ရှမ်းပြည်နယ်သတင်းများ

အင်းလေးဖော်တော်ဦး ရုပ်ရှင်တော်မြတ်များ ညောင်ရွှေမြို့၊ အဌဒိဿဓမ္မဝိဟာရ ကျောင်းတော်ကြီးသို့ ကြွချီအပူဇော်ခံ

တောင်ကြီး   အောက်တိုဘာ  ၁၁

 

1012

 

   အင်းလေးဖော်တော်ဦး ရုပ်ရှင်တော်မြတ်များ ညောင်ရွှေမြို့၊ အဌဒိဿဓမ္မဝိဟာရ ကျောင်းတော်ကြီးသို့ ကြွချီအပူဇော်ခံခြင်း အခမ်းအနားကို အောက်တိုဘာ(၁၁)ရက်၊ နံနက်(၉)နာရီက ဖောင်တော်ပြန်ဧည့်ရိပ်သာတွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာ ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

   အင်းလေးဖော်တော်ဦး ရုပ်ရှင်တော်မြတ်များသည် ဖော်တော်ဆိပ်ပြဿဒ်ဆောင်သို့ ကြွချီလာရာ ကရဝိတ်ဖော်တော်ပေါ်မှ ဘော်ယာဉ်ပေါ်သို့ ပင့်ဆောင်ရာ ပထမကိုယ်စားတော်မြတ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီးတို့က ပင့်ဆောင်၍ လည်းကောင်း၊ ဒုတိယကိုယ်စားတော်မြတ်ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က ပင့်ဆောင်၍ လည်းကောင်း၊ တတိယကိုယ်စားတော်မြတ်ကို ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့် တာဝန်ရှိသူများက ပင့်ဆောင်၍ လည်းကောင်း၊ စတုတ္ထကိုယ်စားတော်မြတ်ကို ပြည်နယ်/ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ပင့်ဆောင်ကြသည်။

 

   ထို့နောက် အင်းလေးဖော်တော်ဦး ရုပ်ရှင်တော်မြတ်များ ဘော်ယာဉ်ဖြင့် ကြချီရာ ဒေသခံပြည်သူများ၊ ဘုရားဖူးလာဧည့်ပရိတ်သတ်များက ဘော်ယာဉ်ကြိုးဆွဲ၍ ညောင်ရွှေမြို့တွင်းသို့ တစ်ပတ်လှည့်လည် အပူဇော်ခံသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူတို့သည် ဖောင်တော်ပြန်ဧည့်ရိပ်သာသို့ ပြန်လည်ထွက်ခွာလာပြီး၊ အင်းသားရိုးရာလှေပြိုင်ပွဲ အမျိုးသား(၄၆)တက် အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်အဖြစ် ရေသာကုန်းကျေးရွာအသင်းနှင့် အိုင်ထောင့်ကြီးကျေးရွာအသင်း၊ ဒုတိယပွဲစဉ်အဖြစ် ဝမ်းဘဲအင်းကျေးရွာအသင်းနှင့် ကေလာကျေးရွာ အသင်း၊ အမျိုးသားရာကျော်လှေ အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်အဖြစ် အိုင်ထောင့်ကြီးကျေးရွာအသင်းနှင့် ရွှေပြည်သာတက်ကျေးရွာအသင်း၊ ဒုတိယပွဲစဉ်အဖြစ် လယ်သစ်(အ)ကျေးရွာနှင့် မင်းချောင်း(ရှေ့)ကျေးရွာအသင်း၊ အမျိုးသမီး(၂၆)တက် ဗိုလ်လုပွဲစဉ်အဖြစ် အိုင်ထောင့်ကြီးကျေးရွာအသင်းနှင့် မိုင်းသောက်ကျေးရွာအသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

 

