Articles

၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများညှိနှိုင်းစည်းဝေး ကျင်းပ

တောင်ကြီး အောက်တိုဘာ   −   ၇

240

မှန်ကန်သောဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနှင့်အတူ ကဏ္ဍအစုံ၏ပူးပေါင်းဆောင်ရွက်မှုအားကိုရယူပြီး ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် တွင်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများ ညှိနှိုင်းစည်းဝေးကို အောက်တိုဘာ(၇)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ရှမ်းပြည်နယ်အတွင်းဒေသအသီးသီး မှစိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံများသည် ရှမ်းပြည်နယ် လူဦးရေ(၅.၈)သန်းကျော်၏ ၇၀%သော တောင်သူလယ်သမားများ လူနေမှု ဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေကြသည့် ပညာရှင်များဖြစ်ကြပြီး စိုက်ပျိုးရေးကိုအခြေခံ၍ တောင်သူလယ်သမားများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရန် စိုက်ပျိုးရေးတာဝန်ခံများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများဖြစ်သော သီးနှံမျိုးစေ့ ထုတ်လုပ်ငန်းများ၊ GAPလိုက်နာကျင့်သုံးရေးလုပ်ငန်းများ၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ စသည့်လုပ်ငန်းကို ပြကွင်းပြကွက် သက်သက်မဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှမ်းပြည်နယ်အတွင်း ၂၀၁၈−၂၀၁၉ စိုက်ပျိုးရာသီ တွင်အစေ့ထုတ်ပြောင်း ဖောငမြှောင်တောင်ကျရောက်မှုများကို စီမံအုပ်ချုပ်မှု၊ နည်းပညာမှန်ကန်မှု၊ လုပ်ငန်းရှင်နှင့်တောင်သူ များပူးပေါင်းပါဝင်မှုတို့ ဟန်ချက်ညီညီလှုပ်ရှားနိုင်ခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်နိုင်မှုသည် မြို့နယ် ဦးစီးမှူးများ အသိဖြစ်ပါကြောင်း၊ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်အသစ်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အစည်းအဝေးတွင် အသေးစိတ်ညှိနှိုင်း ဆွေးနွေးအတည်ပြုဆုံးဖြတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ တင်ပြပြီး တက်ရောက်လာကြသည့် ခရိုင်ဦးစီးမှူးများဖြစ်သည့် တောင်ကြီး၊ လွိုင်လင်၊ လင်းခေး၊ လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ မိုးမိတ်၊ လောက်ကိုင်၊ ဟိုပန်၊ မက်မန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ် ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူး၊ ခြံ/စိုက်ကွင်း တာဝန်ခံများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို အသီးသီးတင်ပြဆွေးနွေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်တွေ့ဆုံ

တောင်ကြီး အောက်တိုဘာ   −   ၂

237

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာ အောင်သန်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူးဦးထင်ကျော်အေး၊ ပြည်နယ်သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူများ နှင့်အတူ အောက်တိုဘာ(၂)ရက် ညနေ(၃)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ Callခန်းမ၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေအဖွဲ့နှင့် လက်ခံတွေ့ဆုံကြောင်းသိရသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေမှ မဲခေါင်မြစ်ဝှမ်း(၆)နိုင်ငံဖြစ်သော တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ၊ လာအိုနိုင်ငံတို့မှ သံဃာတော်များသည် ဓမ္မယထရခရီးစဉ်အဖြစ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှ ၃၁ ရက်နေ့အထိ ဒေသစာရီကြွရောက်မည်ဖြစ်ပါသဖြင့် ၎င်းခရီးစဉ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မတက်ရောက်နိုင်ပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ တက်ရောက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်းနှင့် ကျိုင်းတုံ၊ တာချီလိတ်တို့တွင် ဗောဓိညောင်ပင်စိုက်ပျိုးသွားမည်ဖြစ်ပြီး ခရီးစဉ်တွင် ၁၈ ရက်နီးပါးကြာမြင့်မည်ဖြစ်၍ ဖွင့်ပွဲကို ချင်းရိုင်နှင့် ပိတ်ပွဲကို ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သွားမည်ဖြစ်သဖြင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် အနေဖြင့် တက်ရောက်ပေးစေလိုပါကြောင်း၊ နယ်စပ်မြို့တွင် ဆွမ်းလောင်းပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းရင်းသားရိုးရာဝတ်စုံအကများဖြင့် ဆောင်ရွက်လိုကြောင်း ဆွေးနွေးသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယခုလို ပွဲကိုကြိုဆိုဖိတ်ခေါ်သည့်အတွက် ဝမ်းသာ ပါကြောင်း၊ နယ်စပ်မြို့ဖြစ်သည့်အတွက် နိုင်ငံခြားသံရုံးမှ ခွင့်ပြုချက်ရပါက ကူညီဆောင်ရွက်ပေးနိုင်ကြောင်း၊ ခွင့်ပြုချက် မရရှိပါက နယ်စပ်ဒေသခံဖြစ်သည့် ဝန်ကြီးတစ်ဦးအား စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးသွားသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပ

