလွဲ(၁)နာရီခွဲက ရှမ်းပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးသန်းဌေးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွီခိဏ်ဟမ်နှင့် တာဝန်ရှိသူများက မူလတန်းကြို ကျောင်းသား/ကျောင်းသူ (၂၅၀)ဦးတို့ကို နွားနို့၊ ပေါင်မှုန့်နှင့် အာဟာရပြည့် အစားအစာများကျွေးမွေးခဲ့ကြောင်း သိရသည်။

   ဆက်လက်၍ ရပ်စောက်မြို့နယ်၊ မူလတန်းကြိုကျောင်းသား/ကျောင်းသူများကိုလည်း အပတ်စဉ် ပုံမှန် တစ်ပတ်လျှင် (၂)ကြိမ် နွားနို့၊ အာဟာရပြည့် အစားအစာများ ကျွေးမွေးကြကြောင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း(၇၀)ကျော်တို့တွင် အပတ်စဉ် တစ်ပတ်လျှင် (၂)ကြိမ်၊ တစ်လလျှင်(၈)ကြိမ် နွားနို့၊ ပေါင်မှုန့်၊ အာဟာရပြည့် အစားအစာများ ကျွေးမွေးလျက်ရှိကြောင်း သိရှိရပါသည်။

                                                                                                                                                                               ထွန်းလွင်(တောင်ကြီး)

 

မြို့နယ်အခြေပြု မူလတန်းပြဆရာ အတတ်ပညာ အထူးသင်တန်းအောင်မြင်ပြီးသည့် နေ့စားလပေး မူလတန်းပြများအား အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ထားခြင်း

တောင်ကြီး    သြဂုတ်   ၂၉

   ရှမ်းပြည်နယ်တွင် (၂၀၁၃-၂၀၁၄)ပညာသင်နှစ်အတွင်း နေ့စားလပေးခန့်ထားခဲ့သည့် မူလတန်းပြ ဆရာ/ဆရာမများအား မြို့နယ်အခြေပြု မူလတန်းဆရာအတတ်ပညာ အထူးသင်တန်းသို့ တက်ရောက်အောင်မြင်ပြီး သတ်မှတ်အချက်အလက်များနှင့် ကိုက်ညီသူများကို နေ့စားလပေး ဆရာ/ဆရာမများကို ရှမ်းပြည်နယ်(တောင်ကြီးဒေသ)၌ (၁၅၁၅)ဦး၊ ရှမ်းပြည်နယ်(လားရှိုးဒေသ)၌ (၁၄၅၆)ဦး၊ ရှမ်းပြည်နယ်(ကျိုင်းတုံဒေသ)၌ (၃၅၄)ဦး၊ စုစုပေါင်း(၃၃၂၅)ဦးအား မူလတန်းပြ အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ထားခဲ့ပြီး ဖြစ်ပါသည်။

   ၎င်းအပြင် ရှမ်းပြည်နယ်တွင် (၂၀၁၄-၂၀၁၅)ပညာသင်နှစ်အတွက် နေ့စားလပေး ဆရာ/ဆရာမများကို ရှမ်းပြည်နယ်(တောင်ကြီးဒေသ)၌ (၂၃၁၄)ဦး၊ ရှမ်းပြည်နယ်(လားရှိုးဒေသ)၌ (၂၅၃၀)ဦး၊ ရှမ်းပြည်နယ်(ကျိုင်းတုံဒေသ)၌ (၄၅၃)ဦး၊ စုစုပေါင်း(၅၂၉၇)ဦးတို့ကို သြဂုတ်လ(၁)ရက်နေ့မှစ၍ အစမ်းခန့် ဝန်ထမ်းများအဖြစ်ခန့်ထားပေးခဲ့ပြီး၊ မြို့နယ်အခြေပြု မူလတန်းပြဆရာအတတ်ပညာ အထူးသင်တန်းသို့ တက်ရောက်အောင်မြင်ပြီး သတ်မှတ်အချက်အလက်များနှင့် ကိုက်ညီခဲ့ပါက အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်အပ်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

ပထမအကြိမ်၊ ရှမ်းပြည်နယ် လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပ

တောင်ကြီး   စက်တင်ဘာ   ၄

629

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့ကို စက်တင်ဘာ(၄)ရက် နံနက်(၁၀)နာရီက ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

   အစည်းအဝေးတွင် ရှမ်းပြည်နယ် လွှတ်တော်ရုံးအကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူးအဖြင့်ဆောင်ရွက်သည်။ 

