Articles

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပ

တောင်ကြီး    နိုဝင်ဘာ   −   ၁၅

276
    မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၄)ရက် နှစ်စဉ်ကျင်းပမြဲဖြစ်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ(၁၅)ရက် ညနေ(၆)နာရီက အဆိုပါဘုရားရှေ့ရင်ပြင်၌ ကျင်းပကြောင်းသိရသည်။
တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပအိုဝ်းကိုယ်ပိုင်ဒေသဦးစီးအဖွဲ့ ဦးခွန်မောင်ဖြူနှင့် တာဝန်ရှိသူ တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
        ဆက်လက်၍ အထက(၁)ဟိုပုံးကျောင်းသူလေးများနှင့် တိုင်းရင်းသူလေးများက ဆီမီးအကဖြင့် ဖျော်ဖြေကြပြီး တန်ဆောင်တိုင် မီးထွန်းပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မီးရှူးမီးပန်းများနှင့် မီးပုံးငယ်များ လွှတ်တင်ခြင်းကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပြည်နယ်ဥပဒေချုပ်ဦးတင်ဦးတို့မှ စက်ခလုတ် နှိပ်ဖွင့်လှစ်ပေး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးအတွင်း၌ ရတနာ ဒီပံဆီမီးတိုင် ထွန်းညှိပူဇော်ကာ လှိုဏ်ဂူတော်အတွင်း ဘုရားအားဖူးမျှော်ကြကြောင်း သိရှိရသည်။
    အဆိုပါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ(၁၅)ရက်မှ (၁၉)ရက်နေ့အထိကျင်းပပြီး ညမီးကြီးမီးပုံးပျံ(၈)လုံး လွှတ်တင်ယှဉ်ပြိုင် ခြင်းနှင့်ညစဉ်မီးပဒေသာ လှည့်လည်ပူဇော်ပွဲဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အကြီးတန်း၊ အငယ်တန်း၊ မသန်စွမ်းသူများ အပျော်တမ်းအပြေးပြိုင်ပွဲ အင်အား(၁၈၉၀)ကျော် ပါဝင်ဆင်နွှဲ

တောင်ကြီး    နိုဝင်ဘာ   −   ၁၈

275
ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အစီအစဉ်ဖြင့် ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ POCARI SWEAT တို့ပူးပေါင်းကျင်းပသည့် အကြီးတန်း၊ အငယ်တန်း၊ မသန်စွမ်းသူများ အပျော်တမ်းအပြေးပြိုင်ပွဲကို နိုဝင်ဘာ(၁၆)ရက် နံနက်(၆)နာရီက တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံရှေ့မှ စတင်တာလွှတ်ရာ အကြီးတန်းပြိုင်ပွဲဝင်(၆၀၀)ကျော်၊ အငယ်တန်းပြိုင်ပွဲဝင်(၁၂၀၀)ဦးနှင့် မသန်စွမ်း(၉၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် POCARI SWEAT မှဒါရိုက်တာတို့က သေနတ်ပစ်ဖောက်တာလွှတ်ပေးကြသည်။
ပြိုင်ပွဲတွင် အကြီးတန်းပြိုင်ပွဲဝင်များက ပြည်နယ်လေ့ကျင့်ရေးအားကစားရုံရှေ့ ဗိုလ်ချုပ်လမ်းအတိုင်းထုံးဖို ဂိတ်မှတစ်ပတ်ပတ်၍ ပြည်နယ်လေ့ကျင့်ရေးရုံသို့ ပန်းဝင်၍လည်းကောင်း၊ အငယ်တန်းပြိုင်ပွဲဝင်များက ပြည်နယ် လေ့ကျင့်ရေးအားကစားရုံရှေ့မှ ဗိုလ်ချုပ်လမ်းအတိုင်း စဝ်စံထွန်းရပ်ကွက် ကရင်မရေထွက်မှ ပြည်နယ်လေ့ကျင့်ရေးရုံ သို့ပန်းဝင်၍လည်းကောင်း၊ မသန်စွမ်းပြိုင်ပွဲဝင်များက ပြည်နယ်လေ့ကျင့်ရေးအားကစားရုံမှ ဗိုလ်ချုပ်လမ်းအတိုင်း ကန်ရှေ့ရပ်ကွက်ရှိ အလယ်ဘီအိုစီရှေ့တစ်ပတ်ပတ်၍ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံသို့ ပန်းဝင်၍လည်းကောင်း အသီးသီးယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင်ဆုရရှိသူများကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူတို့က အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
အစရ(ရှမ်း)

