Articles

စိုက်ပျိုးရေးသမဝါယမအသင်းများသို့ ဆောင်းသီးနှံစိုက်ပျိုးစရိတ် ပံ့ပိုးချေးငွေများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

တောင်ကြီး    နိုဝင်ဘာ   ၀၇

 

015

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်ရှိ စိုက်ပျိုးရေးသမဝါယမအသင်းများသို့ ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ပံ့ပိုးချေးငွေများပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ(၇)ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် ရပ်စောက်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့်၊ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုအေး၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ် ဥက္ကဌ ဦးကျော်မြခိုင်၊ ရပ်စောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်သမဝါယမအသင်းစုနှင့် အခြေခံသမဝါယမအသင်းများမှ အမှုဆောင်များ၊ အသင်းသား/အသင်းသူ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြပါသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှ အသင်းသူ/အသင်းသားများအနေဖြင့် ရရှိသည့် ပံ့ပိုးချေးငွေများအား မိမိတို့ လုပ်ငန်းတွင် အမှန်တကယ်အကျိုးရှိစွာ အသုံးပြုရေး၊ သတ်မှတ်ချိန်အတိုင်း ပြန်လည်ပေးဆပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သမဝါယမစိတ်ဓါတ်ပြည့်ဝစွာဖြင့် အတွေးအခေါ် (Mind Set)များ ပြုပြင်ပြောင်းလဲဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

 

၎င်းနောက် စိုက်ပျိုးစရိတ်ချေးငွေများအား အသင်းသားကိုယ်စားလှယ်များထံသို့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုအေး၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်း သမဝါယမအသင်းစုချုပ် ဥက္ကဌ ဦးကျော်မြခိုင် တို့မှ ပေးအပ်ခဲ့ကြပါသည်။ ရပ်စောက်မြို့နယ်၊ ကျေးရွာအုပ်စု(၄)အုပ်စုရှိ ကျေးရွာ(၁၈)ရွာမှ စိုက်ပျိုးရေး သမဝါယမအသင်း (၁၈)သင်းသို့ စုစုပေါင်း ပံ့ပိုးချေးငွေ (၁၂၀၃.၇၅)ထုတ်ချေးပေးခဲ့ပြီး ရပ်စောက် မြို့နယ်ရှိ အခြေခံသမဝါယမအသင်းများသို့ ပံ့ပိုးခြေးငွေ ကျပ် သိန်းပေါင်း (၂၀၀၀)ကျော် ထုတ်ချေးပေး ထားကြောင်း သတင်းရရှိပါသည်။

 

ခမ်းရွှေဝါထွန်းကုမ္ပဏီမှ Solar System - LED မီးလင်းရေးစနစ်သုံးပစ္စည်း (၂၀)စုံ လှူဒါန်း

တောင်ကြီး   နိုဝင်ဘာ  ၀၆

 

014

 

   ခမ်းရွှေဝါထွန်းကုမ္ပဏီမှ Solar System - LED မီးလင်းရေးစနစ်သုံးပစ္စည်း (၂၀)စုံ လှူဒါန်းခြင်းကို နိုဝင်ဘာ(၆)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ခမ်းရွှေဝါထွန်းကုမ္ပဏီမှ Solar System - LED မီးလင်းရေးစနစ်သုံးပစ္စည်းများနှင့် ပတ်သက်၍ ဒေါ်နန်းကြာယုံ (ခ) ဒေါ်နန်းရွှေမြတ်က ရှင်းလင်းရာ မီးလင်းတိုင်(၁)တိုင်၏အကျိုးမှာ ထိခိုက်ခြင်းမရှိပါက (၁၀)နှစ် သက်တမ်းရှိပြီး (၁)နှစ် အာမခံကြောင်း၊ ဆိုလာမီးများ ညပိုင်းရောက်လျှင် အလိုလိုမီးလင်း၍ နေ့ပိုင်းတွင် အလိုလိုမီးပိတ်သွားကြောင်း၊ မီးသီး(၁)လုံး ဆိုလာသည် မီးသီး(၁)လုံး ဖယောင်းတိုင် (၅၀)နဲ့ ညီမျှပါကြောင်း၊ မီးသီး(၃)လုံး တစ်ပြိုင်တည်းသုံးပါက (၄)နာရီခံနိုင်ကြောင်း၊ ယခု ဆိုလာမီးသည် မီးဘေးအန္တရာယ် ကင်းရှင်းပြီး၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးပါကြောင်း ရှင်းလင်း ပြောကြားသွားသည်။

 

   ဆက်လက်၍ Solar System - LED မီးလင်းရေးစနစ်သုံးပစ္စည်း (၂၀)စုံအား ခမ်းရွှေဝါထွန်းကုမ္ပဏီမှ ဒေါ်နန်းကြာယုံ (ခ) ဒေါ်နန်းရွှေမြတ်က ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုမ္ပဏီမှ အလှူရှင်များ တက်ရောက်ကြကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်၊ တောင်ကြီးပညာရေးကောလိပ် နဝမအကြိမ် ဆရာအတတ်ပညာကျွမ်းကျင်မှု ဒီပလိုမာအပ်နှင်းပွဲ ကျင်းပ

တောင်ကြီး   နိုဝင်ဘာ  ၀၆

 

013

 

   ရှမ်းပြည်နယ်၊ တောင်ကြီးပညာရေးကောလိပ် နဝမအကြိမ် ဆရာအတတ်ပညာကျွမ်းကျင်မှု ဒီပလိုမာအပ်နှင်းပွဲကို နိုဝင်ဘာလ(၆)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပညာရေးကောလိပ်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ဒီပလိုမာအပ်နှင်းမည့် ဆရာမများနှင့် မိဘပြည်သူများ တက်ရောက်ကြသည်။

 

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကား ပြောကြားပြီး၊ နဝမအကြိမ် ဆရာအတတ်ပညာကျွမ်းကျင်မှု ဒီပလိုမာအပ်နှင်းပွဲ ပထမပိုင်း အခမ်းအနားကို ခေတ္တရပ်နားလိုက်သည်။

 

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၃) ဒုတိယနေ့ ကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ၀၅

 

012

 

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၃) ဒုတိယနေ့ကို နိုဝင်ဘာလ(၅)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ (၁၅)ဦး ရှိပြီး အစည်းအဝေးသို့ (၁၂၅)ဦး တက်ရောက်သည်။

 

   ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ကြယ်ပွင့်ပြထားသည့် မေးခွန်း (၁)ခု မေးမြန်းခြင်းနှင့် ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ဖြေကြားခြင်း ပြုလုပ်ခဲ့ပါသည်။ ဆက်လက်ပြီး ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် တင်ပြထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ပါသည်။

 

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၃) ကို နံနက်(၁၀:၃၀)အချိန်၌ ရပ်နားခဲ့ပါကြောင်း သတင်းရရှိသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 51 guests and no members online

Latest Updates