တရားမဝင်ဘုန်းကြီးကျောင်းဖယ်ရှားသည့် သတင်းမှန်အား ရှမ်းပြည်နယ် အစိုးရအဖွဲ့ထုတ်ပြန်

တောင်ကြီး   မေ   ၂၃

 

   ၂၀၁၂ ခုနှစ်၊စက်တင်ဘာလအတွင်းက တောင်ကြီးမြို့တွင် တရားမဝင် ကျူးကျော် ဘုန်းကြီးကျောင်း(၁၃)ကျောင်းအား မြို့နယ်သံဃနာယကအဖွဲ့မှ လိုက်ပါလျက် လုပ်ထုံးလုပ်နည်း နှင့်အညီ ရှင်းလင်းဖယ်ရှားရေး ဆောင်ရွက်ခဲ့ရာ ဘုန်းကြီးကျောင်း(၁၂)ကျောင်းက ယင်းသို့ဆောင် ရွက်မှုကို လိုက်နာခဲ့သော်လည်း တောင်ကြီးမှ ဟိုပုံးသို့အထွက်  ပြည်ထောင်စုလမ်းမ ပေါ်ရှိ သစ်တောရပ်ကွက်မှ အောက်ဖော်ပြပါ သင်္ကန်းဝတ်များ သီတင်းသုံးနေထိုင်သည့် တရားမဝင် ကျောင်းမှာမူဓမ္မစက်၊ အာဏာစက်အား ဆန့်ကျင်လျက်ရှိနေခဲ့သည်-
    (က)    ဦးကဝိစာရ(ခ)ကျော်မွေး၊ (၅၆)နှစ်၊ (၁၁)ဝါ၊(ဘ) ဦးဖိုးကြံ၊တောင်ကြီးမြို့၊
    (ခ)    ဦးဝိဇယ၊ (၄၇)နှစ်၊ (၄)ဝါ၊(ဘ) ဦးအေးမောင်၊ ပျော်ဘွယ်မြို့၊
    (ဂ)    ဦးကေလာသ၊(၅၁)နှစ်၊ ဝါ(မရှိ)၊(ဘ)ဦးကော်၊တောင်ကြီးမြို့၊
    (ဃ)    ဦးကောဝိဒ၊ (၆၄)နှစ်၊(၄)ဝါ၊(ဘ)ဦးစံဝ၊ရပ်စောက်မြို့၊
    (င)    ရှင်ရေဝတ၊ (၃၂)နှစ်၊ဝါ(မရှိ)၊(ဘ) ဦးစိန်လှဝင်း၊တောင်ကြီးမြို့၊
    (စ)    ရှင်ပညာဝံသ၊(၅၆)နှစ်၊ ဝါ(မရှိ)၊(ဘ)မသိ၊တောင်ကြီးမြို့၊
    (ဆ)    ရှင်ဩဘာသ၊(၅၄)နှစ်၊ဝါ(မရှိ)၊(ဘ)ဦးပု၊တောင်ကြီးမြို့၊
    (ဇ)    ရှင်ပဏ္ဍိတ၊(၆၃)နှစ်၊ဝါ(မရှိ)၊(ဘ)ဦးအောင်ထွန်း၊တောင်ကြီးမြို့၊
    (စျ)    ရှင်ဥက္ကဋ္ဌ၊(၁၁)နှစ်၊ဝါ(မရှိ)၊(ဘ)ဦးရန်မောင်၊ တောင်ကြီးမြို့၊
    (ည)    ရှင်သုမန၊(၁၂)နှစ်၊ဝါ(မရှိ)၊(ဘ)ဦးဝင်းတင်၊တောင်ကြီးမြို့၊
    (ဋ)    ရှင်ပညာဝံသ၊(၁၄)နှစ်၊ဝါ(မရှိ)၊(ဘ)မသိ၊တောင်ကြီးမြို့၊
    (ဌ)    ရှင်နန္ဒ၊(၁၁)နှစ်၊ဝါ(မရှိ)၊(ဘ)ဦးကော်၊ တောင်ကြီးမြို့၊
    (ဍ)    ရှင်ဇိဏောရသ၊(၅၆)နှစ်၊(၁၄)ဝါ၊(ဘ)ဦးပေကြီး၊ အမရပူရမြို့။

 

