ရှမ်းပြည်နယ်သတင်းများ

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၃) ဒုတိယနေ့ ကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ၀၅

 

012

 

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၃) ဒုတိယနေ့ကို နိုဝင်ဘာလ(၅)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ (၁၅)ဦး ရှိပြီး အစည်းအဝေးသို့ (၁၂၅)ဦး တက်ရောက်သည်။

 

   ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ကြယ်ပွင့်ပြထားသည့် မေးခွန်း (၁)ခု မေးမြန်းခြင်းနှင့် ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ဖြေကြားခြင်း ပြုလုပ်ခဲ့ပါသည်။ ဆက်လက်ပြီး ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် တင်ပြထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ပါသည်။

 

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၃) ကို နံနက်(၁၀:၃၀)အချိန်၌ ရပ်နားခဲ့ပါကြောင်း သတင်းရရှိသည်။

 

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၃) ပထမနေ့ ကျင်းပ

တောင်ကြီး   နိုဝင်ဘာ  ၀၄

 

006

 

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၃) ပထမနေ့ကို နိုဝင်ဘာ(၄)ရက်၊ နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦးရှိသည့်အနက် ခွင့်ပန်ကြားသူ (၁၆)ဦး ရှိပြီး အစည်းအဝေးသို့ (၁၂၄)ဦး တက်ရောက်ကြပါသည်။

 

008

007 

   ပထမဦးစွာ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌက ကတိသစ္စာမပြုရသေးသော တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁)ဦးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော စည်ပင်သာယာရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသော ဦးစိုင်းလှဝင်း၊ မိုင်းပြင်းမြို့နယ် မဲဆန္ဒနယ်(၂)တို့အား ကတိသစ္စာပြုခြင်း၊ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က လွှတ်တော်သို့ မိန့်ခွန်း ပြောကြားသည်။

 

009

 

010

 

   ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ကြယ်ပွင့်ပြထားသည့် မေးခွန်း(၇)ခု မေးမြန်းခြင်းနှင့် ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ပါသည်။ ဆက်လက်၍ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က လွှတ်တော်သို့ တင်သွင်းခဲ့သည်။

 

   ထို့နောက် ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၃) ပထမနေ့ အစီအစဉ်ကို နေ့လည်(၁၂:၃၀)နာရီတွင် ရပ်နားလိုက်ကြောင်း သတင်းရှိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် CTI Engineering Co.,Ltd.(Janpan)မှ အထူးကိုယ်စားလှယ်များတို့ တွေ့ဆုံ

တောင်ကြီး   အောက်တိုဘာ  ၃၁

 

002

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတို့သည် CTI Engineering Co.,Ltd.(Janpan)မှ အထူးကိုယ်စားလှယ်အဖွဲ့များအား အောက်တိုဘာ(၃၁)ရက်၊ မွန်းလွဲ(၄)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

 

   ထိုသို့ တွေ့ဆုံရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် CTI Engineering Co.,Ltd.(Janpan) မှ အထူးကိုယ်စားလှယ်အဖွဲ့တို့က အင်းလေးကန်ရေရှည်တည်တံ့ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ခေတ်မှီနည်းစနစ် စိုက်ပျိုးရေး စီမံကိန်းကိစ္စရပ်များ အမြန်ဆုံး အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၏ လွိုင်လင်/ ပင်လုံ/ လဲချား မြို့နယ်များသို့ ပညာရေး/ ကျန်းမာရေး ကိစ္စများ သွားရောက်ဆောင်ရွက်ခဲ့သည့် ခရီးစဉ်

တောင်ကြီး   နိုဝင်ဘာ  ၀၂

 

011

 

   ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ဒု-ပြည်နယ်မှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့်အတူ လွိုင်လင်၊ ပင်လုံ၊ လဲချား မြို့နယ်များသို့ ပညာရေး/ကျန်းမာရေး ကိစ္စများ ဆောင်ရွက်ရန်အတွက် (၂-၁၁-၂ဝ၁၃)ရက် စနေနေ့တွင် ခရီးထွက်ခွာခဲ့ကြောင်း သတင်းရရှိပါသည်။