   ၎င်းနောက် ဆုချီးမြှင့်ပွဲ ကျင်းပရာ အင်းသားရိုးရာဆွမ်းပို့လှေအဖွဲ့(၁) (၂) (၃)တို့အား ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်တရားလတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်တို့က ဆုချီးမြှင့်၍ လည်းကောင်း၊ ယဉ်ကျေးမှုအဖွဲ့အား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် လှေယာဉ်အဖွဲ့အား စစ်ဦးစီး ဗိုလ်မှူးကြီး မိုးကျော်သူ တို့က ချီးမြှင့်၍ လည်းကောင်း၊ အမျိုးသား(၄၆)တက် နှစ်သိမ့်ဆုရအသင်းအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးတို့မှ လည်းကောင်း၊ အမျိုးသားရာကျော်လှေပြိုင်ပွဲ နှစ်သိမ့်ဆုရအသင်းကို ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊  ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီးတို့မှ လည်းကောင်း၊  အမျိုးသမီး(၂၆)တက်လှေပြိုင်ပွဲ ပထမဆုနှင့် ဒုတိယဆုရအသင်းတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဇနီး ဒေါ်ဖြူဖြူညွန့်မှ ဆုချီးမြှင့်၍ လည်းကောင်း၊ အမျိုးသား(၄၆)တက်လှေပြိုင်ပွဲ ပထမဆုရ အိုင်ထောင့်ကြီးအသင်းနှင့် ဒုတိယဆုရ ဝမ်းဘဲအင်းအသင်းတို့ကို ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးတို့မှ လည်းကောင်း၊ အမျိုးသားရာကျော်လှေပြိုင်ပွဲ ပထမဆုရ လယ်သစ်အောက်အသင်းနှင့် ဒုတိယဆုရ အိုင်ထောင့်ကြီးအသင်းတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တို့က ဆုများ အသီးသီး ချီးမြှင့်ပေးကြသည်။

 

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူတို့သည် ဖော်တော်ပြန်ဧည့်ရိပ်သာမှ အဌဒိဿဓမ္မဝိဟာရ ကျောင်းတော်ကြီးသို့ ရောက်ရှိပြီး ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းများ ဆက်ကပ်ပူဇော်ကြပြီး၊ စံကျောင်းတော်ကြီးတွင် ဆရာတော်၊ သံဃာတော်များမှ ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များအား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ဆက်ကပ်ပူဇော်ကြသည်။

 

   ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူတို့သည် ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များအား ရွှေသင်္ကန်း ဆက်ကပ်ပူဇော်ကြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ တာဝန်ရှိသူတို့သည် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ် (၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဒုတိယအကြိမ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး   အောက်တိုဘာ   ၁၀

 

1011

 

   ရှမ်းပြည်နယ် (၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဒုတိယအကြိမ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲကို အောက်တိုဘာ (၁၀)ရက် မွန်းလွဲ(၃)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းတို့က ပြိုင်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ အခြေခံပညာအဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ်ထိ အမျိုးသမီးကာလပေါ် အဆိုပြိုင်ပွဲများ စတင် ယှဉ်ပြိုင်ကြသည်။

 

   (၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဒုတိယအကြိမ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အနုပညာရှင်များ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် AMATA ကုမ္ပဏီအဖွဲ့ တွေ့ဆုံ

တောင်ကြီး  အောက်တိုဘာ  ၀၃ 

 1004

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အောက်တိုဘာ(၃)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ထိုင်းနိုင်ငံ၊ AMATA ကုမ္ပဏီအဖွဲ့ Mr.Vikrom Kromadit - Chairman ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည်။

 

   တွေ့ဆုံမှုတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က တွေ့ဆုံမိတ်ဆက်စကား ပြောကြားပြီး၊ Mr.Vikrom Kromadit - Chairman မှ စိုက်ပျိုးရေးလုပ်ငန်းနှင့် စက်ရုံတည်ဆောက်မှုလုပ်ငန်းတို့ကို ရှင်းလင်းဆွေးနွေးသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ရှမ်းပြည်နယ်စိုက်ပျိုးမြေ၊ ရိုးရာယဉ်ကျေးမှု၊ ရာသီဥတု တောတောင်ရေမြေ အနေအထားတို့ကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြပြီး၊ တွေ့ဆုံမှုကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပြီး၊ အမှတ်တရ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးကြကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၃) ကျင်းပ

တောင်ကြီး   အောက်တိုဘာ   ၁၀ 

 1009

 

   ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၃) အခမ်းအနားကို အောက်တိုဘာ (၁၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်  ဦးစဝ်အောင်မြတ် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူမှ မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ရှမ်းပြည်နယ်မြေအသုံးချမှုနှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

 

   ၎င်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက သိလိုသည့်များကို မေးမြန်းကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၃) အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်/မြို့နယ်ခွဲ တို့မှ အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အထောက်အကူပြုကော်မတီများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ (၅/၂၀၁၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း

တောင်ကြီး   အောက်တိုဘာ  ၀၂

  

1003

 

   ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့နှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်(၈)ရပ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ (၅/၂၀၁၃)ကြိမ်မြောက် အစည်းအဝေးအား (၂.၁၀.၂၀၁၃) ရက်နေ့ (၁၁၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

 

   အစည်းအဝေးတွင် သမဝါယမလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် သမဝါယမအသင်းများရှင်သန် အောင်မြင်ရေး အတွက် ပံ့ပိုးချေးငွေများအား စဉ်ဆက်မပြတ် ထုတ်ပေး နိုင်ရေး၊ ပံ့ပိုးချေးငွေများအား တင်ပြထားသည့် ဦးစားပေးအစီအစဉ်အတိုင်း ထုတ်ချေးပေးနိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများအား အပြည့်အဝ ပံ့ပိုးပေးနိုင်ရေး၊ သမဝါယမ ပညာပေးရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အသင်းသူ အသင်းသားများလိုအပ်သည့် ပစ္စည်းများအား အရစ်ကျစနစ်ဖြင့် ပံ့ပိုးပေးနိုင်ရန် စာရင်းများ စနစ်တကျ ကောက်ခံပြုစုရေး၊ တောင်သူလယ်သမားများအတွက် ဓါတ်မြေသြဇာများ ပံ့ပိုးပေးနိုင်ရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် လယ်ယာ စိုက်ပျိုးရေး သမဝါယမအသင်းများအား ပညာပေးဆွေးနွေးရေး၊ စံပြအနေဖြင့် ရပ်စောက်မြို့နယ်ရှိ ရောင်ခြည်ဦး လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းအား စက်မှုလယ်ယာ အဖြစ် အဆင့်မြှင့်တင်နိုင်ရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပြီး ဌာနဆိုင်ရာများမှ လိုအပ်သည်များ ပံ့ပိုး၍ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးတို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ 

 

   သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကြီးကြပ်ပြီး ပြည်နယ်သမဝါယမဦးစီးဌာနမှ ကြီးမှူး၍ (၁.၁၀.၂၀၁၃)မှ (၅.၁၀.၂၀၁၃)ထိ ဖွင့်လှစ်သော စာရင်းရေး၊ စာရင်းကိုင်၊ စာရင်းစစ် သင်တန်းအမှတ်စဉ်(၃/၂၀၁၄)တွင် တက်ရောက် နေသော မြို့နယ်(၂၅)မြို့နယ်မှ သမဝါယမ ဦးစီးဌာနမှ ဝန်ထမ်းများ၊ သမဝါယမ အသင်းအဆင့်ဆင့်မှ ဝန်ထမ်းများ၊ အမှုဆောင်များ စုစုပေါင်း (၅၆)ဦး အတွက် လိုအပ်သော အုပ်ချုပ်မှုကိစ္စများ ပြည့်စုံစွာ ဆောင်ရွက်ပေးရေး၊ သင်တန်း ဖွင့်လှစ်ရာတွင် အကျိုးရှိစေရေးအတွက် စနစ်တကျ သင်ကြားပို့ချရေးတို့အား မှာကြားခဲ့ပါသည်။

 

ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ညွန့်၊ သမဝါယမ စာရင်းရေး၊ စာရင်းကိုင်၊ စာရင်းစစ်သင်တန်း သင်တန်းဆင်းပွဲသို့ တက်ရောက်

တောင်ကြီး အောက်တိုဘာ ၀၇

 

10006

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့်သည် (၅.၁၀.၂၀၁၃)ရက်နေ့ (၁၅၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်သမဝါယမသင်တန်းကျောင်း၊ တောင်ကြီးမြို့ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်၊ စာရင်းစစ်သင်တန်း အမှတ်စဉ်(၃/၂၀၁၃-၂၀၁၄)သင်တန်းဆင်းပွဲသို့  ရှမ်းပြည်နယ်(တောင်ပိုင်း/အရှေ့ပိုင်း) သမဝါယမအသင်းစုချုပ် ဥက္ကဌ များ၊ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ သမဝါယမအသင်း အဆင့်ဆင့်မှ အမှုဆောင်များ၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

 