ပထမဆုရရှိခဲ့သော အမျိုးသမီးဘောလုံးအသင်း၊ Myanmar FitnessDance ပြိုင်ပွဲနှင့် လှေလှော်ပြိုင်ပွဲတွင် ဆုရရှိသူများကိုဂုဏ်ပြုဆုငွေချီးမြှင့်

တောင်ကြီး နိုဝင်ဘာ - ၁၅

274

၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော အမျိုးသမီးဘောလုံးအသင်းနှင့် Myanmar Fitness Dance ပြိုင်ပွဲတွင် ဆုရရှိသူများကိုဆုငွေချီးမြှင့်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို နိုဝင်ဘာ ၁၃ ရက်ည ၇ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှိလေ့ကျင့်ရေးသုံးထပ်ဆောင် ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ရှမ်းပြည်နယ်အားကစားနှင့်ကာယ ပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းက ဂုဏ်ပြုချီးမြှင့်ထိုက်တဲ့သူကိုဂုဏ်ပြုတဲ့ပွဲဖြစ်တာနဲ့အညီ အင်မတန်မှ ကျက်သရေရှိတဲ့ပွဲဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အသက် ၁၉ နှစ်အောက်အမျိုးသမီးဘောလုံးအသင်းဟာရှမ်းပြည်နယ် အတွက် ၂ နှစ်ဆက်တိုက် ပထမဆုဖလားကိုရရှိအောင်စွမ်းဆောင်ပေးခဲ့တာကို ဂုဏ်ယူဖွယ်တွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ ထိုနည်းတူ Myanmar Fitness Dance ပြိုင်ပွဲဟာဆိုရင်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်တွေမှာ ၂၀၁၈ ခုနှစ်မှသာ ထည့်သွင်းကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် ပြိုင်ပွဲနှင့်ဆိုရင် နှစ်ကြိမ်သာကျင်းပသေးတာဖြစ်ပြီး ရှမ်းပြည်နယ်အသင်းက ဒုတိယအကြိမ် ကျင်းပတဲ့ပြိုင်ပွဲမှာဒုတိယရရှိခဲ့တာတွေ့လို့ ရှမ်းပြည်နယ်Myanmar Fitness Dance အသင်းရဲ့ကြိုးပမ်းအားထုတ်မှုကိုလည်း အသိအမှတ်ပြုပါကြောင်း၊ နောင်နှစ်များမှာလည်းဒီထက်သာလွန်တဲ့ အောင်မြင်မှုများရရှိအောင် ကြိုးစားသွားကြရန်တိုက်တွန်းပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယက ဒေါ်နန်းရွှေမြင့် ထံသို့U-19 အသင်းအုပ်ချုပ်သူများက ပထမတံခွန်စိုက်ဆုဖလားကိုပေးအပ်ပြီး၊ နာယကကြီးမှ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနဂုဏ်ပြုဆုငွေကျပ် ၁၅ သိန်းကို ချီးမြှင့်ပေးအပ်သည်။ 

