စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဖြစ်သည့် ပုဂ္ဂလိက ကဏ္ဍပြောင်းလဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းခြင်း အစည်းအဝေးကျင်းပ

တောင်ကြီး   မေ   ၁၇

 

7

 

    ၂၀၁၃ ခုနှစ်၊ ဧပြီလ(၃၀)ရက်တွင် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနား၌ “ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ လုပ်ငန်း ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူထားသော ဝန်ကြီးဌာနအသီးသီးနဲ့ ဒေသဖွံ့ဖြိုး ရေးတာဝန်ယူထားသော တိုင်းဒေသကြီး/ပြည်နယ်အစိုးရအသီးသီးက စီမံပံ့ပိုးရမယ့် လုပ်ငန်းများရှိသလို၊ အစိုးရဌာနများနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းများစွာ ပါဝင်တဲ့အတွက် အစိုးရဌာနများက ကမကထပြုပြီး ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲတိုးတက် ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရ၊ ပုဂ္ဂလိကညှိနှိုင်းဆွေးနွေးမှုများကို အမြန်ဆောင်ရွက်ကြရန်နဲ့ အားပေးမြှင့်တင်ဆောင်ရွက်မယ့် အစီအမံများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် သွားကြရန်” နိုင်ငံတော်သမ္မတက တိုက်တွန်းမိန့်ကြားခဲ့ပြီးဖြစ်ပါသည်။


    ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ တစ်ရပ်ကို ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ဦးဆောင်ဆွေးနွေးပြီး၊ ပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်လှိုင်က အသေးစိတ်ရှင်းလင်း ဆွေးနွေးသည်။


    ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့ အတွင်းရေးမှူးများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးများ၊ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် အတူ သက်ဆိုင်ရာ စီမံကိန်းဦးစီးမှူးများလည်း တက်ရောက်ကြသည်။


    ဆွေးနွေးပွဲမှာ အောက်ပါအချက်များကို လမ်းညွှန်ခဲ့ပါသည်-


    (က)    ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လုပ်ငန်းကဏ္ဍ နယ်ပယ်အလိုက် အသင်းအဖွဲ့များ ပိုမိုအားကောင်းခိုင်မာအောင် ဖွဲ့စည်းဆောင်ရွက်သွားရန်၊


    ( ခ)    အသင်းအဖွဲ့၊ အစုအဖွဲ့ မရှိသေးသော  လုပ်ငန်းကဏ္ဍများ၊  ဒေသများ၌   အသင်းအဖွဲ့(သို့မဟုတ်) အစုအဖွဲ့များ၊ သမဝါယမကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ဖွဲ့စည်း အားပေးမြှင့်တင်သွားရန်၊


   ( ဂ)    ပုဂ္ဂလိကဏ္ဍရှိ အသင်းအဖွဲ့များအတွင်း လုပ်ငန်းအလိုက် လုပ်ငန်းအဖွဲ့ (Working  Group)များ ဖွဲ့စည်းပေးပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများကလည်း လုပ်ငန်းကဏ္ဍအလိုက်၊ ဒေသအလိုက် လုပ်ငန်းအဖွဲ့ (Working  Group)များ ဖွဲ့စည်းသွားရန်၊


  (ဃ)    ဝန်ကြီးဌာနအဆင့်၊ ဒေသအဆင့် အလုပ်ရုံဆွေးနွေးပွဲကြီးများ ညှိနှိုင်းအစည်းအဝေးကြီးများ ပြုလုပ်ခဲ့ကြသော်လည်း ဆွေးနွေးညှိနှိုင်းမှုရလာဒ်နှင့် လက်တွေ့ အကောင်အထည်ဖော်မှု၊ စဉ်ဆက်မပြတ်ထိတွေ့ဆောင်ရွက်မှု အားနည်းသည့်အတွက် အဆိုပါ ဆွေးနွေးပွဲများ၊ ညှိနှိုင်းအစည်းအဝေးများကို လိုအပ်သလောက် ကျင်းပ၍ လက်တွေ့ညှိနှိုင်းလုပ်ကိုင် အကောင်အထည်ဖော်မည့် အဆင့် ညှိနှိုင်းအစည်းအဝေး (Working  Level  Meeting)များကို ပိုမိုအလေးထား၍ ပုံမှန် ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်ပြီး လက်တွေ့ အောင်မြင်တိုးတက်မှုရှိအောင် ဆောင်ရွက်သွားရန်၊


   ( င)    စိုက်ပျိုးမွေးမြူထုတ်လုပ်မှု ကုန်ကြမ်းမှ ကုန်ချောအထိ  ထုတ်လုပ်နိုင်မှုမှ စျေးကွက်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply  Chain)တစ်လျှောက်လုံးတွင် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့များ၊ (Working Group)များပူးပေါင်းကွင်းဆင်း၍ အားနည်းချက်၊ အားသာချက်များကို လေ့လာသုံးသပ်ပြီး တိုးတက်အောင် အားပေး မြှင့်တင်နိုင်မည့် နည်းလမ်းများ ရှာဖွေစီမံ အကောင်အထည်ဖော်သွားရန်၊


   ( စ)    မြို့နယ်၊ ဒေသအလိုက် လက်ကားစျေးကွက်နှင့် ကုန်စည်ဒိုင် စျေးကွက် ဖွံ့ဖြိုးရေး အဆင့်မှ နိုင်ငံတကာစျေးကွက်သို့  လုပ်ငန်းကဏ္ဍ နယ်ပယ်အလိုက် ယှဉ်ပြိုင်ဝင်ရောက်နိုင်စွမ်းရှိရေး အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းလုပ်ငန်းအဖွဲ့များ (Working Group)များ ဖွဲ့စည်းညှိနှိုင်းစီမံ အားပေးမြှင့်တင် ဆောင်ရွက်သွားရန်၊


    (ဆ)    အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် လျှပ်စစ်ဓါတ်အား လိုအပ်ချက်အား ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဒေသအလိုက်၊ ဇုန်အလိုက် လျှပ်စစ်ရရှိရေး အားပေးမြှင့်တင် ဆောင်ရွက်သွားရန်၊


    ( ဇ)    ငွေကြေးလိုအပ်ချက်အတွက် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းလုပ်ငန်းအဖွဲ့များဖြင့် ညှိနှိုင်းပြီး အသေးစားငွေချေးလုပ်ငန်းများ အားပေးမြှင့်တင်သွားရန်၊


    ( စျ)    လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ ဝန်ဆောင်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း လုပ်ငန်းအဖွဲ့များနှင့် ညှိနှိုင်းပြီး အစီအမံ ရေးဆွဲအားပေးမြှင့်တင် ဆောင်ရွက်သွားရန်၊


    ၎င်းနောက် ပုဂ္ဂလိက ကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဖွဲ့စည်းထားသော စီမံကိန်းကော်မတီ၊ အထောက်အကူပြုကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီနှင့် လူမှုစီးပွား အသင်းအဖွဲ့များနှင့် မြို့နယ်အလိုက် အစည်းအဝေး ကျင်းပ ပြီး ဆောင်ရွက်လိုသည့် (Supply Chain) များကို လွတ်လပ်ပွင့်လင်းစွာ အမြန်ဆွေးနွေးရန်၊ ဆွေးနွေးဆုံးဖြတ်ချက်များအား ပြည်နယ်အစိုးရအဖွဲ့သို့ အမြန်ဆုံး ပြန်လည်တင်ပြသွားရန် ညွှန်ကြားထားရှိကြောင်း သတင်းရရှိသည်။