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌ အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၄၀)ဦးရှိသည့်အနက် (၁၂၅)ဦး တက်ရောက်သည့်အတွက် (၉၈.၂၉%) တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့်တတိယနေ့အစည်းအဝေး စတင်ကျင်းပ ကြောင်း ကြေငြာသည်။

   ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးအတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး၊ ပြည်နယ်လွှတ်တော်မှ သဘောတူညီကြောင်းနှင့် အစည်းအဝေးအထမြောက်ကြောင်း ကြေငြာပါသည်။

   ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့သည်။

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရှမ်းပြည်နယ်ကုန်တင်ကုန်ချလုပ်ငန်း ဥပဒေ (မူကြမ်း) တစ်ရပ်လုံးကို အတည်ပြုပေးနိုင်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဆိုတင်သွင်းပြီး ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်က သဘောတူသဖြင့် အတည်ပြုကြောင်းကြေငြာသည်။

   ဆက်လက်၍ ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (ဒုတိယနေ့) တွင် တင်သွင်းခဲ့သော မိုင်းတုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦး၏ အဆိုကို လွှတ်တော်ဒုတိယဥက္ကဌ ဦးစိုင်းခမ်းမှတ်က ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်မှသဘောတူသဖြင့် မှတ်တမ်းတင်ကြောင်း ကြေညာ ပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့ အစီအစဉ်ကို နံနက်(၁၁:၁၀)နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                   ပြည်နယ်(ပြန်/ဆက်)

 

ကယ်ဆယ်ရေးနှင့်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသို့ အလှူငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်း

တောင်ကြီး      သြဂုတ် - ၂၈

627.1

   အမျိုးသားလွှတ်တော်ဥက္ကဌ ဦးဆောင်မှုဖြင့် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များကူညီစောင့်ရှောက်ရေးကော်မတီမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ အလှူငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲကို သြဂုတ် (၂၈)ရက် မွန်းလွှဲ (၁)နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ဒေသဦးစီးရုံး အစည်းဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဦးခင်အောင်မြင့်မှ အဖွင့်အမှာစကားပြောကြားပြီး၊ အမျိုးသား လွှတ်တော်ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာခင်ရွှေမှ လှူဒါန်းထောက်ပံ့မှု နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသွားကြောင်းသိရသည်။

628.2

   ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဌ၊ ဦးခင်အောင်မြင့်မှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ဘုန်းတော်ကြီးသင် ပညာရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အလှူငွေကျပ် (၂၀၅)သိန်း၊ ရွာငံမြို့နယ် အတွက် အလှူငွေကျပ်(၂၄၀)သိန်းတို့ကို ပေးအပ်လှူဒါန်းရာ ပင်းတယမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကြည်နှင့် ရွာငံမြို့နယ်မှ ဒေါ်စုစုအောင်တို့က လက်ခံရယူကြသည်။

   ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွှန့်တို့မှ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သာသနာနုဂ္ဂဟအသင်းအတွက် အလှူငွေကျပ် (၁၅)သိန်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ လှူဒါန်းငွေကျပ်(၁၀)သိန်းတို့ကို ပေးအပ်လှူဒါန်းရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရှုမောင်မှ လက်ခံရယူသည်။

   ၎င်းနောက် အမျိုးသားလွှတ်တော်ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီဥက္ကဌ ဒေါက်တာ ခင်ရွှေမှ သင်ထောက်ကူစာအုပ်စာတမ်းအတွက် ဗလာစာအုပ် ဒါဇင်(၂၅၀)ကို ပေးအပ်လှူဒါန်းရာ ဒေသဦးစီးအဖွဲ့ဝင် ဦးခင်မောင်ဇော်မှ လက်ခံရယူပြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရှုမောင်မှ ကျေးဇူတင်စကားပြန်လည်ပြောကြား ကြောင်း သိရှိရသည်။

   ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့သည် ပင်းတယပြည်သူ့ဆေးရုံးသို့ရောက်ရှိပြီး၊ ဆေးရုံးတွင် လူနာများကို အခမဲ့ဆေးကုသနေမှုကို လှည့်လည် ကြည့်ရှု့အားပေးကြပြီး၊ အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာခင်ရွှေမှ ပင်းတယပြည်သူ့ဆေးရုံးအတွက် အလှူငွေကျပ် သိန်း(၅၀)ပေးအပ်လှူဒါန်းရာ ပင်းတယဆေးရုံးအုပ်ကြီးမှ လက်ခံရယူသည်။ ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း ဆိုင်းဘုတ် တင်ပွဲသို့ တက်ရောက်ပြီး၊ အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်း ဒေသ သာသနာနုဂ္ဂဟအသင်း ဥက္ကဌအဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေမှ အဖွင့်အမှာစကား ပြောကြားပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးထူးကိုကို၊ သာသနာတော်ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သာသနာနုဂ္ဂဟ အသင်းဥက္ကဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရှုမောင်တို့က ဖဲကြိုးဖြတ်၍ အခမ်းအနားကို ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အသင်းဆိုင်ဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။

