ရှမ်းပြည်နယ်သတင်းများ

အေးသာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ရွေးချယ်ပွဲ ကျင်းပ

တောင်ကြီး  သြဂုတ်  ၁၈

 

2


ရှမ်းပြည်နယ်၊ အေးသာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ရွေးချယ်ပွဲကို သြဂုတ်(၁၈)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာစက်မှုဇုန်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင် တက်ရောက် အမှာစကားပြောကြားရာ "အေးသာယာစက်မှုဇုန်တွင်ရှိသည့် လုပ်ငန်းရှင်များကို အများဆန္ဒအရ ရွေးချယ်ပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီဝင်များ ရွေးချယ်ခြင်းဖြစ်ကြောင်း၊ စက်မှုဇုန်တွင်ရှိသော အသေးစားနှင့် အလတ်စားလုပ်ငန်းစုများ ဖွံ့ဖြိုးဖြစ်ထွန်းမှုများသည် နိုင်ငံတော်၏ စီးပွားရေးနှင့် မြို့ပြဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ပါကြောင်း၊ ရှမ်းပြည်နယ် အေးသာယာစက်မှုဇုန်ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်မှုလုပ်ငန်းရှင်များနှင့် အသေးစား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းစုများ တိုးတက်ဖွံ့ဖြိုးရန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး စက်မှုဇုန်ကို စနစ်တကျ စုပေါင်းတာဝန်ယူရန်အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းရန် လိုအပ်လာပြီဖြစ်ကြောင်း၊ ဖွဲ့စည်းဆောင်ရွက်ရာမှာ စနစ်တကျဖြင့် ဆောင်ရွက်ပြီး ရေရှည်မှာ ရပ်တည်နိုင်ပြီး၊ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် စိတ်ရင်းစေတနာကောင်းဖြင့် စည်းလုံးညီညာစွာ အလေးထားဆောင်ရွက်ကြရန်" တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍ စီမံခန့်ခွဲရေးကော်မတီဝင်၊ ရွေးချယ်ပွဲကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျမှ ဆန္ဒမဲပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ စက်မှုလုပ်ငန်းရှင်များမှ အများဆန္ဒအရ ရွေးချယ်စုစည်းပေးသည့် ကိုယ်စားလှယ်လောင်း(၃၈)ဦးထဲမှ ကော်မတီဝင်အဖြစ်(၁၅)ဦးကို ရွေးချယ်ဆန္ဒမဲပေးရမည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ အေးသာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဝင်ရွေးချယ်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်မှုဇုန်ကော်မတီဝင်များ၊ စက်မှုလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။


ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ ပန်းတောကျေးရွာ လျှပ်စစ်မီးလင်းရေး ကွင်းဆင်းဆောင်ရွက်

တောင်ကြီး  သြဂုတ်  ၁၈

 

1


ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ ပန်းတောကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် သြဂုတ်(၁၈)ရက်၊ နံနက်(၉)နာရီက ပန်းတောကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ လျှပ်စစ်မီးလင်းရေးကော်မတီအဖွဲ့များ၊ ဒေသခံမိဘပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင် အဖွင့်အမှာစကားပြောကြားရာတွင် " ကျေးရွာတိုင်း၊ ကျေးလက်ဒေသတိုင်း ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေးအတွက်နှင့် ကျေးလက်ဒေသလူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျေးရွာတိုင်းသည် လျှပ်စစ်မီးလင်းမှ TV များ၊ ဂြိုလ်တုစလောင်းများ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း" ပြောကြားသွားသည်။

