Articles

Ooredoo (Myanmar) မှ လှူဒါန်းပြီး UNOPS (Myanmar) မှ တာဝန်ယူကြီးကြပ်ဆောက်လုပ်သော တောင်ကြီးမြို့နယ် ထီဟမ်းဆွေးကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဖာမွန်းကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ်နှင့် အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

တောင်ကြီးမြို့    အောက်တိုဘာလ - ၂၃

258
 Ooredoo (Myanmar) မှ လှူဒါန်းပြီး UNOPS (Myanmar) မှ တာဝန်ယူကြီးကြပ်ဆောက်လုပ်သော တောင်ကြီးမြို့နယ်၊ ထီဟမ်းဆွေးကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဖာမွန်းကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ်နှင့် အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို အောက်တိုဘာ ၂၃ ရက်နေ့(နံနက်ပိုင်း)တွင် ထီဟမ်းဆွေးကျေးရွာနှင့် ဖာမွန်းကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ Ooredoo (Myanmar) နှင့် UNOPS (Myanmar) တို့မှ ကိုယ်စားလှယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ အမှတ်တရသစ်ပင်စိုက်ပျိုးပြီး ကမ္ဗည်းဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပက်ဖျန်းပေးကာ အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြား ပြီး ရှမ်းပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က ကျေးဇူးတင်အမှာစကား ပြောကြားခဲ့ပါကြောင်း၊ Ooredoo (Myanmar) မှ ဦးတင့်နိုင်ထွဋ် (Head of Coperate Communication)က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး UNOPS (Myanmar) မှ Mr.Yoga Baral, Infrastructure Mamager က တည်ဆောက်မှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ကျေးရွာဥက္ကဌမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ Ooredoo (Myanmar) မှ ဦးတင့်နိုင်ထွဋ်က ကျေးလက်ကျန်းမာရေးဌာနခွဲ ထိန်းသိမ်း စောင့်ရှောက်မှု လမ်းညွှန်စာအုပ်နှင့် စာရွက်စာတမ်းများအား တောင်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးသို့ လွှဲပြောင်းပေးအပ်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို Ooredoo (Myanmar) နှင့် UNOPS (Myanmar)တို့သို့ အသီးအသီးပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အစရ(ရှမ်း)

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်း ပြန်လည်စွန့်လွတ်အပ်နှံလာသည့် မြေဧက(၂၀၀)အနက်မှ (၁၇၂.၃၉)ဧကအား မူလတောင်သူ(၄၄)ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)များပေးအပ်