   ထို့နောက် ပင်းတယမြို့၊ မြို့နယ်ဓမ္မရုံး၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်း ဒေသ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သာသနာနုဂ္ဂဟအသင်း အခြေခံယဉ်ကျေးလိမ္မာဆရာအဖြစ် မွန်းမံသင်တန်းတို့ကို အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှု့အားပေးကြပြီး၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေမှ အလှူငွေများပေးအပ် လှူဒါန်းခဲ့ကြောင်းသိရှိရသည်။

 

                                                                                                                                                                မောင်မောင်သန်း(တောင်ကြီး)

ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပ

တောင်ကြီး             စက်တင်ဘာ -  ၃

628

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို စက်တင်ဘာ(၃)ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

   အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူးအဖြစ်ဆောင်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌက အစည်းအဝေး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦးရှိသည့်အနက် (၁၂၄)ဦး တက်ရောက်သည့်အတွက် (၈၈.၅၇%) တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေငြာသည်။

   ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၂)ဦးတို့အတွက် ခွင့်ပန်ကြားကြောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး၊ အစည်းအဝေး ပထမနေ့က ခွင့်ပန်ကြားသူ(၁၄)ဦး၊ ယနေ့ခွင့်ပန်ကြားသူ(၂)ဦး စုစုပေါင်း ခွင့်ပန်ကြားသူ(၁၆)ဦးအား ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေး အထမြောက်မှုကို မှတ်တမ်းတင်ကြောင်း ကြေငြာပါသည်။

   ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့သည်။

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရှမ်းပြည်နယ် ကုန်တင်ကုန်ချလုပ်ငန်း ဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်းပြီး ဥပဒေပြုရေးရာကော်မတီ၏ အစီရင်ခံစာကို ကွန်ဟိန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနုက ဖတ်ကြားရှင်းလင်းပါသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ပစ္စည်း ချီးမြှင့်ခြင်း ဆိုင်ရာဥပဒေကြမ်းနှင့် ရှမ်းပြည်နယ် ရေချိုငါးလုပ်ငန်း ဥပဒေ(မူကြမ်း) နှစ်ရပ်လုံးကို အတည်ပြုပေးပို့နိုင်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အဆိုတင်သွင်းပြီး အဆုံးအဖြတ်ရယူရာ လွှတ်တော်မှ သဘောတူသဖြင့် အတည်ပြုကြောင်းကြေငြာသည်။

   ၎င်းနောက် မိုင်းတုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးက အဆိုတစ်ရပ်တင်သွင်းပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်လျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီရင်ခံစာကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဒုတိယနေ့ အစီအစဉ်ကို ညနေ(၁၄:၃၀)နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                    ပြည်နယ် (ပြန်/ဆက်)

 

သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ အမှုထမ်းများ အဆင့်မြင့် သမဝါယမသင်တန်း ဖွင့်ပွဲကျင်းပ

တောင်ကြီး      ဩဂုတ်   ၂၅

625

   သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ အမှုထမ်းများ အဆင့်မြင့် သမဝါယမသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ (၂၅)ရက်နေ့၊ နံနက် (၀၈၃၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်သမဝါယမသင်တန်းကျောင်း(တောင်ကြီး)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်မှ တက်ရောက်လမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။ 

   အဆိုပါ သင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ပြည်နယ်၊ မြို့နယ်သမဝါယမဦးစီးဌာနများမှ အရာထမ်းများ၊ သမဝါယမအသင်း အဆင့်ဆင့်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

   သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ အမှုထမ်းများ အဆင့်မြင့် သမဝါယမသင်တန်းသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ သမဝါယမ ဦးစီးဌာန အဆင့်ဆင့်မှ ဌာနခွဲစာရေးဝန်ထမ်း သင်တန်းသား(၄၀)ဦး တက်ရောက််လျက်ရှိပြီး သင်တန်းတွင် စဉ်းစားတွေးခေါ်ပြောင်းလဲခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်း ဆောင်ရွက်မှုအစီအစဉ်၊ စာရင်းရေးစာရင်းကိုင်ပညာ၊ သမဝါယမ စာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း ဘာသာရပ်များကို သင်ကြားပို့ချ ပေးသွားမည် ဖြစ်ပြီး၊ သင်တန်းအား စက်တင်ဘာလ(၇)ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