ဆက်လက်၍ ပန်းတောကျေးရွာမှ ပြည်သူများမှ လိုအပ်ချက်များ တင်ပြရာ " ယခုလက်ရှိ ပန်းတောကျေးရွာတွင် အခြေခံပညာမူလတန်းလွန်ကျောင်း တစ်ကျောင်းသာရှိပြီး မူလွန်ကျောင်းမှ ကျောင်းသား/သူများ အောင်မြင်ပါက အလယ်တန်းအဆင့် တက်ရောက်ရန် အဆင်မပြေဒုက္ခရောက်ကြောင်း၊ အချို့မှာ ကျွဲကျောင်း၊ နွားကျောင်းနေရကြောင်း၊ အပြင်လောကတွင် ပညာမတတ် ယောင်လည်လည်ဖြစ်နေရကြောင်း " ပန်းတောကျေးရွာ ပြည်သူများက တင်ပြကြသည်။

ထို့နောက် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးမှ လိုအပ်ချက်များကို ဖြည့်စွက်မှာကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

အဆိုပါ တောင်ကြီးမြို့နယ်၊ မိုင်းသော်ကျေးရွာအုပ်စု၊ ပန်းတောကျေးရွာ လျှပ်စစ်မီးရရှိရေးတွင် အိမ်ခြေ(၁၅၀)၊ လူဦးရေ(၆၀၀)ရှိပြီး ၂၀၁၃-ခုနှစ် စက်တင်ဘာလတွင် ငွေကျပ် သိန်း(၂၀၀) မတည်၍ နှစ်လတစ်ကြိမ် သိန်း(၂၀၀)သွင်းပြီး လုပ်ငန်းများကို ၂၀၁၃၊ အောက်တိုဘာလတွင် စတင်လုပ်ကိုင်မည်ဖြစ်ပြီး ကုန်ကျငွေကျပ် သိန်း(၆၀၀)ကုန်ကျမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်လွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်(၁၁)ဦးအား ညှိနှိုင်းအစည်းအဝေး ဖိတ်ကြားခြင်း

တောင်ကြီး    သြဂုတ်     ၁၄

 

2

 

   ရှမ်းပြည်နယ်လွှတ်တော်  ဥပဒေရေးရာကိစ္စများ စိစစ်ခြင်း၊ ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်မည်ဖြစ်ပါသည်။

 

   သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်လွှတ်တော် ဉပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များသည် ပြည်နယ်လွှတ်တော်ရုံးသို့ သြဂုတ် လ(၂၆)ရက်နေ့ အရောက် လာရောက်သတင်းပေးပို့ရန် ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ဆောက်လုပ်မည့် မြေနေရာ ကွင်းဆင်းကြည့်ရှု့စစ်ဆေး

တောင်ကြီး   သြဂုတ်   ၁၇

 

4

 

   မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးနှင့် အလားအလာရှိသော မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ အေးသာယာမြို့တွင် အားကစားနည်း(၁၀)နည်းတွင် ကျောင်းသူ/ကျောင်းသား(၁၅၀)ဦး လက်ခံ သင်ကြားနိုင်ရေးအတွက် အဆောက်အဦများ ဆောက်လုပ်နိုင်ရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍရေးနှစ်တွင် ကျပ်သန်း(၁၅၀၀)ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(တောင်ကြီး)တွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ အလားအလာရှိသော မျိုးဆက်အားကစားသမားများကို စိစစ်ရွေးချယ်ပြီး ခေတ်မီအားကစားနည်းစနစ်များ လေ့ကျင့်ပေးခြင်း၊ B.Sc(Sports) ဘွဲ့ရသည့်အထိ အတန်းပညာ သင်ကြားပေးခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး မြင့်မားရေးအတွက် သင်ကြားလေ့ကျင့်ပေးခြင်းများကို အားကစား ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ဘဏ္ဍရေးနှစ်အလိုက် ကျောင်းသူ/ကျောင်းသား(၃၀၀)ဦးအထိ လက်ခံ၍ အားကစားနည်းများ ထပ်မံတိုးမြင့် သင်ကြားလေ့ကျင့်ပေးရန် ရည်ရွယ်ထားပါကြောင်း သိရှိရပါသည်။

 