   သင်တန်းဆင်းပွဲ၌ ပြည်နယ်ဝန်ကြီးမှ အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံ၌ ဆင်းရဲမှုရာခိုင်နှုန်းမှာ (၂၆%)ခန့် ရှိကြောင်း၊ ထိုဆင်းရဲမှုရာခိုင်နှုန်းအား လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ရာတွင် သမဝါယမ၏ အနှစ်သာရ ဖြစ်သော စုပေါင်းစွမ်းအားဖြင့် ဖြေရှင်းနိုင်ရန် သမဝါယမကဏ္ဍမှ ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မိမိတို့သမဝါယမအနေဖြင့် ကျေးလက်၊ မြို့ပြရှိ ဆင်းရဲနွမ်းပါးသူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် ဆင်းရဲ၊ ချမ်းသာမရွေး လူတန်းစား အလွှာအသီးသီး ပါဝင်သော သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်လျက် ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးနေပါကြောင်း၊ အသင်း/အဖွဲ့အစည်းများတွင် လုပ်ငန်းတစ်ခုဆောင်ရွက်ပါက စာရင်းဇယား ရေးဆွဲ ထိန်းသိမ်းခြင်း၊ စစ်ဆေးခြင်းများသည် အရေးကြီးပါကြောင်း၊ စာရင်းဇယားများ မှန်ကန်မှသာ လုပ်ငန်း၏ အားသာချက် အားနည်းချက်များကို သိရှိပြီး မှန်ကန်သော လမ်းကြောင်းအပေါ် လျှောက်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုကဲ့သို့ သမဝါယမစာရင်းရေး၊ စာရင်းကိုင်၊ စာရင်းစစ်သင်တန်းများကို ဖွင့်လှစ်ပြီး ဦးစီးဌာနမှ ဝန်ထမ်းများ၊ အသင်းအဆင့်ဆင့်မှ ဝန်ထမ်းနှင့်အမှုဆောင်များအား သင်တန်းတက်ရောက်စေ၍ မိမိတို့သမဝါယမ လုပ်ငန်းများ၊ အသင်းများတွင် စာရင်းများ မှန်မှန်ကန်ကန် ရေးဆွဲနိုင်ပြီး စစ်ဆေးနိုင်စေရေး သင်ကြားပေးရခြင်း ဖြစ်ကြောင်း၊ လူတန်းစား အလွှာအသီးသီးမှာ ပါဝင်နေသော သမဝါယမအသင်းများအနေဖြင့် ပွင့်လင်းမြင်သာမှု ရှိမှသာ ပြည်သူလူထု၏ အားကိုးယုံကြည်မှုကို ရရှိမည်ဖြစ်သဖြင့် စာရင်းများကို စနစ်တကျ ရေးဆွဲပြုစုတတ်စေရန် ရည်ရွယ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ ပို့ချလိုက်သည့် သင်ခန်းစာများကို မေ့မေ့လျော့လျော့ မနေပဲ မိမိတို့ဌာန၊ အသင်းများသို့ ပြန်ရောက်ပါက On the job training ပုံစံမျိုးဖြင့် ဆက်လက်လေ့လာ၍ အလုပ်လုပ်ရင်း တိုးတက်ရန် လုပ်ဖို့လိုကြောင်း၊ ထိုမှတဆင့် မိမိ၏ လုပ်ဖော်ကိုင်ဖက်များအား ပြန်လည်ဆင့်ပွား ပြသ ပေးဖို့လိုကြောင်း၊ သို့မှသာ မိမိလည်းကျွမ်းကျင်၊ သမဝါယမပညာရပ်များလည်း ပြန့်ပွားသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ သမဝါယမအသင်းများ ဒီထက်မက အောင်မြင်ရေး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့အား အတ္တဟိတ၊ ပရဟိတ မျှတစွာဖြင့် ယခုထက်ပို၍ ကြိုးစားကြရန် လိုကြောင်း မှာကြားခဲ့ပါသည်။

 

   ၎င်းနောက် သင်တန်းဆင်းလက်မှတ်များအား ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း/အရှေ့ပိုင်း) သမဝါယမအသင်းစုချုပ် ဥက္ကဌ တို့မှ ဆုရ သင်တန်းသားများကို အသီးသီးဆုချီးမြှင့်ပေးခဲ့ပါသည်။

 

   သမဝါယမ စာရင်းရေး၊ စာရင်းကိုင်၊ စာရင်းစစ် သင်တန်းအမှတ်စဉ်(၃/၂၀၁၃-၂၀၁၄)အား သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကြီးကြပ်၍ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ကြီးမှူးပြီး (၁.၁၀.၂၀၁၃)မှ (၅.၁၀.၂၀၁၃)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်းသို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၂၅) မြို့နယ်မှ သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ သမဝါယမအသင်းအဆင့်ဆင့်မှ ဝန်ထမ်းများ၊ အမှုဆောင်များ၊ စုစုပေါင်း (၅၆)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပ

တောင်ကြီး   အောက်တိုဘာ  ၀၁

 

1002

 

   ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွက်အိုများနေ့ကို အောက်တိုဘာ (၁)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ အတုလမာလာစိန် မြို့လယ်ဓမ္မာရုံ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြန်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက်အမှာစကားပြောကြားရာ " မိဘဘိုးဘွား သက်ကြီးရွယ်အိုတွေကို ရိုရိုသေသေ လေးလေးစားစားလုပ်ကျွေးပြုစု စောင့်ရှောက်ခြင်းဟာ ကျွန်တော်တို့ မြန်မာတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုဓလေ့တစ်ခု ဖြစ်ပါကြောင်း၊ ရိုသေမြတ်နိုးစွာ လုပ်ကျွေးပြစုကြဖို့ ဆိုဆုံးမထားတဲ့ နီတိတွေ၊ ဆုံးမစာ တွေဟာလည်း မြန်မာလူ့ဘောင်ရဲ့ ဒဿနတွေအဖြစ်၊ အခိုင်အမာတည်ရှိခဲ့ပါကြောင်း၊ အိုမင်းမစွမ်းဖြစ်လာတဲ့ မိအိုဖအိုနဲ့ အဘိုးအဘွားတွေကို သားသမီးမြေးမြစ်လူငယ်တွေက ချစ်ခင်မြတ်နိုး ဂူပုထိုးသို့ ရိုကျိုးလေးစားစွာ ကျွေးမွေးစောင့်ရှောက်ကြတာ မြန်မာတို့ရဲ့ ယဉ်ကျေးသော ဓလေ့စရိုက်တွေ ဖြစ်ပါကြောင်း၊ ဘိုးစဉ်ဘောင်ဆက် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားလာခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်းအခုလို ဂုဏ်ယူဝံ့ကြွားစွာကျင်းပခြင်းလည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုစောင့်ရှောက်ရေး သမိုင်းမှာ ခြေလှမ်းသစ်တစ်ရပ်သို့ ကမ္ပည်းတင်ရမည်" "အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းစီမံကိန်းကြီးအောင်မြင်ရေးအတွက်" ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီပေးကြပါလို့ တိုက်တွန်းပြောကြားသွားသည်။

 

   ဆက်လက်၍ ရပ်စောက်မြို့ သုခကာရီ ဘိုးဘွားရိပ်သာရှိ ဘိုး/ဘွားများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ အလှူငွေများ လှူဒါန်းရာ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက အလှူငွေ တစ်သိန်းပေးအပ်ရာ ရပ်စောက်မြို့ သုခကာရီ ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးထွန်းဦးမှ လက်ခံရယူသည်။

 

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဘိုးဘွားများအား ဂါရဝလက်ဆောင်များ ပေးအပ်ပြီး အဘိုးအဘွားများ ကိုယ်စား အဘိုး ဦးသိန်းညွှန့်က ဆုတောင်းမေတ္တာပို့သ၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် (၈၇)နှစ်အထက် အဘိုး(၃၄)ဦး၊ အဘွား(၄၄)ဦး၊ စုစုပေါင်း(၇၈)ဦး တက်ရောက်ပြီး တက်ရောက်သည့် အဘိုးအဘွားများကို တစ်ဦးလျှင် (၂၀၀၀၀)ကျပ်စီနှင့် မတက်ရောက်နိုင်သည့် အဘိုးအဘွားများကို တစ်ဦးလျှင်(၁၅၀၀၀)ကျပ်နှုန်းဖြင့် ဂါရဝလက်ဆောက်ပေးအပ်ပြီး၊ ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်ရေးမှူးမှ ဘိုးဘွားများအား အဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများအား လှူဒါန်းငွေမှာ ငွေကျပ်(၃၈၇၉၂၀၀)(သုံးဆယ့်ရှစ်သိန်းခုနှစ်သောင်းကိုးထောင်နှစ်ရာကျပ်) ဆေးတန်ဖိုးမှာ ငွေကျပ်(၄၅၇၅၀၀)(လေးသိန်းငါသောင်းခုနှစ်ထောင်ငါးရာကျပ်)ဖြစ်ပြီး၊ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကန်တော့ခံဘိုး/ဘွားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