    ယင်းသို့ ဖယ်ရှားခြင်းမပြုပဲ ရှိနေသောကြောင့် ရှမ်းပြည်နယ်သာသနာရေးမှူးရုံးက သက်ဆိုင်ရာ သံဃနာယကအဖွဲ့အစည်းအဆင့်ဆင့်၏ သြဝါဒခံယူလျက် ဆင်လက်သီတင်းသုံး နေထိုင်သည့်နေရာသည် အစိုးရပိုင်မြေဖြစ်ပြီး စီမံကိန်းလုပ်ငန်းများအတွက် လျာထားသည့် မြေနေရာဖြစ်ကြောင်း၊ ရဟန်းဝိနည်းနှင့် အညီသင့်တင့်ရာ အရပ်ကို ရွေးချယ်လျက်ဖယ်ရှားပေးရန် ဖြစ်ကြောင်း၊ တရားမဝင် ဘုန်းကြီးကျောင်းဖြစ်ပါလျက် ခွင့်ပြုချက်မရှိပဲ ခြံစည်းရိုးကာရံခြင်း၊ ကျောင်းဆောက်ခြင်း၊ စေတီတည်ခြင်း၊ ကျောင်းရှေ့ ကားလမ်းပေါ်၌ ခရီးသွားများအား အနှောင့်အယှက်ပြုလျက်ခွက်ဖလားထိုးအလှူခံခြင်းတို့ကို ရှောင်ကြဉ်ရန်ဖြစ်ကြောင်း ၊ သံဃ နာယက အဖွဲ့အစည်းအဆင့်ဆင့်ထံ လျှောက်ထားသြဝါဒ ခံယူပြီးဖြစ်၍ ဖယ်ရှားရေးအား သိရှိလိုက်နာ ဆောင်ရွက်ရန် ဦးကဝိစာရ(ခ)ကျော်မွေးထံသို့ လိပ်မူပြီး တတိယအကြိမ်လျှောက်ထားလွှာ ပေးပို့ခဲ့သည်။


    ယင်းသို့ပေးပို့ခဲ့ရာတွင် ဦးကဝိစာရ(ခ)ကျော်မွေးမှ ၂၀၁၃ ခုနှစ်၊မတ်လ(၁၃)ရက်နေ့စွဲဖြင့် ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လိပ်မူလျက် တရားမဝင်ကျောင်းဖြစ်သောကြောင့် မြို့နယ်သံဃနာယကအဖွဲ့က လိုက်ပါလျက် ဖယ်ရှားရေးဆောင်ရွက်ခဲ့ခြင်းအပေါ် အကြမ်းဖက် လုပ်ရပ်ဟုလည်းကောင်း၊ မြို့နယ်သံဃနာယကအဖွဲ့သည် သံဃနာယကအဖွဲ့၏လုပ်ငန်းတာဝန် များကို ကျော်လွန်၍ လူဆိုး၊ လူမိုက်၊ သူပုန်၊ ဓားပြ၊ လူရမ်းကားများကဲ့သို့ ဥပဒေမဲ့ လုပ်ကိုင်သည် ဟုလည်းကောင်း၊ မြို့နယ်သံဃနာယကအဖွဲ့သည် နာယကဂုဏ်အင်္ဂါအရည်အချင်းပျက်ယွင်း သော အဖွဲ့အစည်းဖြစ်၍ ပြန်လည်ဖွဲ့စည်းသင့်သည်ဟုလည်းကောင်း သင့်လျော်မှုမရှိသော စကားရပ် များသုံးစွဲလျက် မချေမငံ ရိုင်းပျစွာ တုံ့ပြန်ရေးသားပေးပို့ခဲ့သည်။


    ဦးကဝိစာရ(ခ)ကျော်မွေး၏ယင်းသို့ရိုင်းပျစွာ တုံ့ပြန်ရေးသားပေးပို့ခဲ့ခြင်းနှင့်စပ်လျဉ်း၍ တောင်ကြီးမြို့နယ် သံဃနာယကအဖွဲ့မှ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင် ဦးကဝိစာရ(ခ) ကျော်မွေး ဦးဆောင်၍ တရားမဝင် သီတင်းသုံးနေထိုင်သော ကျူးကျော်ကျောင်းအား ဖယ်ရှားပြီး ဖြစ်သော်လည်း ထပ်မံဝင်ရောက် ကျူးကျော်သည့်အပြင် သာသနာတော်ဂုဏ်သိက္ခာညှိုးမှိန်စေသည့် ကိစ္စရပ်များ ဆက်လက်ကျူးလွန်နေသဖြင့် အောက်ပါတို့အား အမြန်ဆောင်ရွက်ရန် ပြည်နယ်သာ သနာရေးမှူးရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လိပ်မူ၍ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ ပြည်နယ်သံဃနာယကအဖွဲ့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးဦးစီးဌာနနှင့် သာသနာရေးရာနှင့် ဝိနိစ္ဆယဌာန၊ သာသနာရေးဦးစီးဌာနများသို့ မိတ္တူ ဖြင့်ပေးပို့ခဲ့သည်-


