သတင်းများ

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း နှင့်အဖွဲ့က ဘိုးဘွားရိပ်သာ၌ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း

တောင်ကြီး ဒီဇင်ဘာ ၁၄

LMY03

 

LMY02

 

LMY

 

LMY01

 

      ( ၁၄-၁၂-၂၀၁၃ ) ရက်နေ့ နံနက် ( ၉:၀၀ ) နာရီအချိန်တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်လျက် ဒေါ်သင်းသင်းနွယ်(ဥက္ကဌ)နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့မိမြို့ဖ ဦးမောင်မောင်ဆွေ၊ ပြည်နယ်စီမံကိန်း လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်လှိုင်၊ ပြည်နယ်ကြံ့ခိုင်ရေးအဖွဲ့ဝင်များနှင့် ရာစုသစ် သွေးလှူရှင်အသင်းတို့ ပူးပေါင်းပါဝင်လျက် တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာသို့ သွားရောက်ကြပြီး အဘိုးအဘွား ( ၂၀ ) ဦးတို့အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြပါသည်။

ဘိုးဘွားရိပ်သာရှိ အဘိုး ( ၅ ) ဦးနှင့် အဘွား ( ၁၅ ) ဦးတို့အား အာဟာရဖြစ်ဖွယ်ရာ ကြက်ပေါင်းရည်၊ ဟောလစ်၊ ဖျော်ရည်နှင့် ဆေးဝါးများ စုစုပေါင်း ကျပ်နှစ်သိန်းကျော်တန်ဖိုးခန့် လှူဖွယ်ပစ္စည်းများဖြင့် စုပေါင်းကန်တော့ကြပြီး ဘိုးဘွားများမှလည်း ဆုတောင်းမေတ္တာများ ပြန်လည် ပို့သပေးခဲ့ကြပါသည်။

ထို့နောက် ဘိုးဘွားများအား ရာစုသစ်သွေးလှူရှင် အသင်းအဖွဲ့မှ ဆရာဝန်များက ဆေးစစ်မှု များကို တစ်ဦးချင်း စမ်းသပ်စစ်ဆေးပေးခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြပါသည်။

ဆက်လက်၍ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဘိုး / ဘွားတို့၏ အိပ်ဆောင်များ၊ စားဖိုဆောင်နှင့် ထမင်းစားဆောင်များသို့ သွားရောက်ကြည့်ရှုခဲ့ရာ ဘိုးဘွားရိပ်သာဥက္ကဌ ဦးတင်လှိုင်နှင့် မြို့မိမြို့ဖ ဦးမောင်မောင်ဆွေတို့မှ လိုက်လံရှင်းလင်းပြသခဲ့ကြပြီး၊ ထမင်းချက်ဆောင်နှင့် ထမင်းစားဆောင်ရှိ အမိုးများ ပြန်လည်ပြုပြင်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

 

 

 

 

ပြည်တွင်းအခွန်ဦးစီးဌာန အခွန်ဆိုင်ရာရှင်းလင်းပွဲ ကျင်းပ

တောင်ကြီး ဒီဇင်ဘာလ  ၁၅

 

RV-04

 

RV-02

 

RV-03

 

RV-01

 

       ရှမ်းပြည်နယ် ပြည်တွင်းအခွန်ဦးစီးဌာန၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အခွန်ဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် တောင်ကြီးမြို့ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကားပြောကြားပေးသည်။

ဆက်လက်၍ ပြည်နယ်အခွန်ဦးစီးဌာနမှူး သူရဦးထင်ကျော်မိုးမှ အခွန်ဆိုင်ရာပြဌာန်းချက်များနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြပြီးနောက် အခမ်းအနားတက်ရောက်လာသူများမှ အခွန်ဆိုင်ရာသိရှိလိုသည့်အချက်များကို မေးမြန်း ရာ ပြည်နယ်အခွန်ဦးစီးဌာနမှူး  သူရဦးထင်ကျော်မိုးမှ ပြန်လည်ရှင်းလင်းပြောကြားပြီးနောက် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ဘဏ်လုပ်ငန်းနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ အခွန်ထမ်းပြည်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ကျင်းပ

တောင်ကြီး   ဒီဇင်ဘာ  ၀၃

 

030

 

   အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ကို ဒီဇင်ဘာ(၃)ရက်၊ နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ချက်များအား ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူး ဦးတင်အောင်ရီက ရှင်းလင်းပြောကြားသည်။

 

   ထို့နောက် ဘုရားဖြူရပ်ကွက် မသန်စွမ်းဂေဟာမှ ဘက်စုံထူးချွန် မသန်စွမ်းကလေးများအား ဆုချီးမြှင့်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ ဦးယုဒ၊ ဒေါ်နန်းဦး၊ ဒေါ်ဆန်တီးနာလီချော တို့ကို ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပြီး၊ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘုရားဖြူရပ်ကွက် မသန်စွမ်းဂေဟာမှ ကလေးများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

ဖြူဇင်ကုမ္ပဏီမှ 2013 Model TOYOTA အမျိုးအစား လူနာတင်ယာဉ်(၃)စီးနှင့် အောင်ချမ်းသာကုမ္ပဏီမှ DLX-200 Hydraulic Drilling Rig ရေတွင်းတူးစက်(၂)စုံကို ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လှူဒါန်း

တောင်ကြီး ဒီဇင်ဘာလ  ၁၅

 

Pusin-11

 

Pusin-06

 

Pusin-10

 

Pusin-04

 

Pusin-05

 

Pusin-03

 

Pusin-01

 

Pusin-09

 

 

Pusin-08

 

     ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ဖြူဇင်ကုမ္ပဏီမှ 2013 Model  TOYOTA  အမျိုးအစား လူနာတင်ယာဉ် (၃)စီးနှင့် အောင်ချမ်းသာကုမ္ပဏီမှ DLX-200  Hydraulic  Drilling  Rig   ရေတွင်းတူးစက်(၂)စုံလှူဒါန်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ လူနာတင်ယာဉ်(၃)စီး လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဖြူဇင်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝေစိုးမှ ရှင်းလင်း၍လည်းကောင်း ၊ ရေတွင်းတူးစက်(၂)စုံနှင့်ပတ်သက်၍ အောင်ချမ်းသာကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင် ဦးခိုင်မင်းတို့က ရှင်းလင်းတင်ပြကြသည်။

ထို့နောက် လူနာတင်ယာဉ်(၃)စီး ပေးအပ်လှူဒါန်းရာ ညောင်ရွှေမြို့နယ် ၊ ပြည်သူ့ဆေးရုံသို့ လှူဒါန်းသည့် လူနာတင်ယာဉ်(၁)စီးအား ဖြူဇင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးမှ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးအရအဖွဲ့ဝင် ပြည်နယ် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှ လက်ခံ၍လည်းကောင်း၊ ပင်းတယမြို့နယ် ၊ ပြည်သူ့ဆေးရုံသို့ လှူဒါန်းသည့် လူနာတင်ယာဉ်(၁)စီးအား ဖြူဇင်ကုမ္ပဏီမှ  ဦးတင်ထွဋ်မှ ပေးအပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးထူးကိုကို မှလက်ခံ၍လည်းကောင်း၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးဆေးရုံအတွက် လူနာ တင်ယာဉ်(၁)စီးအား ဖြူဇင်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝေစိုးမှ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။

၎င်းနောက် ရေတွင်းတူးစက်(၂)စုံကို အောင်ချမ်းသာကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်မင်းမှ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ လက်ခံရယူပြီးနောက် ဂုဏ်ပြု မှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် လူနာတင်ယာဉ်လှူဒါန်းသော ဖြူဇင်ကုမ္ပဏီအား ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးသန်းထွဋ်ဦးမှလည်းကောင်း ၊ ရေတွင်းတူးစက်(၂)စုံ လှူဒါန်းသော အောင်ချမ်းသာကုမ္ပဏီအား ပြည်နယ်စည်ပင် သာယာရေးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း မှလည်းကောင်း အသီးသီးကျေးဇူးတင်စကားပြောကြား ပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့သည် လူနာတင်ယာဉ် (၃)စီးနှင့် ရေတွင်းတူးစက်(၂)စုံအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ၊ ပြည်သူ့လွှတ်တော်/အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ သူနာပြုသင်တန်းကျောင်းမှ သူနာပြုဆရာမများ၊ ကုမ္ပဏီအလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

 