 

   နံနက်(၁ဝ:၃ဝ)အချိန်တွင် လဲချားပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဆရာဝန်နေအိမ်၊ သူနာပြုနေအိမ်၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့်မြေနေရာနှင့် သံဃာဆောင်ရှေ့ မြေဖို့ခြင်း ဆောင်ရွက်မည့်နေရာများကို ကြည့်ရှုစစ်ဆေး၍ ကျန်းမာရေး ဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့ပါသည်။

 

   ဆက်လက်၍ လဲချားအထကကျောင်း၌ ကျောင်းဆောင်သစ်ဆောက်လုပ်မည့် နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

   နေ့လည်(၁:၃ဝ)အချိန်တွင် အဆင့်မြင့်သိပ္ပံနည်းပညာဦးစီးဌာန၊ ပင်လုံကွန်ပျူတာ တက္ကသိုလ်သို့ ရောက်ရှိခဲ့ကြပြီး ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့်နေရာကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအား တွေ့ဆုံမှာကြား ခဲ့ပါသည်။

 

   ထို့နောက် စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ ပင်လုံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ကွန်ကရစ်လမ်းခင်းခြင်း၊ လျှပ်စစ်မီးဓါတ်အားလိုင်းနှင့် ထရန်စဖော်မာ တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုပြီးနောက် ဝန်ထမ်းများကို တွေ့ဆုံမှာကြားခဲ့ပါသည်။

 

   နေ့လည်(၂:၃ဝ)အချိန်၌ လွိုင်လင်ကုတင်(၂ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ကြပြီး တိုးချဲ့လူနာဆောင် ဆောက်လုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

   ထို့နောက် လွိုင်လင်မြို့နယ်၊ ခေါင်းနွဲ့ကျေးလက်ကျန်းမာရေးဌာန (RC) ဆောက်လုပ်မည့် မြေနေရာအား ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လွိုင်လင်မြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ ရုံးစိုက်ရာ တောင်ကြီးမြို့သို့ ညနေ(၅:၃ဝ) အချိန်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

 

အထက်သံလွင်(မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှင်းလင်းခြင်း

တောင်ကြီး   အောက်တိုဘာ  ၃၁

 

001

 

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အောက်တိုဘာ(၃၁)ရက်၊ မွန်းလွဲ(၁)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အထက်သံလွင်(မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှင်းလင်းခြင်း ကျင်းပသည်။

 

   ပထမဦးစွာ International Group of Enterepreneurs Co.,Ltd. ၊ Group Deputy Managing Director ဦးသန်းဝင်းဆွေမှ တွေ့ဆုံရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြ၍ မိတ်ဆက်စကား ပြောကြားသည်။ ဆက်လက်၍ Mr.Lu Guojun (Assistant President of CTGC) မှ စီမံကိန်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေး၍ လည်းကောင်း၊ မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း  Feasibility Study Report ဆောင်ရွက်ထားခဲ့မှု အခြေအနေများနှင့် စီမံကိန်းဆိုင်ရာ ရွေးချယ်သတ်မှတ်မှုများအား ရှင်းလင်း တင်ပြကြသည်။

 

   ထို့နောက် တက်ရောက်လာသူများမှ မေးခွန်း မေးမြန်းခြင်းနှင့် ပြန်လည် ရှင်းလင်းပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ် မြေစာရင်းဦးစီးဌာန အတွင်းရှိ ပြည်နယ်/ခရိုင် နှင့်ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းမှ မြို့နယ်၊ မြို့နယ်ခွဲ မြေစာရင်းဦးစီးဌာနမှူးများနှင့် တွေ့ဆုံပွဲကျင်းပ

တောင်ကြီးမြို့            နိုဝင်ဘာ    ၂

 

005

 