ဆီဆိုင်  အောက်တိုဘာ   −   ၂၅

260
 ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁)စစ်ဗျူဟာရုံးမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံလာသည့် မြေဧက(၂၀၀)အနက်မှ (၁၇၂.၃၉)ဧကအား မူလ တောင်သူ(၄၄)ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)များပေးအပ်ခြင်းကို အောက်တိုဘာ(၂၅)ရက် မွန်းလွဲ(၁)နာရီခွဲက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
 ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံတွင် လယ်ယာ မြေသည်လယ်သမားများအတွက် အသက်သွေးကြောဖြစ်၍ အသက်တမျှအရေးကြီးလှသော လယ်ယာမြေပြန်လည်ရရှိရန် ရှမ်းပြည်နယ် အစိုးရအနေဖြင့် ဦးစားပေးအထူးတာဝန်တစ်ရပ်အနေဖြင့်သတ်မှတ်၍ ဆောင်ရွက်ပေးနေပါကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် သိမ်းဆည်းမြေယာများထဲက အသုံးမပြုတော့သည့်နေရာများကို ပြန်လည်စွန့်လွှတ်ရာတွင် မူလပိုင်ရှင်ထံ မြန်မြန်ရောက်ပြီး စောစောအကျိုးခံစားနိုင်ရန် စိုက်ပျိုးရာသီအမီ အမြန်လွှဲပြောင်းပေးအပ်နိုင်ရေးသည် ရှမ်းပြည်နယ်အစိုးရ အနေဖြင့် ပွင့်လင်းမြင်သာမှုရှိပြီး ရေရှည်ဖွံ့ဖြိုးမှုဖြစ်စေမည့် မူဝါဒနှင့်လုပ်ငန်းစဉ်များချမှတ်ကာ စနစ်တကျစိစစ်လွှဲပြောင်းပေး နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)အခြေချစစ်ဗျူဟာမှ ပြန်လည်စွန့်လွှတ်အပ်နှံလာမှုအပေါ် မြေဧရိယာ(၁၇၂.၃၉)ဧက ဦးပိုင်(၆၀)ခုအား တောင်သူ (၄၄)ဦးလက်ဝယ်သို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခုလိုရှမ်းပြည်နယ် အတွင်းမှာပြန်လည်စွန့်လွှတ်အပ်နှံမြေများကို သက်ဆိုင်ရာတောင်သူများထံသို့ ပြန်လည်ပေးအပ်ပွဲကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသော မြေစွန့်လွှတ်သည့်ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်သူများလက်ဝယ် ပြန်လည်ပေးအပ်နိုင်ရေး ကြိုးပမ်းပေးခဲ့ကြသော ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကိုယ်စား ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်းနှင့် တောင်သူများအနေဖြင့် ရရှိလာသော မြေများကို စိုက်ပျိုးလုပ်ကိုင်ရာတွင် မိမိတို့တစ်ကိုယ်ရေ တစ်မိသားစု ဝမ်းစာဖူလုံရေးမှ နိုင်ငံစီးပွားတိုးတက်မှုကို အထောက်အကူ ပြုနိုင်သည့် ကုန်ထုတ်လယ်ယာမြေများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်ပြောကြားသွားသည်။
 ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ရှမ်းပြည်နယ်အတွင်း မြေယာကိစ္စတိုင်ကြားစာများအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေနှင့် စွန့်လွှတ်မြေများကို မူလတောင်သူများထံသို့ ပြန်လည် ပေးအပ်မှု အခြေအနေအား ရှင်းလင်းတင်ပြပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်မှ ဒေသဆိုင်ရာ အခြေအနေများအား ရှင်းလင်းတင်ပြကြောင်းသိရသည်။
 ထို့နောက် ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့မှပေးအပ်ရာ တောင်သူအသီးသီးတို့က လက်ခံရယူကြပြီး တောင်သူများကိုယ်စား တောင်သူ ဒေါ်နန်းချိုချိုဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

ညောင်ရွှေမြို့နယ် နန်းပန်ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကျင်းပ

ညောင်ရွှေ အောက်တိုဘာ   −   ၂၅

259
 ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် နန်းပန်ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကို အောက်တိုဘာ(၂၅)ရက် နံနက်(၉)နာရီခွဲက နန်းပန်စျေးကုန်းကျေးရွာ ဇေယျသုခ ပရဟိတကျောင်း၌ ကျင်းပသည်။
 ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နန်းပန်စျေးကုန်းရွာနေ ပြည်သူများ၏ စိတ်ပိုင်း ဆိုင်ရာလုံခြုံမှုနှင့် ပိုင်ဆိုင်မှုအထောက်အထား ခိုင်မာတည်တံ့စေရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်/ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ခိုင်မာသည့်ပိုင်ဆိုင်မှု အထောက်အထား ကျေးရွာမြေငှားဂရန်အား ကျေးရွာသူ ကျေးရွာသားများလက်ဝယ်အရောက် ပေးအပ်ပွဲအခမ်းအနားဖြစ်ပါကြောင်း၊ နန်းပန်စျေးကုန်း ကျေးရွာအတွင်း သတ်မှတ်ချက်နှင့်ကိုက်ညီသည့် အိမ်ခြေ(၁၁၃)အိမ်အား ကျေးရွာမြေငှားဂရန်ထုတ်ပေးခဲ့ပြီး မြေငှားဂရန်ထုတ် ပေးရန်ကျန်ရှိအိမ်ခြေ(၄၅)အိမ်အနက်မှ အိမ်ခြေ(၂၇)အိမ်ရှိ ပြည်သူများမှ ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ထပ်မံတင်ပြ လျှောက်ထားလာမှုအပေါ် ကျေးရွာမြေငှားဂရန်ချထားပေးနိုင်ရေး၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်စေခဲ့ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အိမ်ခြေ(၂၂)အိမ်အတွက် ကျေးရွာသူ ကျေးရွာသားများ၏ လက်ဝယ် အရောက်ကျေးရွာမြေငှားဂရန်အား ယနေ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျေးရွာမြေငှားဂရန် ဆက်လက်ထုတ်ပေးနိုင်ရေးနှင့်ပတ်သက်၍ မြို့နယ်(၁)မြို့နယ်လျှင် ကျေးရွာ(၃)ရွာစီရွေးချယ်၍ ဦးစားပေးအဆင့်(၁/၂/၃)အလိုက် သတ်မှတ်ရွေးချယ်ပြီး ကျေးရွာမြေငှားဂရန်များအား စိစစ်ထုတ်ပေးနိုင်ရေးကို စီမံချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းပြောကြားသွားသည်။
 ဆက်လက်၍ ကျေးရွာမြေငှားဂရန် စာချုပ်များအားပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှ ကျေးရွာမြေငှားဂရန်စာချုပ်အားပေးအပ်ရာ ကျေးရွာနေပြည်သူတစ်ဦးမှ လက်ခံရယူ၍လည်းကောင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ အင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတို့က အသီးသီးကျေးရွာမြေငှားဂရန် စာချုပ်အားပေးအပ်ရာ ကျေးရွာနေပြည်သူတို့မှ အသီးသီးလက်ခံရယူကြပြီး၊ ကျေးရွာမြေငှားဂရန် စာချုပ်များလက်ခံရရှိသည့် ကျေးရွာနေပြည်သူများကိုယ်စား ဦးညွှန့်ဝင်းမှကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းသိရ သည်။
 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ် နောင်တောကျေးရွာအုပ်စု လွယ်ခေါ့ကျေးရွာ တွင်ဌာနဆိုင်ရာ(၁၅)ခုမှ ရွေ့လျားဝန်ဆောင်မှုစနစ်ဖြင့် ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသ၏လိုအပ်ချက်များ တင်ပြလာသော အချက်အလက်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ အသီးသီးတို့မှ ပြန်လည်ဖြည့်ဆည်းဖြေကြားပေးကြကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ် ပြည်နယ်အဆင့်မိတ်ဆက်ခြင်းကျင်းပ