ပြည်နယ်ဝန်ကြီး ဒေါက်တာမျိုးထွန်း၏ (၂၃-၁၁-၂၀၁၃)ရက်နေ့မှ (၃၀-၁၁-၂၀၁၃)ရက်နေ့ထိ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ဆောင်ရွက်ရန်အတွက် လားရှိုးဒေသနှင့် ကျိုင်းတုံဒေသများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်

တောင်ကြီး   ဒီဇင်ဘာ  ၂

 

29

 

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် (၂၂-၁၁-၂၀၁၃)ရက်နေ့တွင် ရုံးစိုက်ရာ တောင်ကြီးမြို့မှ လားရှိုးဒေသသို့ လေယာဉ်ဖြင့် ခရီးထွက်ခွာခဲ့ပါသည်။

 

(၂၃-၁၁-၂၀၁၃)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမြင့်အေး၊ လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကြူ၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ကြည်တို့နှင့်အတူ လားရှိုး အထက(၂) သိပ္ပံဆောင် ဆောက်လုပ်မည့်မြေနေရာ၊ လားရှိုးမြို့ နေခြည်ကိုယ်ပိုင်ကျောင်းနှင့် လားရှိုး အမက(၁၂) မူလွန်ကျောင်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

 

(၂၅-၁၁-၂၀၁၃)ရက်နေ့ နံနက်(၈:၀၀)နာရီတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည်  တွဲဘက်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာဇော်မင်းထွန်း၊ လားရှိုးဆေးရုံအုပ်ကြီး၊ လားရှိုးဆေးရုံကြီးမှ အထူးကုဆရာဝန်များနှင့်အတူ သိန်းနီမြို့နယ် မိုင်းလီကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် ကျေးလက်နေ ပြည်သူ (၁၆၅၅)ဦးတို့အား အခမဲ့ ကွင်းဆင်းကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြပါသည်။

 

ထို့နောက် သိန်းနီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံအေး၊ တွဲဖက်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးတို့နှင့်အတူ PP ဆေးဝါးကုမ္ပဏီမှ ကျပ်သိန်း(၇၀) အကုန်အကျခံပြီး လှူဒါန်းဆောက်လုပ်ပေးမည့် သိန်းနီမြို့နယ် ပိန်းဆာကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးပေးခန်း ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျန်းမာရေးဌာနမှ သတ်မှတ်ချက်များနှင့်အညီ ဆောက်လုပ်ပေးသွားရန်ကိုလည်း မှာကြားခဲ့ပါသည်။ ဆက်လက်၍ သိန်းနီမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့ပါသည်။

 

နေ့လည်ပိုင်းတွင် ပြည်နယ်လူမှုရေးဝန်ကြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူးတို့သည် မိုင်းလီအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ သိန်းနီ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် သိန်းနီအခြေခံအထက်တန်းကျောင်းများကို ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ဆောက်လုပ်လျက်ရှိသည့် သိန်းနီအထက သိပ္ပံဆောင်အား အရည်အသွေးပြည့်မှီစွာ ဆောက်လုပ်သွားရန်ကိုလည်း လမ်းညွှန်မှာကြားခဲ့ပါသည်။

 

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် (၂၆-၁၁-၂၀၁၃)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် လားရှိုးမိုတယ်ခန်းမ၌ ကျင်းပပြုလုပ်သော လားရှိုးဒေသတွင် ကာကွယ်ဆေးထိုးလုပ်ငန်းများ လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ် ပြည်နယ်အဆင့် အသိပေး ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။

 

အဆိုပါအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွန့်မှလည်း အမှာစကားပြောကြားပေးခဲ့ပါပြီး ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မန်နေဂျာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းမှလည်း အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့ကြပါသည်။

 

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း လွှမ်းခြုံမှုအားနည်းသည့် ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ရှမ်းပြည်နယ် အထူးဒေသ(၄)အတွင်းရှိ မြို့နယ်များတွင် Health Poverty Action အဖွဲ့အား တာဝန်ပေး၍ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

 

ထို့နောက် မွန်းလွဲ(၃:၀၀)နာရီတွင် လားရှိုးမြို့ပြည်ထောင်စုအားကစားကွင်း၌ ကျင်းပပြုလုပ်သော ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ပြီး အမှာစကားပြောကြားပေးခဲ့ပါသည်။

