ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တရုတ်သံရုံးမှ စီးပွားရေးသံမှူးMr. Tan Shufu အဖွဲ့နှင့်လက်ခံတွေ့ဆုံ

တောင်ကြီး        နိုဝင်ဘာ    - ၂၈

282
    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်တို့နှင့်အတူ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး ပြည်နယ်ဝန်ကြီးချုပ် Call ခန်းမတွင် တရုတ်သံရုံးမှ စီးပွားရေးသံမှူးMr. Tan Shufu ဦးဆောင်သောအဖွဲ့နှင့် လက်ခံတွေ့ဆုံကြောင်းသိရသည်။
    ထိုသို့တွေ့ဆုံရာတွင် Mr. Tan Shufu မှ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့တက်ရောက်ခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမို လုပ်ဆောင်နိုင်စေရန် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လက်ခံတွေ့ဆုံပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်နယ်စပ်ဒေသတွင် ကုမ္ပဏီအဖွဲ့ကောင်းများ တွေ့ရှိရပြီး စိတ်ဝင်စားမှုရှိပါက အသေးစိတ်ဆွေးနွေးလိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၀) ခုရှိ မြို့နယ် (၃၃) မြို့နယ်တွင် စိုက်ပျိုးရေးနှင့် ပတ်သက်၍ ဝန်ဆောင်မှုများပေးကြောင်း၊ ဆန်ကို တိုက်ရိုက်ကြိတ်ခွဲထုတ်လုပ်မှုကို အဓိက ဆောင်ရွက်ပေးကြောင်း၊ ရှမ်းပြည်နယ်တွင် စံပြစိုက်ကွင်း စိုက်ပျိုးရန်ရှိပါကြောင်းနှင့် တောင်သူများတုံ့ပြန်မှုရရှိနိုင်ရန် စံပြစိုက်ကွင်းပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယခုလိုစံပြ စိုက်ပျိုးရခြင်းမှာ နည်းပညာများ၊ မျိုးစေ့များပေးပြီး တောင်သူများလည်းဝင်ငွေတိုးကာ ထွက်ရှိလာသည့် ကုန်ပစ္စည်းများကို မိမိတို့ဘက်မှ အကုန်ယူပေးသွားမည်ဖြစ်ကြောင်း၊ အဓိကပိုးမွေးမြူရေးအိမ်ဆောင်ရွက်လိုကြောင်း၊ ပိုးအိမ်ပျိုးနိုင်ရန် မြေဧကများလိုအပ်ပါကြောင်း၊ မျိုးပေးမည်၊ ပျိုးပေးမည်၊ နည်းပညာများလည်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်းနှင့် ထွက်ရှိ လာသည့် ပိုးကုန်ပစ္စည်းများကို ဝယ်ယူပေးသွားမည်ဖြစ်ကြောင်းနှင့် စက်ရုံတည်ထောင်နိုင်ရန် ရေနှင့်လျှပ်စစ်မီးရရှိနိုင်ရန် လိုအပ်ကြောင်းပြောကြားသွားသည်။
    ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် လာရောက်တွေ့ဆုံသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့်လည်း ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ တက်ရောက်ခဲ့ပါကြောင်း နှစ်နိုင်ငံကုန်သွယ်စီးပွားရေးလုပ်ငန်းများကို ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ ရှင်းလင်း သွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သဖြင့် မိမိတို့မှာ ဖွံ့ဖြိုးမှုနောက်ကျနေသေးသောကြောင့် တရုတ်နိုင်ငံကို အမီလိုက်နိုင်အောင်ကြိုးစားနေပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများ လမ်းညွှန်ချက်နှင့်အညီ ပြည်သူလူထု အတွက်ဘေးရန်ကင်းသော အစားအစာဖြစ်ရန်လိုအပ်ကြောင်း၊ စပါး၊ ပဲပုပ်၊ ကော်ဖီ စသည့် အသင်းအဖွဲ့ဝင်များနှင့် ချိတ်ဆက် ပေးမည်ဖြစ်ပြီး၊ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူနှင့်ယုံကြည်မှုရရှိမည်ဖြစ်ကြောင်း၊ ယခုလိုလာရောက် ကမ်းလှမ်းသည့်အတွက် ဝမ်းသာပါကြောင်းနှင့် တောင်သူများအဆင်ပြေစေရန်လိုအပ်ကြောင်း၊ ဖြစ်မြောက်အောင်ကြိုးစား ပေးမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 106 guests and no members online