အေးသာယာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်ကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၂၇

24

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၂၄ ရက် နံနက် ၈ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများက အခမ်းအနား ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကြိုဆိုပါတယ် ပညာရေးစုံညီပွဲတော် သီချင်းဖြင့် မိဘ၊ ဆရာ၊ ကျောင်းသား တို့က သီဆိုသရုပ်ပြတင်ဆက်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက နိုင်ငံတော်အစိုးရ အနေဖြင့် မျိုးဆက်သစ် ကျောင်းသားလူငယ်များ ပညာသင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိစေရန် ကျောင်းအဆင့်များ တိုးမြှင့်ပေးနေသလို မိဘများ အနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းကိုရောက်ရှိရေး၊ အခြေခံပညာပြီးဆုံးသည်အထိ ပညာသင်ကြားရေး တို့ကို ကူညီဆောင်ရွက်ပေးရ မှာဖြစ်ပါကြောင်း၊ ဆရာ/ဆရာမများကလည်း ကျောင်းကိုရောက်ရှိလာသည့် ကလေးတိုင်း ကျောင်းနေပျော်ပြီး စာတတ်အောင်၊ အတန်းအဆင့်အလိုက် သတ်မှတ်ပြဌာန်းထားသည့် သင်ရိုးများ ကြေညက်အောင် သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ အများနှင့်စုပေါင်းဆောင်ရွက်တတ်အောင်၊ ပရဟိတ လုပ်ငန်းများ ဆောင်ရွက် တတ်အောင်၊ ယဉ်ကျေးလိမ္မာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန် အလေး အနက် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ကျန်းမာရေးအလေ့အကျင့်ကောင်းများလည်း သတ်မှတ်စာသင်ချိန်များတွင် အလေးအနက်ထား သင်ကြားပေးရန် လိုအပ် ပါကြောင်း၊ ကျောင်းသား/ကျောင်းသူ များအနေဖြင့် ကျောင်းမှန်မှန်တက်ရောက်ခြင်း၊ မိဘများနှင့် ဆရာ/ ဆရာမများကို ကူညီခြင်း၊ သူငယ်ချင်း အချင်းချင်းရိုင်းပင်းကူညီခြင်းစသည့် ကျောင်းသားများ၏ တာဝန်ကို ကျေပွန်စွာဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ နေ့စဉ်သင်ကြားနေသည့် သင်ခန်းစာများအပေါ်တွင် စဉ်းစားတွေးခေါ်ပြီး တီထွင်နိုင်သည့် စွမ်းရည်နှင့် ပြင်ပစာပေဗဟုသုတများကို လေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ၊ အမှားအမှန်ကို ဝေဖန်နိုင်စွမ်းရှိအောင် ဆရာ/ဆရာမများ၊ မိဘများ၏လမ်းညွှန်သင်ပြမှုကို နားခံဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ လူ့လောကအလယ် တွင် ပညာရဲရင့်ပွဲလည်တင့်ပြီး အောင်ပွဲခံနိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာမှာဖြစ်ပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ပညာညွှန်ကြားရေးမှူး ဦးဝင်းမောင်က အမှာစကားပြောကြားကာ အ.ထ.က (၂)အေးသာယာ ကျောင်းအုပ်ကြီး ဦးစိုင်းကျော်တင့်က ကျောင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ကဗျာလွတ်အကဖြင့် အဌမတန်း ကျောင်းသူလေးများမှ သရုပ်ပြတင်ဆက်ခြင်း၊ အာရှသူရဲကောင်းသီချင်း ဖြင့် နဝမတန်းကျောင်းသား/ကျောင်းသူများမှ တင်ဆက်ခြင်း၊ လက်တီးသီချင်းကို ရှမ်းရိုးရာအကဖြင့် တင်ဆက်ခြင်း၊ ထာဝရသစ္စာသီချင်းဖြင့် ကျောင်းသား/ ကျောင်းသူ လေးများက တေးသရုပ်ဖော် တင်ဆက် ခြင်းတို့ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။ ၎င်းနောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူ တို့သည် အခမ်းအနားတွင် ခင်းကျင်းပြသ ထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိသည်။ 

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ အ.ထ.က (၂)အေးသာယာ ကျောင်းအုပ်ကြီး ဦးစိုင်းကျော်တင့်နှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘပြည်သူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)