သတင်းများ

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ပန်းတင်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်မည့်နေရာနှင့် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် သွားလမ်း ကွန်ကရစ်ခင်းနေမှုအား ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှု

တောင်ကြီး အောက်တိုဘာ - ၂၃

254

၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းလုပ်ငန်းဖြင့် ပန်းတင်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်မည့်နေရာသို့ အောက်တိုဘာ ၂၂ ရက် ညနေ ၃ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတို့နှင့်အတူ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရပြီး၊ ၎င်းလမ်းအဆင့်မြှင့်တင်ခြင်းတွင် မူလလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ၄၀၀ ပေx ၁၂ ပေ၊ မူလလမ်းအား ကျောက်ထက်ကတ္တရာခင်းခြင်းလုပ်ငန်း ၁၂၅၀ ပေx ၁၂ ပေ၊ ကျောက်စီလမ်းပုခုံးပြုလုပ်ခြင်းလုပ်ငန်း ၂ x ၁၂၅၀ ပေ x ၃ ပေ၊ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ၂ x ၉၀၀ ပေ ၂ ပေ x ၂ ပေ၊ လမ်းဖြတ်တံတားပြုလုပ်ခြင်းလုပ်ငန်း သံကူကွန်ကရစ် ၆ စင်း ၊ ၃ ပေ x ၃ ပေ၊ အိမ်ဝင်တံတား ဆောင်ရွက်ခြင်းလုပ်ငန်း ၂၄၀ ပေ ၂ ပေ x ၂ ပေဖြင့်တည်ဆောက်သွားမည်ဖြစ်ပြီး လျာထားငွေကျပ်သိန်း (၁၁၆၂)သိန်း ကုန်ကျမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန်းတင်လမ်းမှ ဗုဒ္ဓတက္ကသိုလ်အဝင်လမ်းခွဲ နေရာမှစ၍ ဗုဒ္ဓတက္ကသိုလ်အထိ အလှူရှင်များမှလှူဒါန်းရရှိသောငွေကျပ် (၃၀၅၂၂၅၄၀၀)ဖြင့် ကွန်ကရစ်လမ်းအရှည် (၇၅၀၀)ပေ၊ အကျယ် (၈)ပေ၊ ထု (၈)လက်မ လမ်းခင်းဆောင်ရွက်နေမှုကို ကြည့်ရှုပြီး၊ ဗုဒ္ဓတက္ကသိုလ်၌ပြုလုပ်သော နိုဝင်ဘာလ(၉)ရက် နေ့တွင် ကျရောက်မည့် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်သာမိ၏မွေးနေ့ပွဲအတွက် အကြိုညှိနှိုင်းဆွေးနွေးရာ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ(၉)ရက်နေ့တွင်ကျင်းပမည်ဖြစ်၍ နိုဝင်ဘာ(၈)ရက်နေ့ နံနက်တွင် ဗုဒ္ဓတက္ကသိုလ်အဝင်လမ်းမှ စ၍ ရေစက်ချအမျှပေးဝေကြမည်ဖြစ်ပြီး၊ ၎င်းလမ်းသည် ဆရာတော်၏မွေးနေ့အမှီဆောင်ရွက်သော်လည်း မပြီးစီး နိုင်သောကြောင့် မေတ္တာပို့ အမျှပေးဝေကာ နိုဝင်ဘာ(၈)ရက်ညတွင် ဗီယက်နမ်နိုင်ငံမှဆရာတော်များက အင်္ဂလိပ်ဘာသာဖြင့် တရား ဟောကြား၍ နိုဝင်ဘာ(၉)ရက်ညတွင် ထိုင်းနိုင်ငံမှဆရာတော်များက ရှမ်းဘာသာဖြင့် တရားဟောကြားကာ နိုဝင်ဘာ(၁၀)ရက်နေ့ နံနက်တွင် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်သာမိမှ ကထိန်တရားနာ ရေစက်ချပြီး၊ နိုဝင်ဘာ(၁၁)ရက်နေ့ညတွင် ဆရာတော်၏တပည့် (၆)ပါးမှ ဂုဏ်ပြုပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 ၀၉၂၅၀၁၃၂၉၄၃

 