   ရှမ်းပြည်နယ်မြေစာရင်းဦးစီးဌာန အတွင်းရှိ ပြည်နယ်/ခရိုင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းမှ မြို့နယ်၊ မြို့နယ်ခွဲ မြေစာရင်းဦးစီးဌာနမှူးများတွေ့ဆုံပွဲကို နိုဝင်ဘာ(၂)ရက် နံနက်(၁၀)နာရီ (၁၅)မိနစ်က ပြည်နယ်မြေစာရင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြောကြားခဲ့သည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်မြေစာရင်းဦးစီးဌာနမှူး ဦးအောင်ကြည်ဦးမှ လုပ်ငန်းဆောင်ရွက်မှု များရှင်းလင်းတင်ပြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ မြို့နယ်၊ မြို့နယ်ခွဲ ဦးစီးမှူးများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး   အောက်တိုဘာ   ၃၁

 

1031

 

   ရှမ်းပြည်နယ်၊ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ (၃၁)ရက်မွန်းလွဲ(၁)နာရီက ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ အခမ်းအနားတက်ရောက်လာသည့် ပွဲတော်ဖြစ်မြောက်ရေးကော်မတီ အသီးသီးတို့မှ ရငွေ၊ သုံးငွေ၊ ဘဏ္ဍာငွေရသုံးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

 

   အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပွဲတော်ကျင်းပရေး ဆပ်ကော်မတီ အသီးသီးတို့က တက်ရောက်ကြကြောင်းသိရှိရသည်။

 

ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီများ လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ဝ၂

 

004

 

   ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်စည်ပင် သာယာရေးကော်မတီများ လုပ်ငန်းညှ်နိုင်းစည်းအဝေးကို နိုဝင်ဘာ(၂)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ကြီးကြပ်မှုအောက်ရှိ ပြည်နယ်ဌာနခွဲတာဝန်ခံများနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ တာဝန်ခံအင်ဂျင်နီများ တက်ရောက်ကြသည်။

 

   အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေပါ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်မည့်အခြေအနေ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် မူဝါဒများ အား စနစ်တကျလိုက်နာဆောင်ရွက်နိုင်ရေးကိစ္စများ ရှင်းလင်းတင်ပြဆွေးနွေးသည်။

 

   ဆက်လက်၍ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေ အား အကျဉ်းချုပ်တင်ပြဆွေးနွေးပြီး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီများ၏ စည်ပင်သာယာရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာများ ရှင်းလင်းတင်ပြကြသည်။

 

   ထို့နောက် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်းမှ ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေစာအုပ်များအား ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ် တရားရုံးများအတွက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်အား အုပ်ရေ(၇၀)ကိုလည်းကောင်း၊ ပြည်နယ်လွှတ်တော်အတွက် လွှတ်တော် ဒုတိယဥက္ကဌ ဦးစိုင်းခမ်းမှတ်အား အုပ်ရေ(၁၅၀)ကိုလည်းကောင်း၊ ပြည်နယ်/ခရိုင်/မြို့နယ် ဥပဒေရုံးများအတွက် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်အား အုပ်ရေ(၇၀)ကိုလည်းကောင်း ပေးအပ်ခဲ့သည်။

 

   ၎င်းနောက် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ စည်ပင်သာယာရေးဥပဒေနှင့် လုပ်ထုံးလုပ်နည်းစာအုပ်များအား ပေးအပ်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့နယ်စည်ပင်သာယာရေးကော်မတီများ ကိုယ်စား တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစွန်ကြိုင်မှ လက်ခံရယူကြကြောင်း သတင်းရရှိသည်။

 

တောင်ကြီးတက္ကသိုလ် (၃)ထပ်ဆောင်များ ပန္နိက်တင် မင်္ဂလာကျင်းပ

တောင်ကြီး   အောက်တိုဘာ   ၃၁

 

1030

 

