ရှမ်းပြည်နယ်သတင်းများ

မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ဖွင့်ပွဲနှင့် ဆက်ကပ်လှူဒါန်းခြင်း၊ မဟာဘုံကထိန် ရေစက်ချတရားတော်နာကျင်းပ

တောင်ကြီး    နိုဝင်ဘာ   −   ၁၃

271
    မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ဖွင့်ပွဲကို နိုဝင်ဘာ(၁၀)ရက် ညနေ(၆)နာရီက တောင်ကြီးမြို့ စူဋ္ဌာမုနိလောကချမ်းသာ စေတီတော်ရင်ပြင်၌ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ဇနီး ဒေါ်ဝင်းဝင်းသန်းတို့က မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူတို့သည် ရက်ကန်းစင်အသီးသီးတို့ လှည့်လည်ကြည့်ရှုကြသည်။
    နိုဝင်ဘာ(၁၁)ရက် နံနက်(၄)နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူတို့သည် မသိုးသင်္ကန်းများကို ကိုင်ဆောင်ကာ စူဋ္ဌာမုနိဘုရားရင်ပြင် လက်ယာရစ်(၃)ပတ် လှည့်ပတ်ပြီး စေတီတော်အတွင်း၌ ပြည်နယ် ဝန်ကြီးချုပ်အမှူးပြုသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဗုဒ္ဓရုပ်ပွားတော်များအား မသိုးသင်္ကန်းများကို ဆက်ကပ်လှူဒါန်းပေး ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူတို့သည် မသိုးသင်္ကန်း တရားနာရေစက်ချအခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ တောင်ကြီးမြို့ ပြည်နယ်သံဃနာယကဥက္ကဋ္ဌ မူလမင်းကွန်း ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသီရိထံမှ ငါးပါးသီလတော်မြတ်ကိုခံယူကာ ဆရာတော်များပွားများအပ်သော ပရိတ်တရားတော်မြတ်ကို နာယူကြသည်။
    ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူတို့သည် ဆရာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ မသိုးသင်္ကန်း ရက်လုပ်ယှဉ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့်မှ ဆုချီးမြှင့်ပေးပြီး လှူဒါန်းမှုအစုစုအတွက် ပြည်နယ်သံဃနာယကဥက္ကဋ္ဌ မူလ မင်းကွန်းကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသီရိ အရှင်သူမြတ်ထံမှ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းရုပ်သိမ်း ၍ဆရာတော်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်းသိရသည်။
    ထို့နောက် နံနက်(၉)နာရီခွဲတွင် အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံ၌ (၇၂)ကြိမ်မြောက် မြို့လုံးကျွတ် မဟာဘုံကထိန် ရေစက်ချတရားတော်နာကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီး အမှူးပြု သောဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး တောင်ကြီးမြို့ နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဌာနစရိယ စွန်းလွန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂမဟာဘိဝံသ အရှင်သူမြတ် ထံမှငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များပွားများအပ်သော မေတ္တာသုတ် ပရိတ်တရား တော်မြတ်ကိုနာယူကြသည်။
    ၎င်းနောက် မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သာသနာရေး တာဝန်ခံ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က မဟာဘုံကထိန်ပွဲတော် ကျင်းပခြင်းနှင့်ပတ်သက်၍ တင်ပြလျှောက်ထားကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီး အမှူးပြုသော အကြီးအကဲများမှ ကထိန်လျာ သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်းသိရှိရသည်။
    အဆိုပါ (၇၂)ကြိမ်မြောက် တောင်ကြီးမြို့ မြို့လုံးကျွတ် မဟာဘုံကထိန် ပွဲတော်ကြီးတွင် ပါဝင်လှူဒါန်းကြသည့် ပဒေသာပင်(၂၄၃)ပင်၊ တန်ဖိုးငွေကျပ်( ၈၁၄၉၉၈၅၁ )သိန်း၊ နဝကမ္မအလှူငွေကျပ်( ၂၀၁၂၇၁၁ )သိန်းနှင့် ပရိဘောဂပစ္စည်း မျိုးစုံ(၁၁)ပါဝင်ပြီး တန်ဖိုးငွေကျပ်( ၂၂၉၅၅၀၀ )သိန်းဖြစ်၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို ယခင်နှစ်များ နည်းတူကထိန်ခင်းပြီး ကျောင်း(၈၀)ကျောင်းသို့ (၄၀%)နှင့် ကထိန်မခင်းရသေးကျောင်း (၂၀)ကျောင်းသို့ (၆၀%)လှူဒါန်းပြီး နဝကမ္မအလှူငွေများကို အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရာနှင့် ကျောင်းတိုက်ရှိ သံဃာတော်အားလုံး(၃၉၀၆)ပါး တို့အတွက်အချိုးကျ လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ပဒေသာများတွင်ပါရှိသည့် သင်္ကန်း(၂၀၀၀)စုံကို ကထိန်ခင်းပြီး ကျောင်းတိုက် များသို့ကျောင်းအလိုက်(၁)စုံစီနှင့် ကထိန်မခင်းရသေးကျောင်းတိုက်များသို့ ကျောင်းရှိသံဃာတော်အရှိအတိုင်း လှူဒါန်းသွားမည် ဖြစ်ကြောင်း၊ ပရိဘောဂပစ္စည်း (၁၁)မျိုးကိုလည်း ကျောင်းတိုက်ပေါင်းသို့ လှူဒါန်းထားရှိပြီး အကြိမ်အနည်းအများ၊ သံဃာတော် အနည်းအများအလိုက် စာရင်းပြုစုလျက် မဲစနစ်ဖြင့်လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 269 guests and no members online