မရှိမဖြစ် ကျန်းမာရေးစောင့် ရှောက်မှု လက်လှမ်းမီရေးစီမံချက်အား ထပ်ဆောင်းပံ့ပိုးရန် စီမံချက် လူထုတိုင်ပင်ဆွေးနွေး

တောင်ကြီး အောက်တိုဘာ - ၂၂

253

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ Public Consultations for Additional Financing for Essential Health Services Access Project “မရှိမဖြစ် ကျန်းမာရေးစောင့် ရှောက်မှု လက်လှမ်းမီရေးစီမံချက်အား ထပ်ဆောင်းပံ့ပိုးရန် စီမံချက်” လူထုတိုင်ပင်ဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက် နံနက် ၈ နာရီက တောင်ကြီးမြို့၊ Royal Taunggyi ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အေးချမ်း သာယာပြီး ချမ်းသာကြွယ်ဝသော မြန်မာနိုင်ငံဖြစ်လာရန်၊ နိုင်ငံဖွံ့ဖြိုးပြီး ဆင်းရဲမွဲတေမှုလျော့ကျရန် ပြည်သူများအနေဖြင့် ကျန်းမာကြံ့ခိုင်ရန်လိုအပ်ကြောင်း၊ လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုသည် ကျန်းမာရေးအဆင့် အတန်းတိုးတက်မြင့်မားလာစေရန်နှင့် ဆင်းရဲနွမ်းပါးသူများနှင့် ထိရှလွယ်သူများအပေါ် ငွေကြေးပိုင်းဆိုင်ရာ လျော့ကျစေရန် ဟူသော ကျန်းမာရေးကဏ္ဍ၏ ရည်မှန်းချက်(၂)ရပ်ကို ရောက်ရှိစေရန်ဖြစ်ကြောင်း၊ အမျိုးသားကျန်းမာရေးစီမံကိန်း ၂၀၁၇-၂၀၂၁ မှာ သက္ကရာဇ် ၂၀၃၀ အရောက်တွင် မြန်မာနိုင်ငံရှိလူတိုင်း လက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုသို့ ရောက်ရှိရန် ထပ်လောင်းအားဖြည့်ပေးထားပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအဖွဲ့အနေဖြင့် ကမ္ဘာ့ဘဏ်အဖွဲ့နှင့် လက်တွဲကာ ၂၀၁၅ ခုနှစ်မှစ၍ မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီရရှိရေးစီမံကိန်းကို စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။

ထို့နောက် ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ကမ္ဘာ့ဘဏ်မှ ဒေါက်တာနန်းမိုခမ်းက မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီရရှိရေး၏ ထပ်ဆောင်းငွေကြေးစီမံကိန်းအကြောင်း ရပ်ရွာလူထုအခြေပြု လက်တွဲ ဆောင်ရွက်မှုစီမံကိန်းရေးဆွဲမှု မူဘောင်အကြောင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်များအစီအစဉ်များ တင်ပြဆွေးနွေးခဲ့ကာ တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

 

တောင်ကြီးမြို့၌‌‌ရွေပါရမီစာကြည့်တိုက်ဖွင့်လှစ်

တောင်ကြီး အောက်တိုဘာ   -   ၁၉

248

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်းတွင် အောက်တိုဘာ(၁၉) ရက် နံနက်(၁၀)နာရီက ဆရာတော်အရှင်ဆန္ဒာဓိကမှ ငွေကျပ်(၁၀၈)သိန်းမတည်လှူဒါန်းသော ရွေပါရမီစာကြည့်တိုက် ဖွင့်လှစ် ကြောင်းသိရသည်။