   ထို့ကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍရေးနှစ်အတွင်း အားကစားသမားများအတွက် အိပ်ဆောင်၊ ထမင်းစားဆောင်၊ စာသင်ဆောင်၊ အားကစားကွင်း/ရုံများ၊ အုပ်ချုပ်ရေးမှူးရုံး၊ ဆေးခန်း၊ စတို၊ ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်နိုင်ရေးအတွက် အားကစားဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲအပ်ပြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၏ လမ်းညွှန်ချက်အရ ပြည်နယ်စီမံကိန်းနှင့် စီပွားရေး ဝန်ကြီး ဦးအောင်ကျော်ညွန့်၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြိုင်၊ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း၊ မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါ၍ သြဂုတ်(၁၇)ရက် နံနက်(၈)နာရီတွင် တောင်ကြီးခရိုင်၊ အေးသာယာမြို့၊ အမှတ်(၁)၊ အကွက်အမှတ်(၈၆)ရှိ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(တောင်ကြီး) ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပမည့်

တောင်ကြီး    သြဂုတ်    ၁၄

 

1

    ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်  သတ္တမပုံမှန်အစည်းအဝေးကို ရှမ်းပြည်နယ်လွှတ်တော်ခန်းမ၌ စက်တင်ဘာ လ (၉)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပသွားမည် ဖြစ်ပါသည်။

 

  ထို့ကြောင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား စက်တင်ဘာ လ (၇)ရက်နေ့ ထက်မစော စက်တင်ဘာ လ (၈)ရက်နေ့ ထက်မနောက်ကျဘဲ ရှမ်းပြည်နယ်လွှတ်တော်ရုံးသို့ သတင်းပို့ရန် ပြည်နယ်လွှတ်တော်ကိုယ်စားများထံ ဖိတ်ကြားစာပေးပို့ထားကြောင်း သတင်းရရှိသည်။

 

ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ ပြည်နယ်တရားရေးဦးစီးမှူးများ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   သြဂုတ်   ၁၆

 

3

 

   ရှမ်းပြည်နယ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ ပြည်နယ်တရားရေးဦးစီးမှူးများ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်(၁၆)ရက် နံနက်(၉))နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် က အဖွင့်အမှာ စကားပြောကြားသည်။

 

   ဆက်လက်၍ ရပ်စောက်မြို့နယ်တရားရုံးမှ ဒုတိယမြို့နယ်တရားသူကြီး ဒေါ်မေလင်းထူးမှ ကျမ်းသစ္စာဆိုပြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကျင်းပသော ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်အပေါ် ပြည်နယ်လွှတ်တော် တရားသူကြီးချုပ်မှ ထပ်ဆင့် ရှင်းလင်းမှာကြားသည်။

 

   ထို့နောက် ပြည်နယ်လွှတ်တော် တရားသူကြီး(၁) ဒေါ်ခင်မေတင့်၊ ပြည်နယ်လွှတ်တော် တရားသူကြီး(၂) ဦးခင်မောင်ဌေးတို့က တရားရေးဆိုင်ရာကိစ္စရပ်များကို အသီးသီးရှင်းလင်းမှာကြားသည်။

 

   ၎င်းနောက် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ချယ်ရီကြည်မှ ရှင်းလင်းမှာကြား၍ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စိုးယုမှ ငွေစာရင်း၊ ထောက်ပံ့ရေးရာကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားကြသည်။

 

   ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာတင်မှ ပြစ်မှု၊ တရားမမှုမှတ်တမ်းများ ဆောင်ရွက်သည့် ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ မှာကြားချက်များကို ဆွေးနွေးတင်ပြပြီး ခရိုင်တရားသူကြီးများနှင့် မြို့နယ်တရားသူကြီးများမှ တင်ပြလိုသည့် အချက်အလက်များ တင်ပြရာ ပြည်နယ်တရားရေးဦးစီးမှူးမှ ပြန်လည်ရှင်းလင်း ပြောကြားသည်။

