Articles

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖြည့်ဆည်းဆောင်ရွက်

သြဂုတ် ၂၅

 

3

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် သြဂုတ်၂၅ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ မီးသတ်ဦးစီးဌာန၌ ပြုလုပ်သော ရွှေသံလွင်မီဒီယာကုမ္ပဏီလီမီတက်မှ လှူဒါန်းသည့် မီးသတ်ယာဉ်(၅)စီး လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ပြီး မီးသတ်ယာဉ်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။ 

 

ဆက်လက်ပြီး ဒုတိယသမ္မတသည် လားရှိုးပြည်သူ့ဆေးရုံကြီး၌ပြုလုပ်သည့် ကွန်ပျူတာပုံရိပ် ဖေါ် ဓါတ်မှန်အဆောက်အဦဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါကွန်ပျူတာ ပုံရိပ်ဖေါ်ဓါတ်မှန် အဆောက်အဦအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ 

 

ထို့နောက် ဒုတိယသမ္မတသည် လားရှိုးမြို့ ဆရာဝန်အသင်းတိုက်၌ ပြုလုပ်သည့် မြန်မာနိုင်ငံ ဆရာဝန်အသင်းအဆောက်အဦဖွင့်ပွဲသို့ တက်ရောက်ပြီး အသင်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် အဆိုပါအဆောက်အဦခန်းမအတွင်း ဆရာဝန်အသင်းဝင်များ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆရာဝန်အသင်း (လားရှိုး)အတွက် အလှူငွေကျပ်သိန်း(၅၀၀)ကို အလှူရှင်ကိုယ်စား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းခဲ့သည်။

 

ယင်းနောက် မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် လားရှိုးမြို့၊ မြို့တော်ခန်းမ၌ပြုလုပ်သော ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး ဒေသခံ ပြည်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဒုတိယသမ္မတ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများသည် ၂၀၁၂-၂၀၁၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ လားရှိုးစာစစ်ဌာနမှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆု များပေးအပ်ခဲ့ကြသည်။

 

၄င်းနောက် ဒုတိယသမ္မတသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ရေစီးရေလာကောင်းမွန် ရေးဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ တင်ပြချက်များအပေါ် ဆွေးနွေးဖြည့်ဆည်း ဆောင်ရွက်ပေးပြီး လားရှိုးမြို့ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ညနေပိုင်းတွင် ဒုတိယသမ္မတမိသားစုနှင့် အဖွဲ့ဝင်များသည် ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီ၌ ကပ်မိန်ကျောင်းတိုက်ဆရာတော်အမှုပြုသော ဆရာတော်၊ သံဃာတော်များ အား ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း၍ စေတီတော်အား လှည့်လည်ဖူးမျှော်ကာ အလှူငွေများ ပေးအပ် လှူဒါန်းခဲ့သည်။

 

ထို့နောက် ဒုတိယသမ္မတသည် လားရှိုးမြို့၊ မြို့ရှောင်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ရုံး၌ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပြီး ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေကျပ်သိန်း(၃၀၀)ပေးအပ်ခဲ့သည်။

 

CLMV လေးနိုင်ငံ ယဉ်ကျေးမှုပွဲတော် (The Performing Arts Festival of the 4 Countries in Vietnam) မြန်မာနိုင်ငံကိုယ်စားပြု ရှမ်းပြည်နယ်ယဉ်ကျေးမှုအဖွဲ့ ရွှေ - ၂ ဆု၊ ငွေ - ၂ ဆု ရရှိ

တောင်ကြီး  သြဂုတ်  ၂၈

 

1

 

   ဗီယက်နမ်နိုင်ငံ Quang Tri ဒေသ Dong Ha မြို့တွင် သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက် အထိ ယဉ်ကျေးမှုပွဲတော် ကျင်းပခဲ့ရာ ၎င်းပြိုင်ပွဲသို့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဌာနမှူး ဦးသန့်ဇင်ဦးနှင့် ရှမ်းပြည်နယ် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်း ဦးဆောင်ပြီး ဒေါ်ဝတ်ရည်လှိုင် (ကျွမ်းကျင် - ၁၊ အဆိုအက) ထုတ်လုပ်ဌာနခွဲ၊ အနုပညာဦးစီးဌာနမှ ဒိုင်အဖြစ် ပါဝင်ပြီး ရှမ်းပြည်နယ်မှ ယဉ်ကျေးမှုအဖွဲ့ဝင် (၂၇)ဦး၊ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ပါသည်။

 

   အဆိုပါ ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ရှမ်းပြည်နယ်ယဉ်ကျေးမှုအဖွဲ့ အနေဖြင့် အဆို - ၅ပုဒ်၊ အက - ၅ပုဒ် အချိန်(၁)နာရီစာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ယင်းတို့နက် တိုးနယားအကနှင့် "ကာ့ပန်ကောင်(ခ)အိုးစည်ဝိုင်း" အကမှာ ရွှေတံဆိပ်ဆုရရှိပြီး၊ အဆိုရှင် မောင်ညီညီထွေး သီဆိုသော "ထာဝရဓနုအလှ" သီချင်းနှင့် အဆိုရှင် တာ့အိုင်ရုန်း သီဆိုသော "ယဉ်ကျေးမှုကိုထိန်းသိမ်းပါ" "ဝ"ရိုးရာသီချင်းတို့က ငွေတံဆိပ်ဆု အသီးသီး ရရှိကြပါသည်။