ဆက်လက်၍ တောင်ကြီးမြို့ အောင်မြင်ဘုံစံကျောင်းမှ ဆရာတော်ဉူးခေမာနန္ဒမှ အဖွင့်ဩဝါဒစကားမြွက်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယခုစာကြည့်တိုက်ဖွင့်လှစ်သော အဆောက်အဦမှာ (၁၉၀၅)ခုနှစ် သူဌေးဦးဖိုးကူက လှူဒါန်းခဲ့သော အဆောက်အဦဖြစ်ပြီး ၁၉၃၆-၁၉၃၇ခုနှစ်တွင် ဆရာအတတ်သင်ကျောင်း (ETC)ကျောင်းအဖြစ် အသုံးပြုခဲ့ကြောင်းသိရှိပြီး အမှတ်(၁၁)အ‌ခြေခံပညာအလယ်တန်းကျောင်းအား (၁၉၄၅)ခုနှစ်တွင် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၊ (၁၉၈၆)ခုနှစ်တွင် ကျောင်းအဆင့်တိုးမြင့်ပြီး အမှတ်(၁၁)ရွေပါရမီစာကြည့်တိုက် ဖွင့်လှစ်ရန်အတွက် ဆရာတော်အရှင်ဆန္ဒာဓိကမှ ငွေကျပ်(၁၀၈)သိန်း မတည်လှူဒါန်းခဲ့ပြီး အလှူရှင်ကိုဌေး(စင်ဒရဲလားဆိုင်)မှ ငွေကျပ်သိန်း(၂၀)၊ ကျောင်းသား/သူဟောင်းများမှ ငွေကျပ်သိန်း(၄၀)၊ စုစုပေါင်းငွေကျပ်(၁၆၈)သိန်းဖြင့် မတည်ဆောင်ရွက်ခဲ့ သဖြင့် ရွေပါရမီစာကြည့်တိုက် ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် အထူးဝမ်းမြောက်ပီတိဖြစ်မိပါကြောင်း ပြောကြားသွားသည်။

ထို့နောက် အမှတ်(၁၁)ကျောင်း ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား‌ပြောကြားပြီး ကျောင်းသားကျောင်းသူ ဟောင်းများက စာကြည့်တိုက်ဖြစ်ပေါ်လာပုံနှင့် ရွေပါရမီစာကြည့်တိုက်အတွက် ဝမ်းသာပီတိစကားများ ပြောကြားကြသည်။

၎င်းနောက် ဆရာတော်အရှင်ဆန္ဒဓိကမှ ရွေပါရမီစာကြည့်တိုက်အကြောင်းနှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများကို ရှင်းလင်းပြီး အလှူငွေများ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပေးအပ်လှူဒါန်းပေးခြင်း၊ ရှမ်းပြည်နယ်အမျိုးသမီး‌ရေးရာအဖွဲ့မှ အလှူ‌ငွေကျပ်(၁)သိန်းကို နာယက ဒေါ်နန်းရွေမြင့်နှင့် အဖွဲ့ဝင်များက ပေးအပ်လှူဒါန်းပေးကြရာ အလက(၁၁) ကျောင်းသားဟောင်းမှ လက်ခံရယူပြီး စာကြည့်တိုက်ခန်းမအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် UNHCR ၏မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Johan Cels လက်ခံတွေ့ဆုံ

တောင်ကြီး အောက်တိုဘာ   −   ၂၁

252
 ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးလှဦး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ နှင့်အတူ အောက်တိုဘာ(၂၁)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး ပြည်နယ်ဝန်ကြီးချုပ် (Call)ခန်းမ၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ၏မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Johan Cels အား လက်ခံတွေ့ဆုံကြောင်းသိရသည်။
 ထိုသို့လက်ခံတွေ့ဆုံရာတွင် Mr.Johan Cels သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ UNHCR ၏လုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းရာ မိမိတို့အဖွဲ့အား ကူညီပေးသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြီးခဲ့သည့်လက တိုက်ပွဲရှောင်ပြည်သူများကို သွားရောက်ကြည့်ရှုခဲ့ပြီး ဇူလိုင်လတွင် လားရှိုးမြို့ကို သွားရောက်သည့်နေရာတိုင်း၌ ကူညီပေးခဲ့သည့် ဌာနဆိုင်ရာများကို ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အစိုးရအဖွဲ့နှင့် ပါဝင်ပူးပေါင်းမှု လုပ်ကိုင်နိုင်ရန် စိတ်ဝင်စားပါကြောင်းပြောကြားသွားသည်။
 ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုလို Mr.Johan Cels လာရောက် တွေ့ဆုံသည့်အတွက် ဝမ်းသာပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲရှောင်စခန်းအများဆုံးရှိပြီး လူဦးရေမှာ(၈၀၀၀) နှင့်(၉၀၀၀)ကြားရှိပါကြောင်း၊ ပျံ့နှံ့နေထိုင်မှုကို နောင်ချို၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သိန္နီတို့တွင် တိုက်ပွဲရှောင်စခန်းများဖွင့်လှစ်ထားရှိ ပါကြောင်း၊ စခန်းများကို မူဝါဒနှင့်အညီ အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေး ပြောကြားပြီး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ အသီးသီးဆွေးနွေးကြ၍ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09250132943

ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့(World Stroke Day)အထိမ်းအမှတ်ကျင်းပ

တောင်ကြီး အောက်တိုဘာ-၁၉

247

ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့(Word Stroke Day)အထိမ်းအမှတ်ကို အောက်တိုဘာ(၁၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လေဖြတ်ရောဂါသည် မြန်မာနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်း မှာပါ ဖြစ်ပွားမှုနှုန်း များပြားလာ‌နေသည်ကို‌ တွေ့ရှိရပြီး‌ လေဖြတ်‌ရောဂါ‌ကြောင့် လူမှုဘဝများနှင့် စီးပွား‌ရေးများ ထိခိုက်နစ်နာမှု များပြားသည့်အတွက် လေဖြတ်ရောဂါကိုကာကွယ်ဖို့ရာ အထူးအလေးပေးဆောင်ရွက်ရန် လိုအပ် လျက်ရှိပါသောကြောင့် ကမ္ဘာ့‌လေဖြတ်ရောဂါကာကွယ်ရေးနေ့(World Stroke Day)အထိမ်းအမှတ်အနေဖြင့် ရှမ်းပြည်နယ်တွင် ပထမဆုံးလာရောက်ကျင်းပသည့် အခမ်းအနားဖြစ်ကြောင်း၊ လေဖြတ်ရောဂါကို ပြည်သူများ သတိပြုလာကြရန်နှင့် ကာကွယ်နိုင်စေရန် အချိန်မီထိထိရောက်ရောက် ကုသမှုခံယူနိုင်စေရန်အတွက် အောက်တိုဘာလ (၂၉)ရက်နေ့ကို ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်‌ရေးနေ့အဖြစ် ကမ္ဘာ့ လေဖြတ်‌ရောဂါကာကွယ်‌ရေးအဖွဲ့(World Stroke Organization)မှသတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလေ့ရှိ ကြောင်း၊ ယခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ကျင်းပခွင့်ရသည့်အတွက် ဒေသတွင်းနေ ပြည်သူများအတွက် လေဖြတ်ရောဂါနှင့်ပတ်သက်သော အသိပညာများရရှိပြီး အကျိုးရှိစေမှာဖြစ်၍ လေဖြတ်ရောဂါ၏ ၈၀ရာခိုင်နှုန်းသည် ကာကွယ်လို့ရနိုင်ကြောင်း၊ လေဖြတ်ရောဂါဖြစ်ပွားစေသည့် အခြေခံအ‌ကြောင်းအရင်းများစွာကို ရှာဖွေကုသခြင်း၊ ကျန်းမာရေးနှင့်မညီညွှတ်သော နေထိုင်စားသောက်မှုပုံစံများကို‌ ပြောင်းလဲခြင်းများဖြင့် လေဖြတ်ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါကြောင်း၊ လေဖြတ်ရောဂါဖြစ်ပွားခြင်းသော်လည်း ယနေ့ခေတ်တွင် စနစ်တကျ ဆေးကုသမှုခံယူ ခြင်းဖြင့် လေဖြတ်ရောဂါလူနာများသည် မိမိဘဝလူမှုအသိုင်းအဝိုင်းတွင် ပြန်လည်ရှင်သန်ခွင့်ရှိနိုင်ကြောင်း ပြောကြား သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်မှ အမှာစကား‌ ပြောကြားပြီး မြန်မာနိုင်ငံဆရာဝန်အသင်း ဦးနှောက်နှင့်အာရုံကြောရောဂါ ပညာဆိုင်ရာအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဝင်းမင်းသစ်မှ ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့ ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းကြောင်းသိရ သည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

 

၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တောင်ကြီး  အောက်တိုဘာ -  ၂၁