 

   ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အမေရိကန်နိုင်ငံမှ Dr. John L.Williams ဦးဆောင်သော PEACE CORPS အဖွဲ့ လာရောက်တွေ့ဆုံ

တောင်ကြီး    သြဂုတ်    ၁၄

 

3

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အမေရိကန်နိုင်ငံမှ Dr. John L.Williams ဦးဆောင်သော PEACE CORPS အဖွဲ့သည် သြဂုတ် (၁၄)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

 

   အဆိုပါ တွေ့ဆုံမှုတွင် ရှမ်းပြည်နယ်အစိုး၇အဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဒုတိယရဲမှူး၊ ပြည်နယ်ဒုတိယ လဝကမှူး၊ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် အမေရိကန်နိုင်ငံမှ Dr. John L.Williams ဦးဆောင်သော PEACE CORPS အဖွဲ့(၆)ဦးတို့ တက်ရောက်တွေ့ဆုံကြပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ၂၀၁၃ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

တောင်ကြီး   သြဂုတ်   ၁၅

 

2

 

   ရှမ်းပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ၂၀၁၃ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်(၁၅)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်မန်နေဂျာရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက တက်ရောက်အမှာ စကားပြောကြားသည်။

 

   ဆက်လက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရှမ်းပြည်နယ် လက်ထောက်အထွေထွေမန်နေဂျာ ဦးကျော်သက်မှ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ တင်ပြ၍ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လက်ထောက်အင်ဂျီနီယာ ဦးမြင့်သောင်းမှ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းကိစ္စရပ်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွဲဘင်ပြည်နယ်မန်နေဂျာ ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဘက်ပြည်နယ်မန်နေဂျာ ဦးသိန်းဇော်တို့က ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို အသီးသီးတင်ပြရှင်းလင်းကြသည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူမှ လုပ်ငန်းတင်ပြချက်အပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး၊ နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရှိရသည်။

 

   အဆိုပါ ရှမ်းပြည်နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ၂၀၁၃ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်မန်နေဂျာ၊ ရှမ်းပြည်နယ်(တောင်ပိုင်း/မြောက်ပိုင်း/အရှေ့ပိုင်း) တွဲဖက်ပြည်နယ်မန်နေဂျာများ၊ တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်ရှိ မြို့နယ်များတို့မှ တာဝန်ခံ အင်ဂျင်နီယာများ၊ အရာရှိများနှင့် ဌာနတာဝန်ခံများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

ပြည်နယ်လူမှုရေး ဝန်ကြီး၊ ဆေးတက္ကသိုလ်တည်ဆောက်မည့် မြေနေရာကွင်းဆင်းကြည့်ရှု

တောင်ကြီး  သြဂုတ်  ၁၃

 

1

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်မှူး ဦးအောင်ကြည်ဦး၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာ၊ ပြည်နယ်မှူး ဒေါက်တာ သန်းထွဋ်ဦး၊ တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြိုင်၊ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းတို့ လိုက်ပါလျက် သြဂုတ်(၁၃)ရက်၊ နံနက်(၁၀)နာရီ(၁၅)မိနစ်က တောင်ကြီးမြို့၊ သစ်တောဂိတ်အနီးရှိ  ဆေးတက္ကသိုလ်တည်ဆောက်မည့် မြေနေရာများကို  ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် အဖွဲ့သည် တောင်ကြီးဂေါက်ကလပ်၌ ၂၀၁၃-ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့်  ကမ္ဘောဇ ဂေါက်ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် တောင်ကြီးဂေါက်ကလပ် ဥက္ကဌ ဦးစီလှိုင်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို တွေ့ဆုံပြီး၊ ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲတွင် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးကြ၍ တောင်ကြီးဂေါက်ကလပ်မှ အတွင်းရေးမှူး ဦးကျော်ကျော်လှိုင်မှ ပြိုင်ပွဲအတွင်း တွေ့ကြုံရသည့် အချက်အလက်များ၊ ပြိုင်ပွဲဝင်အသင်းများ၏ကဒ်စနစ်ထားရှိမှုတို့ကို တင်ပြဆွေးနွေးကြရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းမှ လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်း ပြောကြားသွားကြောင်း သတင်းရရှိသည်။

