ရှမ်းပြည်နယ်ဝန်ကြီးချုပ် ခရစ္စမတ်မိတ်ဆုံစားပွဲ တက်ရောက်ချီးမြှင့်

တောင်ကြီး ဒီဇင်ဘာ ၂၁

304

တောင်ကြီးကတ်သလစ်ဂိုဏ်းချုပ်သာသနာ၏ ခရစ္စမတ်မိတ်ဆုံစားပွဲကို ဒီဇင်ဘာ ၂၀ ရက် ညနေ ၅ နာရီက တောင်ကြီးမြို့ စိန်ဂျိုးဇက်အောက်မေ့ဖွယ်ဓမ္မာရုံတွင် ကျင်းပသည်။

တောင်ကြီးကတ်သလစ်ဂိုဏ်းချုပ်သာသနာ၏ ခရစ္စမတ်မိတ်ဆုံစားပွဲတွင် ဘုန်းတော်ကြီး Fr. အီညားလျှိုမှ အဖွင့်ဆုတောင်းမေတ္တာဖြင့် အစပြုပြီး နယ်လှည့်ကတ်သလစ်လူငယ်အဖွဲ့မှ အဖွင့်ခရစ္စမတ် သီချင်းဖြင့် ကြိုဆို၍ ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာစီးလျှိုအားသိုက်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ခရစ္စမတ်အချိန်သမယတွင် ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာစီးလျှိုအားသိုက်နှင့်တကွ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ တောင်ကြီး ကတ်သလစ်ဘာသာဝင်များအားလုံး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို မေတ္တာဖြင့် ကြိုဆိုသည့်အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း၊ ခရစ္စမတ်အချိန်သည် အားလုံး၏နှလုံးသားထဲတွင် မေတ္တာဆိုသည့် ဆုလာဒ်ကို ယူလိုက်ခြင်းဖြစ်ကြောင်း၊ အချင်းချင်းအပေါ်ထားသည့် မေတ္တာများကို နှလုံးသားနှင့်သယ်ဆောင်လာမည် ဆိုပါက အကောင်းဆုံးသော ခရစ္စမတ်လက်ဆောင်မွန်ဖြစ်ပါကြောင်း၊ ခရစ္စမတ်အချိန်ကာလတွင် အားလုံး က မေတ္တာတရားဦးစားပေးပြီး မေတ္တာတရားနှင့် ဆက်နွယ်နေသော လူသားချင်းအပေါ်၊ တစ်ဦးနှင့်တစ်ဦး အပေါ်တွင် ကောင်းသည့်စိတ်စေတနာထားခြင်းကို ဦးစားပေး၍ တစ်ဦးအပေါ်တစ်ဦးမေတ္တာစေတနာထား ခြင်းသည် ငြိမ်းချမ်းခြင်းဖြစ်ကာ အချင်းချင်းကောင်းသောစိတ်စေတနာမေတ္တာထားနိုင်မှ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ချစ်ခြင်းနှင့်ငြိမ်းချမ်းရေးကို တည်ဆောက်ထားသော ကတ်သလစ် အသင်းတော်ကြီးကို များစွာဂုဏ်ယူမိပြီး သာသနာလုပ်ငန်းကိုလည်း ဆထက်ထမ်းပိုးတိုးပြီး လုပ်ဆောင် ထမ်းရွက်နိုင်ရန် ဆုမွန်ကောင်း တောင်းပေးပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်တို့မှ ခရစ္စမတ်လက်ဆောင်များကို ပေးအပ်ရာ ဘုန်းတော်ကြီး Fr. အီညားလျှိုမှ လက်ခံရယူပြီး ကျောင်းထိုင်ဘုန်းတော်ကြီး Fr. ဖီဒဲလယ်တင်ဖေမှ စားသောက်ဖွယ်ရာများ အတွက် ကောင်းချီးတောင်းခံ၍ ခရစ္စမတ်မိတ်ဆုံစားပွဲ တည်ခင်းဧည့်ခံကြောင်း သိရသည်၊ အဆိုပါ မိတ်ဆုံစားပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်အဆင့် တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