မြန်မာနိုင်ငံကိုယ်စားပြု ရှမ်းပြည်နယ်ယဉ်ကျေးမှုအဖွဲ့တွင် တိုင်းရင်းသားလူမျိုး (၁၁)မျိုး (ရှမ်း၊ ပအိုဝ်း၊ အင်း၊ ဓနု၊ တောင်ရိုး၊ လီဆူ၊ ကိုးကန့်၊ "ဝ"၊ ပလောင်၊ အာခါ၊ လားဟူ) ပါဝင်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း/မြောက်ပိုင်း/အရှေ့ပိုင်းမှ စာပေ၊ ယဉ်ကျေးမှုအသင်းများမှ ရွေးချယ်စေလွှတ်ခဲ့ပါသည်။

 

   ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး ဤပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်စေလွှတ်ခဲ့ခြင်း ဖြစ်ပါသည်။

 

ဤပြိုင်ပွဲတွင် ရွှေတံဆိပ်- ၂ခု၊ ငွေတံဆိပ်- ၂ခု ရရှိခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ဂုဏ်၊ ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဂုဏ်၊ ရှမ်းပြည်နယ်အစိုးရ ဂုဏ်၊ တိုင်းရင်းသားလူမျိုးများ၏ ဂုဏ်တို့ကို မြှင့်တင်နိုင်ခဲ့ပါသည်။ တိုင်းရင်းသားများ အနေဖြင့်လည်း မိမိတို့၏ ရိုးရာယဉ်ကျေးမှုအကများကို နိုင်ငံတကာတွင် ဖော်ထုတ်ပြသခွင့် ရရှိသကဲ့သို့ အခြားနိုင်ငံများ၏ ယဉ်ကျေးမှုများကိုလည်း အနီးကပ်လေ့လာခွင့် ရရှိခဲ့ပါသည်။

 

ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်း

ရှမ်းပြည်နယ် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ

တောင်ကြီး  သြဂုတ်  ၂၁

 

5

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို သြဂုတ်(၂၁)ရက်၊ မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ ရှမ်းပြည်နယ်သံဃာ့နာယက ဥက္ကဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသီရိ အမှူးပြုသော ဆရာတော်သံဃာတော်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစံလင်းနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကုသိုလ်ရှင် အလှူရှင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ အခမ်းအနားတက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး ပြည်နယ်သံဃာ့နာယက ဥက္ကဌ ဆရာတော်ထံမှ သရဏဂုံနှင့် ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 

ထို့နောက် ဆရာတော်သံဃာတော်ရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စျာယ်တော်မူအပ်သော မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို နာယူပန်ဆင်ကြပြီး ပြည်နယ်ဝန်ကြီးများနှင့် ဧည့်သည်တော်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

၎င်းနောက် လှူဒါန်းမှု အစုစုတို့အတွက် ပြည်နယ်သံဃာ့နာယက ဥက္ကဌ ဆရာတော်က ရေစက်ညွှန်းပေးတော်မူပြီး ပြည်နယ်ဝန်ကြီးများနှင့် ဧည့်သည်တော်များက ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းလိုက်သည်။

 

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဆန်အိတ်ပေါင်း (၁၂၀၀)အိတ်၊ တန်ဖိုးငွေကျပ် (၂၂၂)သိန်း၊ အခြားလှူဖွယ်ပစ္စည်းများ တန်ဖိုး (၃၆)သိန်း စုစုပေါင်းတန်ဖိုးငွေကျပ်(၂၅၈)သိန်းအား တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၉၀)ကျောင်းနှင့် သီလရှင်ကျောင်း (၁၅)ကျောင်းတို့အား ခွဲဝေလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့ပြစီမံကိန်းများ (Town Development Plan)ကို စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  သြဂုတ်  ၂၁

 

2

 

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့ပြစီမံကိန်းများ (Town Development Plan)ကို စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်(၂၁)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပြစီမံကိန်းရေးဆွဲမည့် မြို့(၆)မြို့မှ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော်၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာမှူးကြီး ဒေါ်လှိုင်မော်ဦးက မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး တင်ပြသည်။

 

ထို့နောက် ရှမ်းပြည်နယ် စီမံကိန်းဦးစီးရုံးမှ ဒုတိယညွန်ကြားရေးမှူး၊ ဦးကျော်ဆန်းဦးက ဆွေးနွေးတင်ပြပြီး၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသိန်းဦးတို့က ဆွေးနွေးကြသည်။

 

၎င်းနောက် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့ပြစီမံကိန်း (Town Development Plan) ရေးဆွဲခြင်းကို တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် (၂၁.၈.၂၀၁၃ မှ ၂၃.၈.၂၀၁၃)ရက်အထိ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းကို ရှမ်းပြည်နယ်အတွင်းရှိ လူဦးရေ တစ်သိန်းအထက်ရှိသော တောင်ကြီးမြို့၊ ကလောမြို့၊ လားရှိုးမြို့၊ မူဆယ်မြို့၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ စုစုပေါင်း(၆)မြို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 31 guests and no members online

Latest Updates