တောင်ကြီး အောက်တိုဘာ   −   ၁

236

၂၀၁၉ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် ကိုအောက်တိုဘာ(၁)ရက် မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့ အတုရမာရဇိန် မြို့လယ်ဓမ္မာရုံ၌ကျင်းပသည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နှစ်စဉ်အောက်တိုဘာလ(၁)ရက်နေ့ကို ‘အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့’ လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ဂုဏ်ပြုသတ်မှတ်ထားပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် စတင် သတ်မှတ်သည့် ၁၉၉၉ ခုနှစ်ကစပြီး အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို နှစ်စဉ်မပျက်ကျင်းပခဲ့တာ အခုဆိုရင်(၂၀)နှစ် တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဘိုးဘွားများ၏လူမှုဘဝ အထောက်အပံ့ဖြစ်စေရန်နှင့် ၎င်းတို့ အတွက်သေချာသော မျှော်မှန်းဝင်ငွေအဖြစ် အမျိုးသားလူမှုရေးပင်စင်ထောက်ပံ့ခြင်းကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်သဖြင့် ပြည်သူများ မုဒိတာပွားများနိုင်မှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင်လမ်း၊ နယ်မြေ(၁၂)၊ အိမ်အမှတ်(ဖတ/၁၉၃)နေ အဘိုးဦးကိုကိုကြီး အသက်(၁၂၅)နှစ်သည် ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကျင်းပရေးကော်မတီမှ မြန်မာတစ်နိုင်ငံလုံးရှိ အသက်အကြီးဆုံးအဘိုးအဖြစ် ဂုဏ်ပြုချီးမြှင့်ခြင်းခံရပြီး၊ အထူးဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်းကို ပူဇော်ကန်တော့ခံခဲ့ရသည့်အတွက် အထူးဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်(၂၂)ရပ်ကွက်မှ အသက်(၈၇)နှစ်နှင့်အထက် အဘိုးအဘွား စုစုပေါင်း(၃၃၇)ဦးအနက် အခမ်းအနားသို့ တက်ရောက်လာသည့် အဘိုးအဘွား(၁၀၈) ဦးကို ဂုဏ်ပြုပူဇော်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၉ခုနှစ်အတွက် ဆောင်ပုဒ်ဖြစ်သည့် “အသက်ကြောင့်မခွဲခြား တို့ဘိုးဘွား၊ စွမ်းအားတူညီ လျှောက်လှမ်းမည်” ဆိုသည့်အတိုင်း ရှမ်းပြည်နယ်အတွင်းရှိ သက်ကြီးရွယ်အို ဘိုးဘွားများကို မြန်မာ့ရေမြေ သဘာဝနှင့် လိုက်လျောညီထွေဖြစ်မည့် ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ စောင့်ရှောက်မှုများကို မြှင့်တင်ပေးကြရန်ပြောကြားသွား သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် ဇနီးဒေါ်နန်းရွှေမြင့်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူတို့က အဘိုးအဘွားများအား ပူဇော်ကန်တော့၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ ဘိုးဘွားများအား ပူဇော်ကန်တော့ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းပေး၍ တက်ရောက်လာသည့် တာဝန်ရှိသူများကလည်း ဘိုးဘွားများအား ပူဇော်ကန်တော့ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းပေးကာ ရှမ်းပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန အထူးကုဆရာဝန်ကြီးများမှ ဘိုးဘွားများအား အာဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၅၅)နှစ်မြောက် နှစ်ပတ်လည်နေ့ တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး အောက်တိုဘာ   −   ၁

