ရှမ်းပြည်နယ်သတင်းများ

Child’s Dream ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ

တောင်ကြီး အောက်တိုဘာ - ၂၅

 261

ပညာရေးစုံညီပွဲတော်နှင့် Child’s Dream ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၅ ရက်နေ့ နံနက် ၁၀နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အောင်သုခကျေးရွာ၊ နားဟစ်မူလတန်းလွန် ကျောင်း၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်သူများကို ယုံကြည်အားကိုးပြီး ရှမ်းပြည်နယ်ကြီး ငြိမ်းချမ်းရန်၊ ဖွံ့ဖြိုးတိုးတက်သာယာရန်နှင့် ထိုမှ တဆင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်သာယာရန်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် နိုင်ငံ့ပညာရေးကောင်းဖို့ လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍတွင် နှစ်စဉ်ရန်ပုံငွေများ တိုးပြီး ခွဲဝေချထား သုံးစွဲလျက်ရှိပါကြောင်း၊ ရရှိသည့် ရန်ပုံငွေများကို လိုအပ်သည့် ဆရာ/ ဆရာမများခန့်ထားခြင်း၊ ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း၊ ကျောင်းဆောင်များအသစ်ဆောက်လုပ်ပေးခြင်း၊ ပြုပြင်ခြင်း၊ ပရိဘောဂများ ဖြည့်ဆည်းပေး ခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်းများအပြင် သင်ရိုးသစ်များရေးဆွဲပြီး နှစ်စဉ်တိုးချဲ့သင်ကြား ပေးလျက်ရှိပါကြောင်း၊ ယနေ့  Child’s Dream Myanmar အဖွဲ့မှ တာဝန်ယူဆောက်လုပ်လူဒါန်းထားသော ကျောင်းဆောင်သစ်သည် (၁၀၀X၃၀)ပေ RC ၁ ထပ်ဖြစ်ပြီး စာရေးစားပွဲခုံအစုံ (၅၀)၊ ဆရာ/ဆရာမစားပွဲခုံ (၅)စုံ၊ White Board ၅ ချပ်၊ သုံးခန်းတွဲ အိမ်သာ (၁)လုံး၊ စက်ရေတွင်း (၁)တွင်း၊ ဂါလံ (၁၅၀၀၀)ဆန့်ရေကန်၊ စုစုပေါင်းတန်ဖိုး ငွေကျပ်(၅၁၇)သိန်း ဆောက်လုပ်လှူဒါန်းပေးသည့်အတွက် အထူးဝမ်းသာပီတိဖြစ်မိပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ Child’s Dream Myanmar တည်ထောင်သူ၊ Child’s Dream Myanmar အဖွဲ့မှ အလှူရှင်တစ်ဦး၊ ကျောင်းသား/သူများကိုယ်စား ကျောင်းသားတစ်ဦး၊ ကျောင်းအုပ်ဆရာမကြီး၊ အောင်သုခရွာသူရွာသားများ ကိုယ်စား ကျောင်းကော်မတီဝင်တစ်ဦး အသီးသီးတို့မှ ဝမ်းသာစကားပြောကြားပြီး အောင်သုခရွာလူငယ်များမှ တိုင်းရင်းသား ရိုးရာအကဖြင့် သီဆိုဖျော်ဖြေကြကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ကျောင်းအတွက် ပေးအပ်လှူဒါန်းသည့် ဗလာစာအုပ်နှင့် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူပြီး Child’s Dream Myanmar တည်ထောင်သူမှ ရှမ်းပြည်နယ် ပညာရေးမှူးအား ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ကာ ကျေးရွာတာဝန်ရှိသူများမှ ကျောင်းဆောင်သစ်ဖွင့်ပွဲအမှတ်တရ ဒိုင်းများကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ပညာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် အလှူရှင်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 61 guests and no members online