 

(၂၇-၁၁-၂၀၁၃)ရက်နေ့ နံနက်(၆:၀၀)နာရီတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် လာရှိုးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကြူ၊ တွဲဘက်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးတို့ လိုက်ပါလျက် လားရှိုးမြို့မှ မိုင်းရယ်မြို့သို့ ထွက်ခွာခဲ့ပြီး လားရှိုးဆေးရုံအုပ်ကြီးနှင့် အထူးကုအဖွဲ့တို့မှ လွယ်ငင်းကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဒေသခံပြည်သူ လူနာ(၉၄၄)ဦးတို့အား အခမဲ့ကွင်းဆင်း ကုသပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

 

ထို့နောက် လွယ်ငင်းကျေးလက်ကျန်းမာရေးဌာနခွဲ ပြင်ဆင်ဆောက်လုပ်ရန်အတွက် အလှူရှင်များမှ လှူဒါန်းပေးသော ငွေကျပ်(၅၀)သိန်းကို ဒေသခံပြည်သူများကိုယ်စား လက်ခံရယူပေးခဲ့ပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

ဆက်လက်၍ မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အလှူငွေကျပ် (၁၀)သိန်းကို မြို့နယ်ပြည်သူ့ဆေးရုံအတွက် ပေးအပ်လှူဒါန်းခဲ့ပါသည်။

 

ထိုမှတဆင့် ဒေါက်တာမျိုးထွန်း၊ လူမှုရေးဝန်ကြီးနှင့် ဦးမြင့်ကြည် ပြည်နယ်ပညာရေးဒုတိယ ညွှန်ကြားရေးမှူးတို့သည် မိုင်းရယ် အထကကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အန္တရာယ်ကျောင်းဆောင် ပြုပြင်နိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်း ခဲ့ပါသည်။

 

(၂၇-၁၁-၂၀၁၃)ရက်နေ့ နေ့လည် (၁:၀၀)နာရီတွင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် လားရှိုးမြို့မှ တာချီလိတ်မြို့သို့ ထွက်ခွာခဲ့ပါသည်။ နေ့လည်(၃:၀၀)နာရီတွင် ဒေါက်တာမျိုးထွန်းသည် ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦး၊ တွဲဖက်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး(ကျိုင်းတုံ) ဒေါက်တာဝင်းကျော်တို့နှင့်အတူ တာချီလိတ်မြို့နယ် ပြည်သူ့ဆေးရုံရှိ ဓါတ်လှေကားပြင်ဆင်ရန်နှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့် မြေနေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။ ထို့နောက် တာချီလိတ် အထက(ဟောင်လိတ်)ကျောင်းသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများအား တွေ့ဆုံမှာကြားခဲ့ပါသည်။

 

(၂၈-၁၁-၂၀၁၃)ရက်နေ့ နံနက် (၁၀၀၀)နာရီတွင် မိုင်းဖြတ်ခရိုင် မိုင်းယောင်းမြို့နယ် ပြည်သူ့ဆေးရုံရှိ ဆေးစတိုဆောင်အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ မိုင်းယောင်း အထက သိပ္ပံဆောင် အဆောင်ဟောင်းပြုပြင်ရန်နှင့် မိုင်းယောင်းအထက ကျောင်းဆောင်အသစ် ဆောက်လုပ်မည့် နေရာတို့ကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် မိုင်းဖြတ် အထကကျောင်း သိပ္ပံဆောင်အား အရည်အသွေးပြည့်မှီစွာ ဆောက်လုပ်နိုင်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

 

(၂၉-၁၁-၂၀၁၃) ရက်နေ့ နံနက်(၉:၀၀)နာရီတွင် ကျိုင်းတုံမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှု အဖွဲ့အစည်းအဝေးခန်းမ၌ ပြုလုပ်သော တွဲဘက်ပြည်နယ် ကျန်းမာရေးဦးစီးဌာန (ကျိုင်းတုံ)တွင် ကာကွယ်ဆေးထိုးလုပ်ငန်းများ လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန် တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ် အသိပေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားအား ပြောကြားပေးခဲ့ပါသည်။