235

(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ(၁)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အဓိကရည်မှန်းချက် တာဝန်(၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ဖြစ်ပါကြောင်း၊ ရည်မှန်းချက် များကိုအကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် ဖြတ်သန်းခဲ့သော နှစ်ပေါင်း(၅၅)နှစ်အတွင်း အတွေ့အကြုံများအပေါ် အခြေခံပြီး လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံတော်ပြုပြင်ပြောင်းလဲနေမှုအခြေအနေ၊ နိုင်ငံတကာ၏ တိုးတက်ပြောင်းလဲနေမှု အခြေအနေများနှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်သွားကြရန်လိုအပ်မှာကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်တာနှင့်အညီ ပြည်သူ့အကျိုးစီးပွားကို အလေးအနက်ထားပြီး ကာကွယ်စောင့်ရှောက်ပေးသွားကြရန်၊ ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် ပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာစွာတာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်းဖြင့် မိမိဂုဏ်သိက္ခာကိုရော ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကိုပါ မြှင့်တင်ပေးကြရန်၊ နိုင်ငံသားအားလုံး၏အကျိုးစီးပွားကို ညီတူညီမျှကာကွယ်စောင့်ရှောက်ပေးပြီး စံပြနိုင်ငံသားကောင်းတစ်ယောက် တန်ဖိုးများ ဖြစ်သည့် ကိုယ်ကျင့်သီလကောင်းများနှင့်အညီ အဂတိလိုက်စားမှုကင်းရှင်းစွာဖြင့် ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်သွားကြရန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နိုင်သည့် တပ်ဖွဲ့ တစ်ခုဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်၊ ဟုတ်သောအကြံ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံးသားများ အဖြစ်ပြည်သူချစ်ပြီး နိုင်ငံ့ပုံရိပ်ကောင်းကို ဖော်ဆောင်နိုင်သည့် ရဲတပ်ဖွဲ့ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြား သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင်အောင်က ရဲချုပ်၏သဝဏ်လွှာအားဖတ်ကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၏အမှုထမ်းကောင်းလက်မှတ်ရရှိသူ တပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ် ရရှိသူ တပ်ဖွဲ့ဝင်(၄)ဦးတို့အား ဂုဏ်ပြုလက်မှတ်များချီးမြှင့်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၏အမှုထမ်းကောင်းလက်မှတ်ရရှိသူ တပ်ဖွဲ့ဝင်(၂)ဦး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှူထမ်းကောင်းလက်မှတ် ရရှိသူ တပ်ဖွဲ့ဝင်(၂)ဦးနှင့် ပြည်သူ(၁)ဦးတို့အား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်နယ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ (ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏အမှုထမ်းကောင်းလက်မှတ်) ရရှိသူ တပ်ဖွဲ့ဝင် (၃)ဦးနှင့် ပြည်သူ(၁)ဦးတို့အား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပေး၍လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ (ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်ရရှိသူ) တပ်ဖွဲ့ဝင်(၃)ဦးနှင့် ပြည်သူ(၁)ဦးတို့အား ဂုဏ်ပြုလက်မှတ် ချီးမြှင့်ပေးအပ်ခဲ့ကြပြီး၊ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ပြသ၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ခန်းမအတွင်းပြသ ထားသောပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 154 guests and no members online