ပြည်နယ်ဝန်ကြီး ဦးစိုင်းလှဝင်း တောင်ကြီးမြို့ပေါ်ရှိ ရေထွက်/ရေကန်များ၏ ရေစုဆောင်းထားရှိမှု အခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး   အောက်တိုဘာ  ၀၇

 

10007

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် တောင်ကြီးခရိုင်/မြို့နယ်မှ တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာ(၂)ရက်နေ့တွင် တောင်ကြီးမြို့ပေါ်ရှိ ရေထွက်/ရေကန်များ၏ ရေစုဆောင်းထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

   တောင်ကြီးမြို့ပေါ်သို့ ရေပေးဝေလျှက်ရှိသော ထီသိမ်ကန်၊ ထီသိမ်ရေကူ ရေလှောင်တမံ၊ မြကန်သာ၊ ဂနိုင်ကန်၊ တောင်ကျောင်းကြီးရေထွက်၊ ပါမိုးနဲရေထွက်၊ ထီသိမ်ကျောက်တန်းရေထွက်၊ ဘဲဥကန်၊ ပွိုင့်(၄)ရေစက်ရုံ၊ ရေထွက်ဦးရေကန်တို့နှင့် တိုးချဲ့ရေပေးရေး ဆောင်ရွက်လျှက်ရှိသော နားယောင်းရေထွက်၊ ဆင်နှစ်ကောင်ရေစုကန်၊ ရန်ကင်းတောင်ရေစုကန်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ အေးသာယာမြို့သို့ ရေပေးဝေလျှက်ရှိသော နမ့်ဟူးရေစက်ရုံနှင့် နောင်အင်ရေထွက်သို့လည်း သွားရောက် စစ်ဆေးခဲ့ပါသည်။

 

   ထို့နောက် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းသည် တောင်ကြီးမြို့နှင့် အေးသာယာမြို့၏ ရေပေးရေးဆောင်ရွက်လျှက်ရှိသော ရေထွက်/ရေကန်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ရာ  နွေရာသီရေရှားပါးသည့်ကာလတွင် ပြည်သူလူထုထံသို့  သောက်သုံးရေ ပိုမိုဖြန့်ဝေပေးနိုင်ရန် မိုးတွင်းကာလအတွင်း ရေထွက်/ရေကန်များ၌ ရေ ပိုမို စုဆောင်းနိုင်ရေးအတွက် စနစ်တကျ ဆောင်ရွက်သွားရန်၊ တိုးချဲ့ရေပေးရေး လုပ်ငန်းများကိုလည်း အချိန်မှီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ ရေထွက်/ရေကန်များအား ခြုံနွယ်၊ အမှိုက်များ ပုံမှန်ဆယ်ယူရှင်းလင်း ဆောင်ရွက်သွားရန်၊ နောင်တွင် မြို့ရေပေးရေးလုပ်ငန်းများအား တင်ဒါစနစ်ဖြင့် ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်သွားစေရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၄၉)နှစ်မြောက်၊ နှစ်ပတ်လည်နေ့ ကျင်းပ

တောင်ကြီး   အောက်တိုဘာ  ၀၁

1001

 

   မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၄၉)နှစ်မြောက်၊ နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ (၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြန်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ၊ ဗမာတိုင်ရင်းသားရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်အတွင်းရှိ ရဲတပ်ဖွဲ့နှင့် ရဲမေများ မိသားစုဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

 

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတို့က ဆုရရဲတပ်ဖွဲ့ဝင်များအား အသီးသီး ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

 

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ၂၀၁၂-၂၀၁၃ခုနှစ်အတွင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းခင်းကျင်းပြသထားသည့်များကို လည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Taunggyi Lifestyle & Ladies Products Expo 2013 ကုန်စည်ပြပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး   အောက်တိုဘာ  ၀၃

 

1005

 

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ Taunggyi Lifestyle & Ladies Products Expo 2013 ကုန်စည်ပြပွဲ ဖွင့်ပွဲကို အောက်တိုဘာ(၃)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမရှေ့၌ ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ Summit Goal အထက်မြန်မာပြည် တာဝန်ခံ ဦးဟန်ဝင်းအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

   ဆက်လက်၍ ပြည်နယ်လွှတ်တော်နှင့် တာဝန်ရှိသူတို့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

