ရှမ်းပြည်နယ်သတင်းများ

ဒုတိယအကြိမ် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကျင်းပ

တောင်ကြီး        နိုဝင်ဘာ    -၂၆

280
    ရှမ်းပြည်အတွင်း စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်နိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း များ ဖော်ထုတ်နိုင်ရန်နှင့် ရှမ်းပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအကြား ချိတ်ဆက်ဆောင်ရွက်မှုများ မြှင့်တင်စေရန်ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့ Royal Taunggyi Hotel ၌ကျင်းပသည်။
    ဆက်လက်၍ ဒုတိယအကြိမ် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ဖွင့်ပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး H.E Mr. Thomas Neisinger တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ ယနေ့ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှအားထုတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့်အတူ ပြည်နယ် များမှ လုပ်ငန်းရှင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် အဓိကဝိုင်းဝန်းကူညီပံ့ပိုးပေးကြသော ဂျာမနီပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)ကိုလည်း အထူးကျေးဇူးတင်ရှိ ပါကြောင်းနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအကြား ချိတ်ဆက်မှုရရှိစေရန် ယနေ့ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကိုလည်း အောင်မြင်စွာကျင်းပနိုင်ရန် မျှော်လင့်ထားပြီး ရှမ်းပြည်နယ်အတွင်းရှိ တန်ဖိုးရှိလှစွာသော ရင်းနှီးမြှုပ်နှံမှုအလားအလာကောင်းများကို ဆွေးနွေးမှုများမှတစ်ဆင့်ဖော်ထုတ်နိုင်ရန် များစွာမျှော်လင့်မိပါကြောင်း၊ ရှမ်းပြည်နယ်သည် ကောင်းမွန်အေးမြသော ရာသီဥတုရှိခြင်း၊ စိုက်ပျိုးရန်ကောင်းမွန်သည့် မြေဧရိယာများစွာကျန်ရှိနေခြင်း၊ လှပပြီးစိတ်ဝင်စားဖွယ်ကောင်းသော သဘာဝရေကန်များ၊ လှိုဏ်ဂူများ၊ တောတောင်များ၊ သာသနာ့နယ်မြေများရှိခြင်း၊ တရုတ်-ထိုင်း-လာအို နိုင်ငံများဖြင့် နယ်နိမိတ်ထိစပ်လျက်ရှိခြင်း၊ မြန်မာနိုင်ငံ၏နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် ကုန်သွယ်ရေးဇုန်များရှိခြင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ပေါကြွယ်စွာထွက်ရှိခြင်း၊ ရေ၊ လျှပ်စစ်မီး၊ လမ်းအစရှိသော အခြေခံအဆောက်အဦများ တင့်တယ်စွာရှိနေခြင်း၊ လေယာဉ်ကွင်းများရှိခြင်း၊ လေယာဉ်ကွင်းများနှင့် လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲရန် အစီအစဉ်များရှိခြင်း၊ အာရှအဝေးပြေးလမ်းမကြီးများ ဖြတ်သန်းရာ လမ်းကြောင်းပေါ်တွင်ရှိခြင်းစသည့် အချက်များနှင့် ပြည့်စုံလျက်ရှိခြင်းကြောင့် ရှမ်းပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံး၏ စီးပွားရေး အင်အားတောင့်တင်း ခိုင်မာသော ပြည်နယ်တစ်ခုဖြစ်ကြောင်းပြောကြားသွားသည်။
    ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းမှ မိန့်ခွန်းပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး H.E Mr. Thomas Neisinger မှအဖွင့်အမှာစကားများ အသီးသီးပြောကြားကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်မှ ရှမ်းပြည်နယ်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆောင်ရွက်ချက်များဖြစ်သည့် Promotion Video Clip ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းနှင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ Website တို့အား ရှင်းလင်း မိတ်ဆက်ပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဆိုင်ရာရင်းနှီးမြှုပ်နှံမှုများကိုလည်းကောင်း၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးဆိုင်ရာ အခွင့်အလမ်းများကိုလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရှိ စိုက်ပျိုးရေးပညာရှင် ဦးစိုင်းဖြိုးလွင်ဦးမှ ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ အခြေအနေစသည့်ခေါင်းစဉ်များဖြင့် လည်းကောင်း အသီးသီးဆွေးနွေးကြကြောင်းသိရသည်။
    ယင်းနောက် ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ Fresh Studio  မှ Country Director ဖြစ်သူ Ms. Esther Wintraecken ၊ Genius Coffee မှ ဒါရိုက်တာ ဦးငွေထွန်းနှင့် Metro Wholesale Myanmar Ltd., မှ Chief Executive Officer ဖြစ်သူ Mr. Jens Michel တို့မှ အသီးသီးပါဝင်ဆွေးနွေးကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်က နိဂုံးချုပ်အမှာစကားပြောကြားကြောင်းသိရသည်။
    အဆိုပါ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ ပါဝင်တက်ရောက်နေသူများသည် နိုဝင်ဘာ ၂၇ ရက်နေ့တွင် အေးသာယာ စက်မှုဇုန်အပါအဝင် ရင်းနှီးမြှုပ်နှံမှုအလားအလာရှိသော နေရာများသို့ သွားရောက်လေ့လာ ကြည့်ရှုကြမည်ဖြစ်ကြောင်းနှင့် ဒုတိယအကြိမ်မြောက်ဖိုရမ်ကို ရှမ်းပြည်နယ်အတွင်း ကျင်းပပြုလုပ်ခဲ့ပြီး၊ ပထမအကြိမ် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တောင်ကြီးမြို့ရှိ Royal Taunggyi Hotel တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 241 guests and no members online