တောင်ကြီး အောက်တိုဘာ   −   ၂၄

257
 ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံရုံး၊ ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ SDC တို့ပူးပေါင်းကျင်းပသော လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန် စာအုပ် ပြည်နယ်အဆင့်မိတ်ဆက်ခြင်းကို အောက်တိုဘာ(၂၂)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ Taunggyi City Hotel ၌ကျင်းပကြောင်းသိရသည်။
 ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန နှင့်အခြေခံပညာစာသင်ကျောင်း ဆောက်လုပ်ရေးနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ ရေးသားပြုစုထားသည့် လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ်ဆိုင်ရာ ပြည်နယ်အဆင့်မိတ်ဆက်ပွဲနှင့် နည်းပြသင်တန်း အစီအစဉ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း စာသင်ကျောင်းအသစ်ဆောက်လုပ်ခြင်းအတွက် “လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ်” သည်စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့တွင် အခြေခံပညာဦးစီးဌာနရှိ စာသင်ကျောင်းများဆောက်လုပ်ရာ၌ စာချုပ်ချုပ်ဆို ရာတွင် လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်ချက်များအတိုင်း ထည့်သွင်းချုပ်ဆိုရန် အကြောင်းကြားပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီကိုဖွဲ့စည်း၍ အခြေခံပညာဦးစီးဌာန၏ စာသင်ကျောင်းများ ဆောက်လုပ်ရေးလုပ်ငန်းများကို သတ်မှတ်အရည်အသွေးပြည့်မှီစေရန် စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန်ချက်များ၊ အသိပညာနှင့်အတွေ့အကြုံများကို ပြန်လည်ဆင့်ပွားမျှဝေကြရန်နှင့် မိမိတို့၏စာသင်ကျောင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် လက်တွေ့ပြန်လည်အသုံးပြုကြရန် ပြောကြားသွားသည်။
 ဆက်လက်၍ ဆွစ်ဇာလန်သံရုံးမှ တာဝန်ခံအကြီးအကဲတစ်ဦး၊ ပြည်နယ်ပညာရေးမှူး၊ SCSCG Task Force အဖွဲ့ ခေါင်းဆောင်တစ်ဦးတို့မှ အသီးသီးအဖွင့်အမှာစကား ပြောကြားကြပြီး လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ် နည်းပြသင်တန်း SCSCG Traning Trainers (SCSCG TOT) သင်တန်းကို ၂၀၁၉ခုနှစ် အောက်တိုဘာလ (၂၃)ရက်နှင့် (၂၄)ရက်များတွင် အထက(၁) တောင်ကြီးမြို့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး၊ အဆိုပါ အခမ်းအနားသို့ SCSCG Task Force အဖွဲ့ဝင်များ၊ ဆွစ်ဇာလန်သံရုံးမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 81 guests and no members online

Latest Updates