251
 ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းကို အောက်တိုဘာ ၂၁ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၌ ကျင်းပသည်။
 ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ယနေ့ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉−၂၀၂၀ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်အတွင်း (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်းအပါအဝင်) ဆောင်ရွက်မည့် အဆောက်အဦလုပ်ငန်းများ၊ ကုန်ထုတ်လမ်း/ တံတားလုပ်ငန်း၊ ရေရှိရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါတင်သွင်းသူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက် များနှင့်ပတ်သက်ပြီး ရှင်းလင်းသည့်အခမ်းအနားဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉−၂၀၂၀ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ငွေလုံးငွေရင်းလုပ်ငန်းများဖြစ်သည့် အဆောက်အဦ လုပ်ငန်းများ၊ ကုန်ထုတ်လမ်း/ တံတားလုပ်ငန်း၊ ရေရှိရေးလုပ်ငန်းများအတွက် Lot စုစုပေါင်း(၂၈၁)ခုတို့အား အိတ်ဖွင့်တင်ဒါ ခေါ်ယူရခြင်းဖြစ်ကြောင်း၊ တင်ဒါစနစ်ဆိုသည်မှာ အစိုးရဌာနများနှင့် အဖွဲ့အစည်းအသီးသီးတို့တွင် ဆောင်ရွက်ရန်ရှိသော အဆောက်အဦများ တည်ဆောက်ခြင်း၊ ပစ္စည်းများဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းစသည့် လုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်နိုင်ရန် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပွင့်လင်းမြင်သာစွာခေါ်ယူ၍ တရားမျှတစွာ ရောင်းချသည့်စနစ်ဖြစ်ပါကြောင်း ပြောကြားသည်။
 ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျပ်သန်း(၁၀၀)အထက်လုပ်ငန်းများဖြစ်သည့် အဆောက်အဦလုပ်ငန်း(၁)ခု၊ ကုန်ထုတ်လမ်း/တံတားလုပ်ငန်း(၁၈)ခု၊ ရေရရှိရေးလုပ်ငန်း(၅)ခုတို့အား ၂၀၁၉ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့မှ စတင်ရောင်းချခဲ့ပြီး ရောင်းချမှုကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ပိတ်သိမ်းမှာဖြစ်ပြီး တင်ဒါနောက်ဆုံး တင်သွင်းရမည့်ရက်မှာ ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့ဖြစ်၍ နိုဝင်ဘာလ(၁၃)ရက်နေ့တွင် တင်ဒါဖွင့်လှစ်သွားမည်ဖြစ် ကြောင်း၊ ကျပ်သန်း(၁၀၀)အောက်လုပ်ငန်းများဖြစ်သည့် အဆောက်အဦလုပ်ငန်း(၇)ခု၊ ကုန်ထုတ်လမ်း/တံတားလုပ်ငန်း(၁၂၃)ခု၊ ရေရရှိရေးလုပ်ငန်း(၂၆၉)ခုတို့အား ၂၀၁၉ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့မှ စတင်ရောင်းချခဲ့ပြီး ရောင်းချမှုကို ၂၀၁၉ခုနှစ် အောက်တိုဘာလ(၂၉)ရက်နေ့တွင် ပိတ်သိမ်းမှာဖြစ်ပြီး တင်ဒါနောက်ဆုံး တင်သွင်းရမည့်ရက်မှာ ၂၀၁၉ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ဖြစ်၍ အောက်တိုဘာလ(၃၁)ရက်နေ့တွင် တင်ဒါဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးမောင်မောင်ဝင်းမှ တင်ဒါခေါ်ယူ ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြား၍ တက်ရောက်လာကြသောကုမ္ပဏီများမှ သိရှိလိုသည်များ မေးမြန်းခြင်းနှင့် တာဝန် ရှိသူများမှ ပြန်လည်ဖြေကြားကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09250132943

တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်ကျင်းပ

တောင်ကြီး အောက်တိုဘာ   −   ၁၈

246
 ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝလျှော့ပါးရေးနေ့အဖြစ် အတည်ပြု သတ်မှတ်ပြီး ၎င်းရက်သည် သီတင်းကျွတ်လပြည့်နေ့ အခါသမယဖြစ်သောကြောင့် အောက်တိုဘာလ(၁၃)ရက်နေ့အစား အောက်တိုဘာလ(၁၈)ရက်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်ကျင်းပကြောင်းသိရသည်။
 ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယနေ့အချိန်ကာလသည် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ဆက်စပ်ဖြစ်ပေါ် လာသော ရာသီဥတုဖောက်ပြန်မှု၊ သက်ရှိသက်မဲ့ဂေဟစနစ်များ ဖောက်ပြန်ပျက်စီးလာမှု၊ သစ်တောများပြုန်းတီးမှု၊ ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့များ အလွန်အကျွံတိုးပွားလာမှု၊ စနစ်တကျမရှိသော မြို့ပြလူနေမှုစနစ်များ တိုးပွားလာမှု၊ ဖြစ်ရိုးဖြစ်စဉ် အနေအထားမှ ဖောက်ပြန်ပြောင်းလဲ ဖြစ်ပေါ်နေသော မိုးလေဝသဖြစ်စဉ်များ၏ အကျိုးဆက်အဖြစ် ပြင်းထန်ဆိုးရွားသော သဘာဝ ဘေးအန္တရာယ်များ၏ ခြိမ်းခြောက်မှုကို ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်ကြုံတွေ့နေရသော အချိန်ကာလဖြစ်ပါကြောင်း၊ ၂၀၁၉ခုနှစ်က စပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အဖြစ် အမှီပြောင်းလဲသတ်မှတ်ဆောင်ရွက် ခဲ့တာဖြစ်ကြောင်းနှင့် ယခုနှစ်အတွက် အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ အခိုင်ခံ့ဆုံးတည်ဆောက်စို့” “Build To Last” ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများသည် ကြီးစွာသော အနှောင့်အယှက်အဟန့်အတားသဖွယ် ဖြစ်သည့်အတွက် ဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားနိုင်စွမ်းရှိ၍ ဘေးဖြစ်ပွားမှုများကိုလည်း ထိရောက်စွာ လျှော့ချနိုင်စွမ်း ရှိသော ရှမ်းပြည်နယ်ကြီး ဖြစ်လာစေရေးအတွက် ယနေ့အခမ်းအနားကို တက်ရောက်လာကြသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများအားလုံးနှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသွားသည်။
 ဆက်လက်၍ UNDP ရှမ်းပြည်နယ်တာဝန်ခံ ဦးအောင်လင်းက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ အားဖတ်ကြားပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသော အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့် ကျောင်းသား ကျောင်းသူ (၂၇)ဦးအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတို့မှ အသီးသီးဆုချီးမြှင့်ပေးကြပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဗီဒီယိုပြသကာ ခန်းမအတွင်း ခင်းကျင်းပြသထားသော ဆုရကျောင်းသား ကျောင်းသူများ၏ စာစီစာကုံးများကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရှိရ သည်။
မောင်မောင်သန်း(တောင်ကြီး)
၀၉−၂၅၀၁၃၂၉၄၃

မသန်စွမ်းမှုဆိုင်ရာ ဆွေးနွေးပွဲနှင့် အသိပညာပေးသင်တန်းများ ဖွင့်ပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ   −   ၂၁