တောင်ကြီး   စက်တင်ဘာ   ၂

 627

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး ပထမနေ့ကို စက်တင်ဘာလ(၂)ရက် နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ဒုတိယဥက္ကဌ နှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ(၁၂၆)ဦး တက်ရောက်ကြသည်။

   ပထမဦးစွာ ကတိသစ္စာမပြုရသေးသော တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဌက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

   ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြည်နယ်လွှတ်တော်သို့ မိန့်ခွန်းပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့်မေးခွန်း(၆)ခုအား သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြန်လည်ဖြေကြားကာ မေးခွန်း(၁)ခုအား ပြန်လည် ရုပ်သိမ်းခဲ့သည်။

   ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ (၂၀၁၄-၂၀၁၄)ခု ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြု ငွေစာရင်းအား ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က လွှတ်တော်သို့တင်သွင်းပြီး ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

   ဆက်လက်၍ ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ပစ္စည်း ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ကွန်ဟိန်းမဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနုကလည်းကောင်း၊ ရှမ်းပြည်နယ် ရေချိုငါးလုပ်ငန်း ဥပဒေ(မူကြမ်း)တို့နှင့် စပ်လျဉ်းပြီး ကလောမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်စိုးကလည်းကောင်း လွှတ်တော်သို့ အစီရင်ခံစာ ဖတ်ကြားရှင်းလင်းကြပါသည်။

   ထို့နောက် နမ္မတူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး တင်သွင်းသော အဆိုအား လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းက စည်ပင်သာယာရေးကော်မတီ၏ ပုဂ္ဂလိကလုပ်ငန်းရှင်ပူးပေါင်းဆောင်ရွက်သည့် (Public Private Partnership)လုပ်ငန်းကို လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်ကို ညနေ(၁၄:၄၀)နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလက(ခွဲ)ဂနိုင်ရေးကျောင်းသို့ စာရေးခုံနှင့် ထိုင်ခုံများ ပေးအပ်လှူဒါန်းခြင်း

တောင်ကြီး        သြဂုတ် - ၂၀

624

ပြည်နယ်ဘဏ္ဍရေးဝန်ကြီး ဦးခွန်သိန်းမောင် ပြည်နယ်လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းတို့သည် သြဂုတ်လ (၂၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ အလက(ခွဲ) ဂနိုင်ရေးကျောင်းသို့ ရောက်ရှိခဲ့ကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စာရေးခုံနှင့် ထိုင်ခုံ အစုံ(၂၀)ကိုလည်းကောင်း၊ ပြည်နယ်ဘဏ္ဍရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ကွန်ပျူတာ(၁)စုံကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြရာ ကျောင်းအုပ် ဆရာမကြီးနှင့်  ကျောင်းအကျိုးတော်ဆောင်အဖွဲ့များမှ လက်ခံရယူပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

More Articles...

  1. တတိယအရှိန်အဟုန်မြှင့်တင်ရေးလုပ်ငန်းစဉ် စည်ပင်သာယာရေး လုပ်ငန်းများအဆင့် မြှင့်တင်ရေးနှင့် ယာဉ်စက်ယန္တရားများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
  2. ကျောင်းကျန်းမာရေးနေ့အခမ်းအနားနှင့် ရှမ်းပြည်နယ် ပညာရေး(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
  3. ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်၌ ပြည်နယ်ဦးစီးမှူးရုံးဖွင့်ပွဲ ကျင်းပ
  4. ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရာထမ်းနှင့် အမှုထမ်း ဝန်ထမ်းအိမ်ယာတည်ဆောက်မည့် မြေနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
  5. ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်း(၄)ခရိုင် Chaing Rai, Phrae, Phayao, Nan ဒေသမှ အုပ်ချုပ်ရေးအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင် ကုန်သည်များ ပူးပေါင်းကျင်းပသည့် ကုန်စည်ပြပွဲနှင့်
  6. တောင်ကြီးတက္ကသိုလ်(၂၂)ကြိမ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ
  7. ပြည်နယ်ဝန်ကြီးချုပ် အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း ရေဝပ်ဧရိယာ သို့ လှည့်လည်ကြည့်ရှုစစ်ဆေး
  8. ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၄)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၀/၂၀၁၄)ကျင်းပ
  9. ရှမ်းပြည်နယ် အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားမှု ရက်သတ္တပတ်များ ဖွင့်ပွဲကျင်းပ
  10. ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါခေါင်လပြည့်နေ့ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်း လှူပွဲ ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 74 guests and no members online