   ရှမ်းပြည်နယ်တောင်ကြီးတက္ကသိုလ် (၃)ထပ်ဆောင်များ ပန္နိက်တင် မင်္ဂလာအခမ်းအနားကို အောက်တိုဘာ (၃၁)ရက်နံနက်(၈)နာရီခွဲက အဆိုပါ ကျောင်းဝင်း၌ ကျင်းပရာ အောင်ချမ်းသာကုမ္ပဏီအဆောက်အဦ ပန္နိက်(၅)နေရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့်၊ ဒုတိယပါမောက္ခချုပ် နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက မင်္ဂလာအချိန်ကျရောက်သောအခါ နမောတဿ(၃)ကြိမ်ဖြင့် မင်္ဂလာအခါပေး၍ ရွှေပန္နက်၊ ငွေပန္နက်များကို တစ်ပြိုင်နက်(၉)ချက် အသီးသီးရိုက်သွင်းပေးကြသည်။

 

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများတို့သည် Rising Sun Construction Co;Ltd အဆောက်အဦနေရာသို့ ရောက်ရှိပြီး၊ သတ်မှတ်နေရာတွင် အသီးသီးနေရာယူ၍ မင်္ဂလာအချိန်ကျရောက်သောအခါ နမောတဿ(၃)ကြိမ်ရွက်ဆိုကာ ရွှေပန္နက်၊ ငွေပန္နက်များကို တစ်ပြိုင်နက်(၉)ချက် ရိုက်သွင်းပေးကြပြီး၊ အမွှေးနှံ့သာရည်များ၊ ပက်ဖျန်းကာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ရတနာရွှေမိုးငွေမိုးများ၊ ပက်ကြဲပေးကြသည်။ 

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ အောင်ချမ်းသာကုမ္ပဏီ၊ Rising Sun ကုမ္ပဏီ၊ ပြည့်ဝခိုင်မာကုမ္ပဏီတို့မှ တာဝန်ရှိသူများ၊ တိုင်းရင်းသူများ၊ အင်ဂျင်နီယာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြပြီး တောင်ကြီးတက္ကသိုလ် (၃)ထပ် RC စာသင်ဆောင်အကျယ်အဝန်းမှာ အလျား(၁၉၃)ပေ၊ အနံ(၁၃၈)ပေရှိပြီး၊ စီမံကိန်းကာလ(၆)လအတွင်း စာသင်ဆောင်(၃)ဆောင်ကို ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း သိရှိရသည်။

 

ပန္နရသမအကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲ စာအောင်ဘွဲ့နှင်းသဘင်

တောင်ကြီး   နိုဝင်ဘာ   ၀၁ 

 003

 

   ပန္နရသမအကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲ စာအောင်ဘွဲ့နှင်းသဘင်အခမ်းအနားကို နိုဝင်ဘာ(၁)ရက် မွန်းလွဲ(၁)နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အတုလမာလရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရား၊ မြို့လယ်ဓမ္မာရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် အမှူးပြုသော ဧည့်ပရိသတ်တို့က နမောတဿ(၃)ကြိမ် ဘုရားကန်တော့ပြီး အခမ်းအနားကို ဖွင့်လှစ်၍ နိုင်ငံတော်သြဝါဒ စရိယအဂ္ဂမဟာပဏ္ဍိတမဟာကမ္မဌာနစရိယ စွန်းလွန်းကျောင်းတိုက်ဦးစီးပဓါန မဟာနယက ဘန္ဒန္တ အဂ္ဂဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူတော်မူ ဆောက်တည်ကြသည်။

 

   ဆက်လက်၍ မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့ ဥက္ကဌ ဦးစွန်ကြိုင်က ပန္နရသမအကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲကျင်းပအောင်မြင်မှု အခြေအနေများကို တင်ပြလျှောက်ထားသည်။

 

   ထို့နောက် ကမ္ဗောဇသာမဏေကျော်  ''သာမဏေကျော်""များကို ဘွဲ့ပုံတော်နှင့် ဘွဲ့တံဆိပ်တော်၊ ဘွဲ့အလံတော်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဆက်ကပ်ပြီး၊ စာမေးပွဲအဆင့် အလိုက် အောင်လက်မှတ် စာအောင်ဆုများကိုလည်း ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူတို့က ဆက်ကပ်ကြသည်။