250
 လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ) တို့ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ကောက်ယူထားရှိသော မသန်စွမ်းသူများ ဆိုင်ရာသတင်းအချက်အလက်ကို ကွင်းဆင်းလေ့လာ၍ ပြန်လည်မှတ်တမ်းတင်ခြင်း၊ အစီရင်ခံစာများပြုစုတင်ပြခြင်း၊ လုပ်ငန်း များဆောင်ရွက်ရန်ဆွေးနွေးပွဲ၊ မသန်စွမ်းမှုဆိုင်ရာ ဆွေးနွေးပွဲနှင့် အသိပညာပေးပြိုင်ပွဲများဖွင့်ပွဲကို အောက်တိုဘာ(၂၁)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ စိန်ဂျိုးဇက် အောက်မေ့ဘွယ်ဓမ္မာရုံ၌ကျင်းပသည်။
 ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မသန်စွမ်းအခွင့်အရေးများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဒုတိယသမ္မတ ဟင်နရီ ဗန်ထီးယူက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး စုစုပေါင်းအဖွဲ့ဝင်(၅၅)ဦးဖြင့် ၂၀၁၇ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များတွင်လည်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီများကို သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက ဥက္ကဋ္ဌအဖြစ်တာဝန်ယူလျက် ၂၀၁၈ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာကော်မတီအား အဖွဲ့ဝင်(၁၉)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ မသန်စွမ်းသူများကလည်း မသန်စွမ်းသူအသင်းအဖွဲ့များတွင် ဦးဆောင်ပါဝင်လျက် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်အား ၂၀၁၆ခုနှစ် မတ်လတွင် ရွေးကောက်ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀၁၉ခုနှစ် သြဂုတ်လ(၉)ရက်နေ့တွင် ရှမ်းပြည်နယ် မသန်စွမ်းသူများအသင်းအား မဲစနစ်ဖြင့် ရွေးချယ်ကာ အဖွဲ့ဝင်(၁၈)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မတီများကတစ်ဆင့် လူတိုင်းအကျုံးဝင်ဖွံ့ဖြိုးတိုးတက်မှု မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အခွင့်အရေးများကို ပြည့်မီလာစေရန် ဆောင်ရွက် ပေးနိုင်မှာဖြစ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များဆိုင်ရာ ၂၀၃၀ အစီအစဉ်၏ ကတိပြုထားရှိသော မည်သူမှနောက်ကျမကျန်ရစ် စေရေးမူနှင့်အညီ တိုင်းရင်းသားလူမျိုးမသန်စွမ်းသူများ လူနည်းစုမသန်စွမ်းသူများအတွက်ပါ ထည့်သွင်းစဉ်းစားဆောင်ရွက်သွား ရမှာဖြစ်ကြောင်း ပြောကြားသွားသည်။
 ဆက်လက်၍ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ဥက္ကဋ္ဌ ဦးမြတ်သူဝင်းမှ မသန်စွမ်းမှုဆိုင်ရာ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အားပြောကြားပြီး၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)၏ လုပ်ငန်းဆောင်ရွက်နေမှုအား အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကောင်းထက်သာမှ ရှင်းလင်းတင်ပြကာ “နှလုံးသားထက်မြက်သူ” မှတ်တမ်းတင်ဗီဒီယိုခွေပြသ၍ ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ)ဥက္ကဋ္ဌ ဦးမြတ်သူဝင်းမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09250132943

(၂၁)ကြိမ်မြောက် ကမ္ဗောဇသာမဏေ‌ကျော်စာမေးပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ   -   ၂၀

249

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံ၌ အောက်တိုဘာ (၂၀)ရက် နံနက်(၉)နာရီက (၂၁)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော်စာမေးပွဲ ကျင်းပကြောင်းသိရသည်။

အခမ်းအနားကို ဆရာတော်သံဃာတော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်တို့မှ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒစရိယ ကမ္ဗောဇသာမဏေကျော်စာမေးပွဲ ကျင်းပရေးအဖွဲ့၏ ဩဝါဒစရိယအဂ္ဂမဟာပဏ္ဍိတမဟာကမ္မဌာနစရိယ စွန်းလွန်းကျောင်းတိုက် ဦးစီးပဓာန မဟာနာယကဘဒ္ဒန္တအဂ္ဂဓမ္မဘိဝံသအရှင်သူမြတ်ထံမှ ငါးပါးသီလ ဆောက်တည်ကြသည်။

ဆက်လက်၍ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစွန်ကြိုင်က (၂၁)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော်စာမေးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ တင်ပြလျှောက်ထားပြီး အာဂုံနှုတ်ဖြေစာမေးပွဲကျင်းပနိုင်ရန် အာဂုံနှုတ်ဖြေရှင်သာမဏေများနှင့် ကပ္ပိယကာရကလူကြီးများမှ နေရာယူပြီး ပုစ္ဆကဆရာတော်ကြီးများက ဓမ္မသနပလ္လင်နေရာသို့ ကြွရောက်သီတင်းသုံးတော်မူ၍ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ဝင်ဦးသိန်းစိုးက အောင်ပလ္လင်ဖွင့်ဂါထာတော်ဖြင့် အာဂုံ‌ဖြေရှင်သာမဏေများကို ဓမ္မသနပလ္လင် ပေါ်သို့ပင့်ဆောင်ကာ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် စာချဆရာတော်ဘဒ္ဒန္တဉာဏဝံသလင်္ကာရက သာမဏေ ကျော်လောင်းလျာများအား ထီးဖြူတော်ဖွင့်ဂါထာတော်ဖြင့် ပူဇော်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ကနက္တဒဏ်ထီးဖြူတော်များဖွင့်လှစ်ကာ အမွှေးနံ့သာဖြင့် ပက်ဖြန်းပူဇော်ပေး ကြသည်။