ကျိုင်းတုံဒေသအတွင်းရှိ ကာကွယ်ဆေးထိုးလုပ်ငန်း မဆောင်ရွက်နိုင်သော "ဝ"အထူးဒေသများဖြစ်သော မက်မန်း၊ မိုင်းယောင်း၊ မိုင်းလားနှင့် မိုင်းယန်းမြို့နယ် (၄)မြို့နယ်တို့၌ ကာကွယ်ဆေးထိုးလုပ်ငန်းများကို Health Poverty Action (HPA) အဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

ညနေ(၂:၀၀)နာရီတွင် မိုင်းဆတ်ခရိုင်သို့ ထွက်ခွာခဲ့ပြီး မိုင်းပျဉ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ဝင်ရောက်ကြည့်ရှု စစ်ဆေး၍ အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

 

ထို့နောက် မိုင်းပျဉ်း အခြေခံပညာအထက်တန်းကျောင်းရှိ အန္တရာယ်ကျောင်းဆောင်(၁)ဆောင်အား ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီး၊ အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

 

ဆက်လက်၍ မိုင်းပျဉ်းမြို့နယ် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများတို့နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

 

(၃၀-၁၁-၂၀၁၃)ရက်နေ့ နံနက်(၇:၃၀)နာရီတွင် ကွန်ဟိန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ဝင်ရောက်ကြည့်ရှုခဲ့ပြီး အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်း၍ လက်ထောက်ဆရာဝန်များ၊ သွားဆရာဝန်များ ကျန်းမာရေးဝန်ထမ်းများတို့နှင့် တွေ့ဆုံမှာကြားခဲ့ပါသည်။

 

နံနက်(၈:၃၀)နာရီတွင် ကွန်ဟိန်းမြို့နယ် အထကကျောင်းသို့ ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အလှူငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်း၍ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

 

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ကွန်ဟိန်းမြို့နယ်မှ ပြန်လည်ထွက်ခွာခဲ့ရာ ရုံးစိုက်ရာ တောင်ကြီးမြို့သို့ (၃၀-၁၁-၂၀၁၃)ရက်နေ့ နေ့လည် (၁:၀၀)နာရီတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိ ပါသည်။

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဆောက်လုပ်သော ဇီဝိတဒါနသံဃာဆောင် လွဲပြောင်းပေးအပ်ပွဲ ကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၁၃

 

003

 

   ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဆောက်လုပ်သော ဇီဝိတဒါနသံဃာဆောင် လွဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲကို ဒီဇင်ဘာ(၁၃)ရက်၊ နံနက်(၈)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားရာ သံဃာဆေးရုံကုသဆောင်သည် သံဃာတော်များ ဆေးဝါးကုသခံရာတွင် ယခင်က အမျိုးသားအဆောင်တွင် ကုသရပြီး၊ ယခုဆိုရင် သံဃာတော်များအတွက် သီးသန့်အဆောင်တစ်ခု ဖြစ်လာအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြလို့ ဟိုပုံးမြို့ရှိ ပြည်သူ့ဆေးရုံသည် တဖြည်းဖြည်းနဲ့ ဆေးရုံရဲ့ အင်္ဂါရပ်နဲ့ ညီလာပြီဖြစ်ကြောင်း ပြောကြားသွားသည်။

 

   ဆက်လက်၍ ဟိုပုံးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးမျိုးဝင်းလောက သံဃာဆောင် ဖြစ်ပေါ်လာပုံ အကျဉ်းနှင့် ကျေးဇူးတင်စကား ပြောကြားသည်။

 

   ထို့နောက် သံဃာတော်များအတွက် ဆေးပဒေသာပင်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်တို့က ပေးအပ်လှူဒါန်းရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်း လက်ခံရယူသည်။

 

   ၎င်းနောက် သံဃာဆောင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ဟိုပုံးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးမျိုးဝင်းလောက ပေးအပ်ရာ အလှူရှင်များက အသီးသီး လက်ခံရယူကြပြီး၊ သံဃာဆောင်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွဲပြောင်းပေးအပ်ရာ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦးက လက်ခံရယူသည်။

 