 

တောင်ကြီးတက္ကသိုလ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကာယကြံခိုင်မှု အားကစားပြိုင်ပွဲ ကျင်းပ

တောင်ကြီး   သြဂုတ်   ၁၄

 

1

 

   ရှမ်းပြည်နယ် တောင်ကြီးတက္ကသိုလ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကာယကြံခိုင်မှု အားကစားပြိုင်ပွဲကို သြဂုတ်(၁၄)ရက် နေ့လည်(၁)နာရီက တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍရေးနှင့် အခွန် ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်နှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြိုင်ပွဲဝင်အားကစားမောင်မယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

   အခမ်းအနားတွင် တောင်ကြီးတက္ကသိုလ် ကိုယ်ကာယကြံခိုင်မှု မောင်နှင့်မယ်တို့က ယှဉ်ပြိုင်ကြပြီး၊ ဆုချီးမြှင့်ပွဲကျင်းပရာ ကာယဗလမောင် (ပထမ၊ ဒုတိယ၊ တတိယ)ဆု ရရှိသူများကို ပြည်နယ်ဘဏ္ဍရေးနှင့် အခွန် ဝန်ကြီး ဦးခွန်သိန်းမောင်မှ ဆုချီးမြှင့်ပေး၍သော်လည်းကောင်း၊ ကာယမယ် ပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆု ရရှိသူများကို ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသူများကို တာဝန်ရှိသူများတို့က အသီးသီးဆုများ ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။

 

   အဆိုပါ တောင်ကြီးတက္ကသိုလ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကာယကြံခိုင်မှု အားကစားပြိုင်ပွဲတွင် ကာယဗလမောင်(၈)ဦးနှင့် ကာယမယ်(၁၄)ဦး ပါဝင် ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိသည်။

 

၂၀၁၃-ခုနှစ်၊ ရှမ်းပြည်နယ်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဖွင့်ပွဲကျင်းပ

တောင်ကြီး  သြဂုတ်  ၁၂

 

3

 

   ၂၀၁၃-ခုနှစ်၊ ရှမ်းပြည်နယ်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဖွင့်ပွဲကို သြဂုတ်(၁၂)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ (၅)နှစ်အောက် ကလေးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာ သန်းထွဋ်ဦးမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

 

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကိုယ်ဝန်ဆောင်မိခင်များအား သံဓါတ်အားဆေး၊ B1 အားဆေး၊ အိုင်အိုဒင်းဆားများ ဖြန့်ဝေပေးပြီး၊ (၅)နှစ်အောက် ကလေးများအား ဗီတာမင်အေဆေး တိုက်ကျွေး၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

More Articles...

  1. ရှမ်းပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံး တို့၏၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
  2. ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဂျာမနီနိုင်ငံ KFW အဖွဲ့ တွေ့ဆုံဆွေးနွေး
  3. ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာကိစ္စရပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၅)ပါအခွန်ဆိုင်ရာကိစ္စရပ်များနှင့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
  4. ရှမ်းပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ၂၀၁၃ ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
  5. ရှမ်းပြည်နယ်သာသနာရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ
  6. စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
  7. ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
  8. ပညာရေးဌာန၊ ၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
  9. ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
  10. ရှမ်းပြည်နယ် အင်းလေးဒေသ ဟိုတယ်(၁၄)လုံးမှ မီးသတ်ယာဉ်(၂)စီး နှင့်Trust Fund ပေးအပ်လှူဒါန်းပွဲကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 79 guests and no members online