   အဆိုပါ ကုန်စည်ပြပွဲကြီးကို အောက်တိုဘာ(၃)ရက်မှ (၇)ရက်ထိ (၅)ရက်တိုင်တိုင် C & D Group မှ ကြီးမှူးပြီး နေ့စဉ် နံနက်(၉)နာရီမှ ည(၉)နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တောင်ကြီးတက္ကသိုလ် (၃)ထပ်စာသင်ဆောင်(၃)လုံး ထပ်မံတည်ဆောက်ရန်အတွက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တင်ဒါရွေးချယ်အောင်မြင်ခဲ့သော ကုမ္ပဏီများ တွေ့ဆုံမိတ်ဆက်ခြင်း

တောင်ကြီး  စက်တင်ဘာ လ ၂၅ ရက်

 

2

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်) မန္တလေးမြို့မှ တောင်ကြီး တက္ကသိုလ်တွင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့် တည်ဆောက်မည့် (၃)ထပ်စာသင်ဆောင် (၁၉၂+ ထ ၃၈+) သံကူကွန်ကရစ် (ရေမီးအပါအဝင်) (၃)လုံးအား ခွင့်ပြုပေးခဲ့ပါသည်။

 

တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်တင်ဒါ စိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီနှင့် ပြည်နယ်ကြမ်းခင်းဈေး တွက်ချက်ရေးလုပ်ငန်းကော်မတီတို့မှ (၁၆-၉-၂ဝ၁၃)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ အိတ်ဖွင့်တင်ဒါရွေးချယ်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

 

တင်ဒါရွေးချယ်ရေးလုပ်ငန်းကော်မတီမှ တင်ပြခဲ့သော ကုမ္ဋဏီများအား (၁၇-၉-၂ဝ၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးအမှတ်စဉ် (၂၁/ ၂ဝ၁၃) ဆုံးဖြတ်ချက်အပိုဒ်- ၇(ဇ)ဖြင့် (၁) အောင်ချမ်းသာကုမ္ပဏီ (၂) Rising Sun ကုမ္ပဏီ (၃) ပြည့်ဝခိုင်မာကုမ္ပဏီတို့အား တင်ဒါရွေးချယ်အောင်မြင်သော ကုမ္ပဏီများအဖြစ် အတည်ပြုရွေးချယ်ခဲ့ပါသည်။

 

(၂၅-၉-၂ဝ၁၃)ရက်နေ့ နေ့လည်(၂)နာရီအချိန်တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ တောင်ကြီးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် တင်ဒါရွေးချယ်အောင်မြင်သော ကုမ္ပဏီများနှင့် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို တောင်ကြီးတက္ကသိုလ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

 

အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်မှ တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် မိတ်ဆက်ပေးပါသည်။ ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ တင်ဒါစာချုပ်အား (၂၆-၉-၂ဝ၁၃)ရက်နေ့တွင် ချုပ်ဆိုသွားရန် မှာကြားပါသည်။ 

 

ပြည့်ဝခိုင်မာကုမ္ပဏီမှ တက္ကသိုလ်အဆောင်များ ဆောက်လုပ်ခဲ့သည့် အတွေ့အကြုံရှိသဖြင့် အထွေအထူး တင်ပြရန်မရှိကြောင်း၊ ဆောက်လုပ်မည့် အချိန်ကာလကို သတ်မှတ်ပေးစေလိုကြောင်း တင်ပြပါသည်။

 

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ စာသင်ဆောင်များအား (၁-၁ဝ-၂ဝ၁၃)မှ (၂ဝ-၃-၂ဝ၁၄) ရက်နေ့အထိ သတ်မှတ်ကာလ(၆)လအတွင်း အပြီးဆောက်လုပ်ပေးရန်၊ ကျောင်းသား/ ကျောင်းသူများဖြစ်ကြတဲ့ သားသမီးများ ပညာသင်ကြားမည့် အဆောက်အဦများဆောက်လုပ်ရာတွင် သတ်မှတ်အရည်အသွေးပြည့်မှီအောင်  ဆောက်လုပ်ပေးကြရန်နှင့် ရေမီးအစုံအလင်ဖြင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောက်လုပ်ပေးကြရန်ကိုလည်း အလေးအနက် မှာကြားခဲ့ပါသည်။

 