   ယင်းနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ သံဃာဆောင်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစဝ်အောင်မြတ်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသနေသော လူနာများကို လှည့်လည်ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အသစ်ဆောက်လုပ်နေသည့် အဆောက်အဦများကို ရှင်းလင်းဆောင်ခန်းမ၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်မှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကွင်းအမှတ်(၁၂)၊ လေးအိမ်ကုန်းရွာမကွင်း၊ စက်မှုလယ်ယာစနစ်တကျ လယ်ဧက(၅၀) ဖော်ထုတ်ရန်လျာထားသည့် ဦးပိုင်အလိုက် တောင်သူတစ်ဦးချင်း ပိုင်ဆိုင်မှုပြ လယ်ကွက်များ ဖော်ထုတ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မြေပုံကားချပ်ဖြင့် ရှင်းလင်းကြကြောင်း သိရှိရသည်။

 

   အဆိုပါ သံဃာဆောင်လွဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဒေသခံမိဘပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၁

 

028

 

   ၂၀၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားကို ဒီဇင်ဘာ (၁)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်  အတွင်းရေးမှူး၊ ဗဟိုသန်းခေါင်စာရင်းကော်မတီ ဥက္ကဌ၊ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဝင်းမြင့်မှ တက်ရောက်၍ ၂၀၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

 

   ထို့နောက် တက်ရောက်လာသည့် ပြည်နယ်/ခရိုင်/မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်မှ သိလိုသည်များကို ဆွေးနွေးတင်ပြကြသည်။

 

   အဆိုပါ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူး၊ ဗဟိုသန်းခေါင်စာရင်းကော်မတီ ဥက္ကဌ၊ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဝင်းမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်/ခရိုင်/မြို့နယ်မှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်၌ ဒီဇင်ဘာ ပထမပတ် လူထုလမ်းလျှောက်ပွဲ ကျင်းပ

တောင်ကြီး   ဒီဇင်ဘာ  ၀၇

 

002

 

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဒီဇင်ဘာ ပထမပတ် လူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာ(၇)ရက်၊ နံနက်(၅)နာရီက တောင်ကြီးမြို့၊ မြို့မစျေးကြီးရှေ့၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လမ်းလျှောက်ပွဲကို သေနတ်ပစ်ဖောက် တာလွှတ်ပေးသည်။

 

   လမ်းလျှောက်ပွဲကို တောင်ကြီးမြို့၊ မြို့မစျေးကြီး(တောင်ဘက်)၊ နာရီစင်ရှေ့စုရပ်မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း စူဠာမုနိဘုရားရင်ပြင်ပေါ်အထိ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံမြို့ပေါ်ရပ်ကွက် မိဘပြည်သူများ စုစုပေါင်းအင်အား(၉၅၀၀)ဦးခန့် တစ်ပျော်တစ်ပါး လမ်းလျှောက်ကြပြီး၊ စူဠာမုနိဘုရားရင်ပြင်ပေါ်တွင် ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းလေ့ကျင့်ခန်း ပြုလုပ်ကြကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၁၃) ကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ၂၉

 

027

 

   ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၁၃)ကို နိုဝင်ဘာ(၂၉)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူမှ အဖွင့်အမှာစကား ပြောကြားသည်။

 

   ဆက်လက်၍ အခမ်းအနား တက်ရောက်လာသူများမှ လယ်ယာမြေကိစ္စရပ်များနှင့် ပတ်သက်၍ အထွေထွေ ဆွေးနွေးတင်ပြကြပြီး၊ ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူက နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ စစ်ဦးစီး ပထမတန်းအရာရှိများ၊ တောင်ကြီးမြို့နယ်အထောက်အကူပြုကော်မတီများ၊ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူးများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

၂၀၁၃ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၇

 

001

 

   ရှမ်းပြည်နယ်၊ ၂၀၁၃ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာ (၇)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦးမှ ပြည်နယ်ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။

 

   ဆက်လက်၍ ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်နှင့် ပြည်နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စာစီစာကုံးပြိုင်ပွဲ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ဆုများချီးမြှင့်၍လည်းကောင်း၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများက ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ ဆုများချီးမြှင့်၍လည်းကောင်း၊ အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဆုများချီးမြှင့်၍လည်းကောင်း၊ ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်နှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ဉာဏ်စမ်းဗဟုသုတ ဖြေဆိုခြင်းပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ရှမ်းပြည်နယ်ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရင်မှ ဆုများချီးမြှင့်ပေးပြီးနောက် ၂၀၁၃ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