 

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်သြဝါဒ စရိယအဂ္ဂမဟာပဏ္ဍိတမဟာကမ္မဌာနစရိယ စွန်းလွန်းကျောင်းတိုက်ဦးစီးပဓါန မဟာနယက ဘန္ဒန္တ အဂ္ဂဓမ္မာဘိဝံသ အရှင်သူမြတ်ထံ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွင်းချအမျှပေးဝေကြသည်။

 

   ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရတိဌတု ဂါထာတော်(၃)ကြိမ်ရွက်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဧည့်ပရိသတ်တို့က ဆရာတော်သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။

 

   ပန္နရသမအကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ စာဖြေ သံဃာတော်ပေါင်း(၆၇၄)ပါး၊ စာဖြေအောင်မြင် သံဃာပေါင်း(၂၃၇)ပါးဖြစ်ပြီး၊ အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၃) ခေါ်ယူ ကျင်းပမည်

တောင်ကြီး  အောက်တိုဘာ  ၃၀

 

Hluttaw

 

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၃)ကို ရှမ်းပြည်နယ်လွှတ်တော် ခန်းမ၌ (၄.၁၁.၂၀၁၃)ရက်နေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသွားမည် ဖြစ်ပါသည်။ 

 

   ထို့ကြောင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား (၂.၁၁.၂၀၁၃)ရက်နေ့ထက်မစော (၃.၁၁.၂၀၁၃)ရက်နေ့ထက် နောက်မကျဘဲ ရှမ်းပြည်နယ်လွှတ်တော်ရုံးသို့ သတင်းပို့ရန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံ ဖိတ်ကြားစာပေးပို့ ထားကြောင်း သတင်းရရှိသည်။

 

More Articles...

  1. ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၏ (၂၆-၁ဝ-၂ဝ၁၃)ရက်နေ့ ဆီဆိုင်မြို့နယ် ပညာရေး/ ကျန်းမာရေး ကိစ္စရပ်များ ဆောင်ရွက်ရန် သွားရောက်ခဲ့သည့် ခရီးစဉ်
  2. ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ သြဝါဒခံယူ
  3. ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ပအိုဝ်း၊ ဓနု) နှင့် ညောင်ရွှေမြို့နယ်တို့မှ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များနှင့် တွေ့ဆုံ
  4. အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ မူလကိန်းဝပ်စံပယ်တော်မူသည့် ရတနာစံကျောင်းတော်ကြီးပေါ်သို့ ပြန်လည်ကြွဝင်
  5. ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၏ (၁၆-၁ဝ-၂ဝ၁၃)မှ (၁၈-၁ဝ-၂ဝ၁၃) ရက်နေ့ထိ ကျိုင်းတုံဒေသသို့ ပညာရေး/ ကျန်းမာရေး ကိစ္စရပ်များ ဆောင်ရွက်ရန် သွားရောက်ခဲ့သည့် ခရီးစဉ်
  6. (၁၃၇၅)ခု၊ ၂၀၁၃ ခုနှစ် တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
  7. နမ့်ခမ်းမြို့ ဗုံးပေါက်ကွဲမှုကြောင့် အသက်ပေးဆပ်ခဲ့ရသော စည်ပင်ဝန်ထမ်းအား နာရေးကူညီ ထောက်ပံ့
  8. ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ မူလရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ
  9. ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် UNDP မှ တာဝန်ရှိသူများ တွေ့ဆုံ
  10. တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော် စကျင်ကျောက်သား ရွှေဗုဒ္ဓခြေတော်ရာပါဒစေတီပလ္လင်တော်အတွင်း ဌာပနာပစ္စည်းများ ထည့်သွင်းတင်လှူပူဇော်ခြင်း ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 486 guests and no members online

Latest Updates