Rising Sun ကုမ္ပဏီမှ ရှမ်းပြည်နယ်၏ အထင်ကရဖြစ်သော တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပြိုင်ပွဲနှင့် တိုက်ဆိုင်နေပါ၍ ဒေသခံ အလုပ်သမားများဖြင့် လုပ်ငန်းဆောင်ရွက်ရန် အခက်အခဲနှင့် ကြုံတွေ့ရမည်ဖြစ်ပါ၍ ရပ်ဝေးဒေသမှ အလုပ်သမားများကို အသုံးပြုခွင့်ပေးစေလိုကြောင်း၊ ဒေသခံများအား အခြားလုပ်ငန်းများတွင် အသုံးပြုပေးမည် ဖြစ်ပါကြောင်း၊ အလုပ်သမားများအား ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း နေထိုင်ခွင့် ပြုစေလိုကြောင်းနှင့် အဆောက်အဦဟောင်းများ ဖျက်သိမ်းရှင်းလင်းရာတွင် တယ်လီဖုန်းကြိုး၊ မီးကြိုးများကိုလည်း ရွှေ့ပြောင်းရမည် ဖြစ်ပါ၍ သတ်မှတ်အချိန်ကာလအတွင်း ထည့်သွင်းပေးစေလိုပါကြောင်း တင်ပြဆွေးနွေးပါသည်။

 

တက္ကသိုလ်ပါမောက္ခချုပ်မှ ကျောင်းအတွင်း၌ ကျောင်းသား/ သူများ စာသင်ကြားရာတွင် အနှောက်အယှက်ဖြစ်နိုင်ပါ၍ ဆောက်လုပ်ရေးအလုပ်သမားများအား ကျောင်းဝင်းအတွင်း နေထိုင်ခွင့် မပြုနိုင်ပါကြောင်း၊ တက္ကသိုလ်အားကစားရုံအရှေ့ရှိ ကတ္တရာလမ်းအပေါ်ဘက် တောင်ကြောများတွင် ယာယီတဲများ ဆောက်လုပ်၍ လုပ်ငန်းများပြီးဆုံးသည်အထိ နေထိုင်၍ရပါကြောင်း ပြန်လည်ရှင်းလင်းပြောကြားပါသည်။

 

ထို့နောက် စာသင်ဆောင်များဆောက်လုပ်မည့် မြေနေရာကို သွားရောက်ကြည့်ရှုခဲ့ကြပြီး အဆောင်(၁) နေရာအား အောင်ချမ်းသာ ကုမ္ပဏီ၊ အဆောင်(၂)နေရာအား Rising Sun ကုမ္ပဏီ၊ အဆောင်(၃)နေရာအား ပြည့်ဝခိုင်မာကုမ္ပဏီတို့ကို ဆောက်လုပ်ရမည့်မြေနေရာ ရွေးချယ်သတ်မှတ်ပေးခဲ့ကြပြီး၊ အဆောက်အဦမျက်နှာစာကို အရှေ့ဘက်သို့ လှည့်ဆောက်ရန်ကိုလည်း သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။ အဆောက်အဦအဟောင်းများကို ဝန်ထမ်း အိမ်ယာများ ပြန်လည်ဆောက်လုပ်နိုင်ရေးအတွက် အဆောက်အဦအဟောင်းများ ဖျက်သိမ်းရာတွင် ဂရုတစိုက် ဖျက်သိမ်းပေးရန်ကိုလည်း မှာကြားခဲ့ပါသည်။

 

အဆောက်အဦအဟောင်းများ အားလုံးဖျက်သိမ်း၍ ပန္နက်ချဆောင်ရွက်မည့် ကဏ္ဍရောက်သည့်အခါတွင် ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုကို ခံယူသွားကြရန် သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

More Articles...

  1. IKBZ Insurance Co,.Ltd ရှမ်းပြည်နယ်ရုံးချုပ် ဖွင့်လှစ်
  2. Winner ကုမ္ပဏီမှ စုစည်းကျင်းပသည့် TAUNGGYI EXHIBITON & CAREXPO ဖွင့်ပွဲ ကျင်းပ
  3. ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကျိုင်းတုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
  4. ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တို့အကြား ချစ်ကြည်ရေး စျေးရောင်းပွဲတော် နှင့် ဆွေးနွေးပွဲ ကျင်းပ
  5. ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Mercy Corps အဖွဲ့အစည်း တွေ့ဆုံ
  6. အမှတ်(၁၃) တွဲဘက်အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)သည် အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်
  7. ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ဂျာမနီနိုင်ငံမှ Miss Inina Sheffmam, Head of Programm ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ
  8. ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ
  9. ကျိုင်းတုံ၌ သမ္မတရုံးဝန်ကြီးများနှင့် တွေ့ဆုံပွဲပြုလုပ်
  10. ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ဆက်လက် ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 51 guests and no members online

Latest Updates