 

   ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့သည် ခန်းမတောင်ဘက်၌ ခင်းကျင်းပြထားသည့် ၂၀၁၃ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားပြခန်းအား လည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန် အကောင်အထည်ဖော်ရေး နားလည်မှုစာချွန်လွှာ စာချုပ်ချုပ်ဆိုပွဲ ကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ၂၅

 

026

 

   ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန် အကောင်အထည်ဖော်ရေး နားလည်မှုစာချွန်လွှာ စာချုပ်ချုပ်ဆိုပွဲကို နိုဝင်ဘာ(၂၅)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားရာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် MOU ခေါ်သည့် နားလည်မှုစာချွန်လွှာ ဖြစ်ကြောင်း၊ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မည့် ကုမ္ပဏီများက အကောင်အထည်ဖော်မည့် ဇုန်အတွင်းမှာ ပါဝင်သည့် အချက်(၅)ချက်နှင့်အညီ ဒေသဖွံ့ဖြိုးရေးအတွက် နားလည်မှုစာချွန်လွှာ ဖြစ်ကြောင်း၊ နားလည်မှုစာချွန်တွင် ဒေသတိုင်းရင်းသားလူမျိုး ဖွံ့ဖြိုးရေးနှင့် နှစ်နိုင်ငံနယ်နိမိတ် ထိစပ်နေသည့် ဒေသအတွင်းရှိ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်မည့် ကုမ္ပဏီအလိုက် သတ်မှတ်နိုင်သည့် လုပ်ငန်းများကို စီစစ်ရေးအဖွဲ့ ဖွဲ့ပြီး၊ တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်များကို ရှမ်းပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကော်မတီများနှင့် ညှိနှိုင်း၍ ဆောင်ရွက်လိုသည့်၊ ဆောင်ရွက်နိုင်မည့် စည်းကမ်းချက်၊ အခြေခံအချက်အလက်များ အပေါ်မူတည်ပြီး၊ ဇုန်(၄)ခုစသည်အားဖြင့် မိမိအနေဖြင့် အသီးသီး ဖော်ထုတ်ရရှိချက်များအပေါ် အကောင်အထည်ဖော်နိုင်ရန် စာချုပ်များနှင့် ပတ်သက်သည့် MOU ခေါ် လုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းသဘောတူညီချက် လုပ်ငန်းစာချုပ် ဆက်လက်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

 

   ဆက်လက်၍ မူဆယ်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန် အကောင်အထည်ဖော်ရေး နားလည်မှုစာချွန်လွှာအား မောရှမ်းဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမီတက်နှင့် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးကြသည်။

 

   ထို့နောက် မောရှမ်းဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမီတက် ဥက္ကဌ ဦးကျော်ပြုံးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ စာချုပ်ပါ အချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ နားလည်မှုစာချွန်လွှာ စာချုပ်ချုပ်ဆိုပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မောရှမ်းဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

More Articles...

  1. ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့် အခြေခံသမဝါယမသင်တန်း(အမှုထမ်း) သင်တန်းဆင်းပွဲသို့ တက်ရောက်
  2. ၂၀၁၃-၂၀၁၄ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရှမ်းပြည်နယ်(တောင်ကြီး/လွိုင်လင်/လင်းခေး ခရိုင်)အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပ
  3. ပြည်နယ်ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ၂ဝ၁၃ ခုနှစ် ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
  4. စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း(၁/၂ဝ၁၃)ဖွင့်ပွဲ
  5. ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ အလည်ချောင်ကျေးရွာအုပ်စု ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး ဖွင့်ပွဲကျင်းပ
  6. နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့ဝင်များနှင့် ရှမ်းပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နယ်အထောက်အကူပြုအဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ လူထုကိုယ်စားလှယ်များနှင့် တွေ့ဆုံဆ
  7. ၂၀၁၃ခုနှစ် ရှမ်းပြည်နယ်တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲကျင်းပ
  8. ၂၀၁၃ ခုနှစ်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲ ကျင်းပ
  9. ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရပ်စောက်မြို့နယ်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများနှင့် တွေ့ဆုံ
  10. ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟိုပုံးမြို့နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 102 guests and no members online