Articles

အသက်(၁၆)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ   −   ၁၀

294

၂၀၁၉−၂၀၂၀ ပညာသင်နှစ် ရှမ်းပြည်နယ် အသက်(၁၆)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ၊ ကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၉)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပြည်နယ် ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အားကစားဖြင့် နိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်လျက်ရှိပါကြောင်း၊ အားကစားလုပ်ငန်းကို သာမန်အမြင်ထက် အမြော်အမြင်ကြီးမားရန် လိုအပ်ပါကြောင်း၊ ပထမအကြိမ် ကျောင်းသားအားကစားပွဲတော်ကို ၁၉၉၀ ပြည့်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ စတင်ကျင်းပခဲ့ပြီး နှစ်စဉ်အလှည့်ကျ တာဝန်ယူကျင်းပလာခဲ့ရာမှာ ချင်းပြည်နယ်၊ ဟားခါးမြို့အပြီးတွင်  ကျောင်းသားအားကစားပွဲတော်ကို ရပ်နား သွားခဲ့ပါကြောင်း၊ ယခုအခါ ၂၀၁၉−၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသားအားကစားပွဲတော်ကို ပြန်လည်စတင်ကျင်းပလာခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဌာန်ရွတ်ဆိုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ ကြသည်။

ဆက်လက်၍ တောင်ကြီးခရိုင်အသင်းနှင့် မူဆယ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် ပညာရေးညွန်ကြားမှူးနှင့်ဝန်ထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပြိုင်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိ  ခရိုင်(၈)ခရိုင်မှ အမျိုးသား၊ အမျိုးသမီး  ဘောလုံးပြိုင်ပွဲဝင်(၈)သင်း၊ ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး(၈)သင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသား(၈)သင်းနှင့် ပြေးခုန်ပစ်ပြိုင်ပွဲ များဖြင့် ဒီဇင်ဘာ(၁၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင်အကောင်းဆုံး အားကစားသမားများနှင့် ထူးချွန်သူများ ရွေးချယ်ကာ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ကျောင်းပေါင်းစုံ အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်းသိရသည်။

အစရ(ရှမ်း)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မီနီမာရသွန်ပြိုင်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၁၀

293

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၈ ရက် နံနက်(၆)နာရီအချိန်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလားတွင် ကျောင်းအခြေပြု အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဘတ်စကတ်ဘော၊ ပိုက်ကျော်ခြင်း၊ စက်ဘီး၊ မီနီမာရသွန် အားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ကျင်းပကြောင်းသိရသည်။

ဆက်လက်၍ TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲကို အုပ်ချုပ်သူနည်းပြ(၁၀၀)ဦးမှ ဦးဆောင်၍ အားကစားနည်း(၅)မျိုးပါဝင်ကြောင်းသိရှိရသည်။ ထိုပြိုင်ပွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်(၁၇) မြို့နယ်မှ အားကစားသမား (၁၅၄၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

ထို့နောက် အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဌေးအောင်နှင့် ခရိုင် မီးသတ်ဦးစီးမှူး ဦးမျိုးထွဋ်ဦးတို့မှ ဆုများအသီးသီး တက်ရောက်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရှိရသည်။

အစရ(ရှမ်း)

 

တောင်ကြီးခရိုင်၊ မြို့နယ်ဥပဒေရုံးနှင့် အရာထမ်းအိမ်ရာ အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ   −   ၉

291

တောင်ကြီးခရိုင် ဥပဒေရုံး၊ မြို့နယ်ဥပဒေရုံးနှင့် အရာထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်ပွဲကို ဒီဇင်ဘာ(၉)ရက် နံနက် (၁၀)နာရီက တောင်ကြီးမြို့အထွက်(၂)မိုင် ကံကြီးရပ်ကွက်ရှိ တောင်ကြီး−ဟိုပုံးသွား ကားလမ်းဘေး၌ ကျင်းပကြောင်းသိရ သည်။

