တောင်ကြီးခရိုင်၊ မြို့နယ်ဥပဒေရုံးနှင့် အရာထမ်းအိမ်ရာ အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ   −   ၉

291

တောင်ကြီးခရိုင် ဥပဒေရုံး၊ မြို့နယ်ဥပဒေရုံးနှင့် အရာထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်ပွဲကို ဒီဇင်ဘာ(၉)ရက် နံနက် (၁၀)နာရီက တောင်ကြီးမြို့အထွက်(၂)မိုင် ကံကြီးရပ်ကွက်ရှိ တောင်ကြီး−ဟိုပုံးသွား ကားလမ်းဘေး၌ ကျင်းပကြောင်းသိရ သည်။

ဆက်လက်၍ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်ဥပဒေရုံးတောင်ကြီးခရိုင်နှင့် မြို့နယ်ဥပဒေရုံးတို့သည် ကိုယ်ပိုင်ရုံး မရှိသည့်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အဆောက်အဦ၌ ရုံးခန်းများဖွင့်လှစ်ဆောင်ရွက်ခဲ့သည်ကို သိရှိရပါကြောင်း၊ အဆောက်အဦတစ်ခုတည်းတွင် ရုံး(၃)ရုံးစုပေါင်းဖွင့်လှစ်ဆောင်ရွက်နေရ၍ နေရာမလုံလောက်သဖြင့် လုပ်ငန်းအဆင်မပြေမှု များရှိခြင်းကြောင့် ခရိုင်နှင့်မြို့နယ်ဥပဒေရုံး မြေနေရာခွင့်ပြုရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ရှမ်းပြည်နယ်ဥပဒေချုပ်ရုံးက တင်ပြခဲ့ပါကြောင်း၊ ၂၀၁၇ခုနှစ် ဇွန်လ(၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၃/၂၀၁၇) တွင်ဆွေးနွေးခဲ့ပြီး ဧရိယာ(၀.၆၈၀)ဧကရှိ ယခုမြေနေရာကို ခွင့်ပြုခဲ့ပါကြောင်း၊ တောင်ကြီးမြို့ တွင်ဥပဒေရုံးများအတွက် ပထမဦးဆုံး မြေနေရာချထားပေးနိုင်ခဲ့တာဖြစ်ပါ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဝမ်းမြောက် မိပါကြောင်း၊ အဆောက်အဦဆောက်လုပ်ရန် ဘတ်ဂျက်တောင်းခံသဖြင့် ၂၀၁၈−၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ခရိုင်နှင့် မြို့နယ်ရုံးအဆောက်အဦနှင့် (၃)ခန်းတွဲ RC (၁)ထပ်၊ အရာထမ်းအိမ်ရာအတွက် ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုခဲ့ပါကြောင်း၊ တင်ဒါခေါ်ယူဆောင်ရွက်ခွင့်ပြုခဲ့ပြီး ရှမ်းပြည်နယ်ဥပဒေချုပ်ရုံးက ဆက်လက်ဆောင်ရွက်ခဲ့ရာ ယခုလိုအဆောက်အဦသစ်များ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ယခုလိုဖြည့်တင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်နှင့်အညီ ဥပဒေရုံးများကလည်း တရားစီရင်ရေး ကဏ္ဍတွင်ဖြောင့်မတ်မှန်ကန်စွာ ပါဝင်ဆောင်ရွက်ပြီး အုပ်ချုပ်ရေးကဏ္ဍတွင်လည်း ဥပဒေနှင့်အညီကောင်းမွန်သော အကြံဉာဏ် များပေးခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် အထောက်အကူပြုကြရန် ပြောကြားသွားသည်။

ထို့နောက် ရှမ်းပြည်နယ်ဥပဒေအရာရှိဦးဇော်ဇော်ထွေးက အဆောက်အဦနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရှမ်းချယ်ရီ တောင်တန်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးလင်းက အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတန်းများကို ပြည်နယ် အရာရှိဦးဇော်ဇော်ထွေးထံ လွှဲပြောင်းပေးအပ်ကာ  တောင်ကြီးခရိုင် ဥပဒေရုံးနှင့် တောင်ကြီးမြို့နယ် ဥပဒေရုံးသစ်အဆောက်အဦ ကိုပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦး တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ ဆိုင်းဘုတ်ကမ္မည်းမော်ကွန်းကို အမွှေးနံ့သာ ပက်ဖြန်းပေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

၎င်းနောက် ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူတို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ခရိုင်ဥပဒေရုံးဖွင့်ပွဲ အခမ်းအနားကိုတက်ရောက်၍ အသီးသီးအမှာစကား ပြောကြားကြပြီး ရုံးဆိုင်းဘုတ်ဖွင့်ပွဲကို ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ဆိုင်းဘုတ်ကမ္မည်းမော်ကွန်းကို အမွှေးနံ့သာပက်ဖြန်းပေးကြကာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတန်းများကို ပြည်နယ် အရာရှိဦးဇော်ဇော်ထွေးထံ လွှဲပြောင်းပေးအပ်ကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