ထို့နောက် အလှူငွေများ ပေးအပ်လှူဒါန်းရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေကျပ်သိန်း(၁၀၀)ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် ပေးအပ်၍လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှလှူဒါန်းသော အလှူငွေကျပ် (၁၀)သိန်းကို တိုင်းမှူးမှပေးအပ်လှူဒါန်းပေးရာ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစွန်ကြိုင်မှလက်ခံရယူပြီး အာဂုံနှုတ်မေးခွန်းများ ဖြေဆိုတော်မူ၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

အဆိုပါ (၂၁)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော်စာမေးပွဲတွင် ပထမအဆင့်(၅၃၄)ပါး၊ ဒုတိယအဆင့်(၂၈၀)ပါး၊ တတိယအဆင့်(၁၅၂)ပါး၊ စုစုပေါင်း(၉၆၆)ပါးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှလာရောက်ဖြေဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်ပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

 

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်ပြည်တစ်ခွင်အထိမ်းအမှတ် ကျောင်းအခြေပြုစက်ဘီးစီးနင်း

လားရှိုး အောက်တိုဘာ - ၁၆

244

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အောက်တိုဘာ ၁၆ ရက် နံနက် ၆ နာရီတွင် ၂၀၁၉ခုနှစ် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်ပြည်တစ်ခွင် အထိမ်းအမှတ်ကျောင်းအခြေပြု စက်ဘီးစီးနင်းပွဲကို ကျင်းပခဲ့ ကြောင်းသိရသည်။

အဆိုပါစက်ဘီးစီးနင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်၍ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်မှူးညွန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုခရိုင်အုပ်ချုပ်ရေးမှူးဦးချမ်းမြေ့ထွန်း၊ ဌာနဆိုင်အကြီးအကဲများ၊ လားရှိုးစက်ဘီးစီး အသင်း၊ အခြေခံပညာ ကျောင်းများမှကျာင်းသားကျောင်းသူများ၊ စက်ဘီးစီးဝါသနာရှင်များနှင့်အတူ လားရှိုးမိုတယ်ရှေ့မှစတင်၍ ဘူတာလမ်း၊ လေယာဉ်ကွင်းလမ်း၊ လားရှိုးကြီးမီးပွိုင့်မှတစ်ဆင့် ပြည်ထောင်စု အားကစားပြိုင်ကွင်း လေ့ကျင့်ရေးအားကစားရုံအထိ အင်အားစုစုပေါင်း(၁၆၀)ခန့် စုပေါင်းစက်ဘီး စီးနင်းပွဲသို့ ပါဝင်ဆင်နွဲ ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မောဝ်ချယ်ရီ ခန်းမဆောင်သစ် ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

 

More Articles...

  1. shanstate.gov.mm@gmail.comဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကျင်းပ
  2. တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၁၉)ကျင်းပ
  3. ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
  4. မြန်မာနိုင်ငံအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုအန္တရာယ်ကြောင့် ပြည်သူတို့၏အသက်နှင့် လူမှုစီးပွားဆုံးရှုံးမှု၊ ဒဏ်ရာရရှိမှုများပြား
  5. ကမ္ဘာ့ဆရာများနေ့ တောင်ကြီးမြို့၌ကျင်းပ
  6. ရွှေ(၅)၊ ငွေ(၄)၊ ကြေး(၄)ရရှိအောင် ဆွတ်ခူးပေးနိုင်သည့် အားကစားသမားများကို ဂုဏ်ပြု
  7. ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများညှိနှိုင်းစည်းဝေး ကျင်းပ
  8. ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်တွေ့ဆုံ
  9. အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပ
  10. မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၅၅)နှစ်မြောက် နှစ်ပတ်လည်နေ့ တောင်ကြီးမြို့၌ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 50 guests and no members online

Latest Updates