ဆက်လက်၍ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်ဥပဒေရုံးတောင်ကြီးခရိုင်နှင့် မြို့နယ်ဥပဒေရုံးတို့သည် ကိုယ်ပိုင်ရုံး မရှိသည့်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အဆောက်အဦ၌ ရုံးခန်းများဖွင့်လှစ်ဆောင်ရွက်ခဲ့သည်ကို သိရှိရပါကြောင်း၊ အဆောက်အဦတစ်ခုတည်းတွင် ရုံး(၃)ရုံးစုပေါင်းဖွင့်လှစ်ဆောင်ရွက်နေရ၍ နေရာမလုံလောက်သဖြင့် လုပ်ငန်းအဆင်မပြေမှု များရှိခြင်းကြောင့် ခရိုင်နှင့်မြို့နယ်ဥပဒေရုံး မြေနေရာခွင့်ပြုရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ရှမ်းပြည်နယ်ဥပဒေချုပ်ရုံးက တင်ပြခဲ့ပါကြောင်း၊ ၂၀၁၇ခုနှစ် ဇွန်လ(၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၃/၂၀၁၇) တွင်ဆွေးနွေးခဲ့ပြီး ဧရိယာ(၀.၆၈၀)ဧကရှိ ယခုမြေနေရာကို ခွင့်ပြုခဲ့ပါကြောင်း၊ တောင်ကြီးမြို့ တွင်ဥပဒေရုံးများအတွက် ပထမဦးဆုံး မြေနေရာချထားပေးနိုင်ခဲ့တာဖြစ်ပါ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဝမ်းမြောက် မိပါကြောင်း၊ အဆောက်အဦဆောက်လုပ်ရန် ဘတ်ဂျက်တောင်းခံသဖြင့် ၂၀၁၈−၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ခရိုင်နှင့် မြို့နယ်ရုံးအဆောက်အဦနှင့် (၃)ခန်းတွဲ RC (၁)ထပ်၊ အရာထမ်းအိမ်ရာအတွက် ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုခဲ့ပါကြောင်း၊ တင်ဒါခေါ်ယူဆောင်ရွက်ခွင့်ပြုခဲ့ပြီး ရှမ်းပြည်နယ်ဥပဒေချုပ်ရုံးက ဆက်လက်ဆောင်ရွက်ခဲ့ရာ ယခုလိုအဆောက်အဦသစ်များ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ယခုလိုဖြည့်တင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်နှင့်အညီ ဥပဒေရုံးများကလည်း တရားစီရင်ရေး ကဏ္ဍတွင်ဖြောင့်မတ်မှန်ကန်စွာ ပါဝင်ဆောင်ရွက်ပြီး အုပ်ချုပ်ရေးကဏ္ဍတွင်လည်း ဥပဒေနှင့်အညီကောင်းမွန်သော အကြံဉာဏ် များပေးခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် အထောက်အကူပြုကြရန် ပြောကြားသွားသည်။

ထို့နောက် ရှမ်းပြည်နယ်ဥပဒေအရာရှိဦးဇော်ဇော်ထွေးက အဆောက်အဦနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရှမ်းချယ်ရီ တောင်တန်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးလင်းက အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတန်းများကို ပြည်နယ် အရာရှိဦးဇော်ဇော်ထွေးထံ လွှဲပြောင်းပေးအပ်ကာ  တောင်ကြီးခရိုင် ဥပဒေရုံးနှင့် တောင်ကြီးမြို့နယ် ဥပဒေရုံးသစ်အဆောက်အဦ ကိုပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦး တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ ဆိုင်းဘုတ်ကမ္မည်းမော်ကွန်းကို အမွှေးနံ့သာ ပက်ဖြန်းပေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

၎င်းနောက် ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူတို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ခရိုင်ဥပဒေရုံးဖွင့်ပွဲ အခမ်းအနားကိုတက်ရောက်၍ အသီးသီးအမှာစကား ပြောကြားကြပြီး ရုံးဆိုင်းဘုတ်ဖွင့်ပွဲကို ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ဆိုင်းဘုတ်ကမ္မည်းမော်ကွန်းကို အမွှေးနံ့သာပက်ဖြန်းပေးကြကာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတန်းများကို ပြည်နယ် အရာရှိဦးဇော်ဇော်ထွေးထံ လွှဲပြောင်းပေးအပ်ကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃                    

 

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး ဒီဇင်ဘာ   −   ၉

292

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယခင်က ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး ၂၀၁၉ခုနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီတို့တွင် ကျင်းပနိုင်ရန် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်မှုအရ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ(၉)ရက် နံနက်(၉)နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက ပေးပို့သည့်သဝဏ်လွှာအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးကဖတ်ကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပရခြင်းမှာ နိုင်ငံတော်အစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒရှိမှု ပိုမို ပေါ်လွင်စေပြီး ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး၊ ပညာရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ သက်ရောက်မှုရှိစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အတွက် ကုလသမဂ္ဂ၏ ဦးတည်ချက် (Theme)ကတော့ “Together, We are United Against Corruption” (အဂတိတိုက်ဖျက်ရေး တိုက်ဖျက်ရေးအတွက် ကျွန်ုပ်တို့ အားလုံး စုပေါင်းညီညွှတ်ကြပါစို့) ဆိုသည့်ခေါင်းစဉ်နှင့်အညီ လူသားမျိုးနွယ်စုအတွင်း လှိုက်စားနေသော အဂတိလိုက်စားမှုကို ပြည်နယ်အစိုးရ၏ ဦးဆောင်မှုအောက်တွင် မဏ္ဍိုင်သုံးရပ်မှ တာဝန်ရှိသူများ၊ နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများက စုပေါင်းညီညာ စွာဝိုင်းဝန်းပူးပေါင်း တိုက်ဖျက်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသွားသည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြေခံသဘောတရားနှင့် လက်ရှိဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းပြောကြားပြီး  UNDP ကရိုက်ကူးထားသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip အားပြသ၍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် အစိုးရကျောင်းသားကျောင်းသူများက တေး သရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ကာ စာစီစာကုံး၊ ကာတွန်း၊ ကဗျာပြိုင်ပွဲနှင့် Role Play  ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 84 guests and no members online

Latest Updates