   (က)  ကျူးကျော်အဆောက်အဦများအား သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနများက ဖျက်သိမ်းဖယ်ရှားရေးအဖွဲ့ ဖွဲ့စည်း၍ ဦးစီးဦးဆောင်ပြုဆောင်ရွက်သွားရန်နှင့်ကျူးကျော် ပုဂ္ဂိုလ်အား ကျူးကျော်နေရာမှ ထွက်ခွာသွားစေခြင်းဖြင့် တရားဥပဒေကို လေးစား         လိုက်နာစေရေးဆောင်ရွက်သွားရန်၊
    (ခ)    လိုက်နာမှုမရှိပါက သက်ဆိုင်ရာ တရားစွဲ အဖွဲ့အစည်းဌာနများသို့ စွဲဆိုသွားပြီး ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ရေးအတွက် ဆိုင်ရာမြေကို စီမံပိုင်ခွင့်ရှိသောဌာနများ ကတိတိကျကျ အလေးအနက်ထား ဆောင်ရွက်သွားရန်၊
    (ဂ)    ညွှန်ကြားလွှာ လုပ်ထုံးလုပ်နည်းများနှင့် ပြုလုပ်ဆောင်ရွက်နိုင်ရေးအတွက် သာသနာရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ သံဃနာယကအဖွဲ့ရုံးသို့ လာရောက်ဆောင်ရွက်ရန်၊
    (ဃ)   ၎င်းအပြင် ထင်းရှူးမြိုင်စသော ကျူးကျော်ကျောင်းများအား အကောင်အထည်ဖော် ဖျက်သိမ်းပြီးဖြစ်ပါသော်လည်း ထပ်မံ ကျူးကျော်ဆောက်လုပ်နေခြင်းအား တားမြစ်သွားရန်နှင့် ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားရန်၊
    (င)    နောက်ဆုံးအဆင့်(လုံးဝလိုက်နာမှုမရှိပါက) သာသနာတော် သန့်ရှင်းရေး/သံဃာစည်း         ကမ်းထိန်းသိမ်းရေးအဖွဲ့အား အကြောင်းကြား၍ ဖယ်ရှားစေရန်၊
  (စ)  ထင်းရှူးမြိုင် ကျူးကျော်ကျောင်းနေ ဦးကဝိစာရ(ခ) ကျော်မွေးသည် ကျူးကျော်ကျောင်းမြေနေရာမှ ချက်ခြင်းထွက်ခွာသွားရန်နှင့် ထွက်ခွာခြင်းမပြုပါက သက်ဆိုင်ရာ     အုပ်ချုပ်ရေးရုံးများက စနစ်တကျအဖွဲ့ ဖွဲ့စည်း၍တည်ဆဲဥပဒေ နှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ကို ခံယူရန်၊
   (ဆ)    တောင်ကြီ:မြို့ စိန်ပန်းရပ်ကွက် လောကမာန်အောင်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးခေမာနန္ဒသည် မိမိ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ သံဃအဖွဲ့အစည်း အခြေခံ စည်းမျဉ်းများနှင့်ညွန်ကြားလွှာများကို သတ်မှတ်ပြဌာန်းသော ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့အစည်းတို့နှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဗဟိုသံဃဝန်ဆောင် ဆရာတော်တို့၏ ဂုဏ်သိက္ခာကိုလည်းကောင်း ထိန်းသိမ်းစောင့်ရှောက်လိုက်နာ သွားရန်နှင့် လိုက်နာခြင်းမရှိပါက သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားခြင်းကို ခံရမည်ဖြစ်ကြောင်း သိရှိလိုက်နာရန်။ (တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ လောကမာန်အောင်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ဦးခေမာနန္ဒသည် ဦးကဝိစာရ ၏ ဥပဇ္စျာယ် ဆရာတော်ဖြစ်သည်။)