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော်ပြိုင်ပွဲတွင် အမျိုးသား ၁ဝ တက်လှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော ရှမ်းပြည်နယ်လှေလှော်အသင်းအား ဂုဏ်ပြုဆုငွေကျပ် ၁၀ သိန်း၊ အသက် ၁၉ နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲဝင် အသင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုငွေ ကျပ်သိန်း၃၀၊ Myanmar Fitness Dance ပြိုင်ပွဲဝင်အသင်းကို ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅ သိန်း တို့ကို အသီးသီးချီးမြှင့်ပေးအပ်ရာ ပြိုင်ပွဲဝင်အားကစားသမားများကိုယ်စား အားကစားသမား တစ်ဦးမှကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုညစာအတူသုံးဆောင်ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

 

SME အသေးစားစက်မှုလုပ်ငန်း ဆောင်ရွက်နေမှုအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

တောင်ကြီး    နိုဝင်ဘာ   −   ၁၅

273
    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့် စွမ်းအင်စက်မှုဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ(၁၅)ရက် နံနက်(၈)နာရီ (၁၅)မိနစ်က တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ငွေစံအိမ်ရိုးရာ အထည်ချုပ်လုပ်ငန်း သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်းသိရသည်။
    SME အသေးစားစက်မှုလုပ်ငန်း ငွေစံအိမ်ရိုးရာ အထည်ချုပ်လုပ်ငန်းပိုင်ရှင် ဒေါ်နန်းစံလှိုင်မှ အထည်ချုပ်လုပ်ငန်းနှင့် ပတ်သက်၍ရှင်းလင်းရာ မိမိတို့စက်ရုံမှ ထွက်ရှိသောအထည်များကို ပြည်တွင်းစျေးကွက်ဖြစ်သော ရန်ကုန်မြို့နှင့်ပတ်ဝန်းကျင် မြို့နယ်များ၊ မန္တလေး၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း)၊ ပုဂံ ညောင်ဦးနှင့် ခရီးသွားဧည့်သည် ရောက်ရှိသည့် မြို့များတို့ကိုဖြန့်ဖြူးလျက်ရှိပြီး အထည်အမျိုးအစားမှာ အမျိုးသားဝတ်(အင်္ကျီ၊ ဘောင်းဘီ၊ ဝမ်းဆက်)၊ အမျိုးသမီး ဝတ်(အနွေးထည်၊ အင်္ကျီ၊ ဝမ်းဆက်၊ လုံချည်၊ ပတ်လုံချည်၊ စကပ်)၊ ကလေးဝတ်(ကျား+မ)၊ လွယ်အိတ်ဒီဇိုင်းမျိုးစုံများ ထုတ်လုပ် ရောင်းချလျက်ရှိကြောင်း ပြောကြားသွားသည်။
    ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများသည် ကလောမြို့နယ် ဟဲဟိုးမြို့ ဝါးရုံပင်ကျေးရွာ၌ တည်ထောင် ထားသော Myanmar Belle အခြောက်ခံသီးနှံစက်ရုံသို့ သွားရောက်ကြည့်ရှုရာ ဒါရိုက်တာအဖွဲ့ဝင် ဒေါ်တင်ရဝေအောင်က သီးနှံ အခြောက်ခံစက်ရုံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် စက်ရုံအတွင်းဂေါ်ဖီထုပ်၊ သီးနှံအခြောက်ခံဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကြသည်။
    အဆိုပါ အခြောက်ခံသီးနှံစက်ရုံတွင် ဂေါ်ဖီထုပ်၊ မုန်လာဥဖြူ၊ မုန်လာအရွက်၊ မုန်လာဥနီအနည်းငယ်နှင့်အခြောက်ခံ၍ ဂျပန်နိုင်ငံသို့တင်ပို့ကာ ဂေါ်ဖီထုပ်မျိုးစေ့များကိုဂျပန်မျိုးစေ့ဖြစ်၍ မြန်မာနိုင်ငံ၏နည်းပညာစနစ်ဖြင့်စိုက်ပျိုးကာ အခြောက်ခံပြီး သောသီးနှံများသည် (၁)လကြာထားခံကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09250132943

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 52 guests and no members online

Latest Updates