   သို့ဖြစ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် သံဃနာယကအဖွဲ့အစည်း အဆင့်ဆင့်က နည်းလမ်း တကျ ဓမ္မစက်နှင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့၍ အာဏာစက်ဖြင့် ဖြေရှင်းဆောင်ရွက်ရန် ဩဝါဒ မိန့်ကြားချက်အရ ဦးကဝိစာရ(ခ)ကျော်မွေး သီတင်းသုံးသည့် ကျူးကျော်ကျောင်း အဆောက်အဦအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန် မလွဲမရှောင်သာ ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ရသည်။ အဆိုပါကျူးကျော်ကျောင်းနှင့် အဆောက်အဦဖယ်ရှားရေးအဖွဲ့သည် ၂၀၁၃ ခုနှစ်၊ မေလ(၁၈)ရက်နေ့တွင် ဦးကဝိစာရ(ခ)ကျော်မွေးနှင့် သင်္ကန်းဝတ်များရှိရာ တရားမဝင်ကျောင်းသို့ မြို့နယ်သံဃနာယက စည်းကမ်းထိန်းအဖွဲ့နှင့် အတူသွားရောက်၍ ဓမ္မစက် အားလိုက်နာခြင်းမရှိသောကြောင့် အာဏာစက်ဖြင့်ဆောင်ရွက်ရမည့် အခြေအနေများ ဖြစ်ပေါ်နေ ကြောင်း၊ အာဏာစက်ဖြင့် ဆောင်ရွက်ခြင်းအား မလွဲမရှောင်သာမှသာ ပြုလုပ်လိုပါကြောင်း ဩဝါဒ ပေးပြီး စဉ်းစားချိန်ပေးလျက်ပြန်လည်ထွက်ခွာခဲ့သည်။


    သို့ရာတွင် မည်သို့ပင်နည်းမျိုးစုံဖြင့် နားချ၊ စည်းရုံး၊ စီမံဆောင်ရွက်ခဲ့သော်လည်း လိုက်နာမှု မရှိပဲ ဆန့်ကျင်မြဲ ဆန့်ကျင်နေသောကြောင့်သာ အထက်ပါအတိုင်း ၂၀၁၃ ခုနှစ်၊ မေလ(၂၁)ရက်၊ ၁၁၂၅ နာရီအချိန်တွင် တရားမဝင်ကျူးကျော်ကျောင်းဖယ်ရှားရေးအဖွဲ့အနေဖြင့် မြို့နယ်သံဃနာယ ကစည်းကမ်းထိန်းအဖွဲ့နှင့် အတူ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖယ်ရှားရေး ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။


    ယခုအခါ သံဃအဖွဲ့အစည်း အဆင့်ဆင့်၏ ဩဝါဒအားလိုက်နာရန် အဓိကပျက်ကွက်သူ ဦးကဝိစာရ(ခ)ကျော်မွေးအား သာသနာအရေခြုံကာ မိသားစုအား ကျွေးမွေးထောက်ပံ့နေသည့် ဒုဿီလပုဂ္ဂိုလ်ဖြစ်ခြင်း၊ ဝိနည်းဓမ္မကံဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလိုက်နာရန် ပျက်ကွက်ခြင်း၊ ပရိယတ်၊ပဋိပတ်တွင်လည်း လွန်စွာအားနည်းခြင်း၊ သက်ဆိုင်ရာ သံဃနာယကအဖွဲ့အစည်းများကို လည်း လူဆိုး၊ လူမိုက်၊ သူပုန်၊ ဓားပြ၊ လူရမ်းကားများဟု ပုတ်ခတ်စော်ကားခြင်း၊ သံဃအဖွဲ့အစည်း ပြိုကွဲအောင် သွေးထိုးလှုံ့ဆော်ရေးသားခြင်း၊ အစိုးရမြေအား တရားမဝင် ကျူးကျော် ဝင်ရောက်နေထိုင်ခြင်း စသည်တို့ကြောင့် တောင်ကြီးမြို့၊ အမှတ်(၁) ရဲတပ်ဖွဲ့စခန်းတွင် ဥပဒေအရ ရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။