ရှမ်းပြည်နယ်သတင်းများ

လူထုဗဟိုပြုစီမံကိန်းကိုရှမ်းပြည်နယ် အတွင်းရှိမြို့နယ်(၁)မြို့နယ်တွင်ထပ်မံတိုးချဲ့အကောင်အထည်ဖော်နိုင်ရေး မြို့နယ်ရွေးချယ်

တောင်ကြီး ဖေဖော်ဝါရီ-၂၂

37

စိုက်ပျိုးရေးမွှေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၁)မြို့နယ်တွင် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်နိုင်ရေးအတွက် မြို့နယ်ရွေးချယ်ရေးအကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ဖေဖော် ဝါရီ(၂၂)ရက် နံနက် (၉)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင်အားဖြည့်ပေးသည့်အနေဖြင့် ၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်မှစတင်၍ ကမ္ဘာ့ဘဏ်ကထောက်ပံ့ငွေ၊ ချေးငွေ အီတလီ အစိုးရမှအတိုးမဲ့နှစ်ရှည်ချေးငွေနှင့် ပြည်ထောင်စုအစိုးရမှထည့်ဝင်ငွေများဖြင့် လူထုဗဟိုပြုစီမံကိန်း(Community Driven Development-CDD project)ကို တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်ပေါင်း(၆၃)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကိုသိရှိရပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းနမ့်ဆန်မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ မဘိမ်းမြို့နယ်၊ မိုင်းခတ် မြို့နယ်နှင့် မောက်မယ်မြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အောင်မြင်မှုများရရှိနေပါကြောင်း၊ စီမံကိန်း သတ္တမနှစ်စက်ဝန်းတွင် (၁၃)မြို့နယ် တိုးချဲ့လျာထားချက်အရ ရှမ်းပြည်နယ်တွင် မြို့နယ်(၁)မြို့နယ် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်မှာဖြစ်ကြောင်း၊ လူထုဗဟိုပြုစီမံကိန်းကို ရှမ်းပြည်နယ်အနေဖြင့် ယခုလက်ရှိအထိ မြို့နယ်(၅)မြို့နယ် ဖြစ်သည့် နမ့်ဆန်၊ ဆီဆိုင်၊ မဘိမ်း၊ မိုင်းခတ်နှင့်မောက်မယ် မြို့နယ်တို့ရှိ ကျေးရွာအုပ်စုပေါင်း(၆၅)အုပ်စု၊ ကျေးရွာပေါင်း (၇၀၅)ရွာ၊ အခြေခံအဆောက်အဦ အမျိုးအစားစုစုပေါင်း(၁၂၃၀)ခုကို ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ ရွေးချယ်ခြင်းမခံရသည့် မြို့နယ်အနေဖြင့် စိတ်ပျက်စရာမလိုဘဲ စီမံကိန်းအောင်မြင်တာနှင့်အမျှ ကမ္ဘာ့ဘဏ်နှင့်တခြားဖွံ့ဖြိုးရေးအေဂျင်စီ အသီးသီးက ထပ်မံပေးလာမည့် အကူအညီများနှင့် နိုင်ငံတော်အစိုးရဘတ်ဂျက်ရန်ပုံငွေ၊ ပြည်နယ်အစိုးရရန်ပုံငွေနှင့် တဖြည်းဖြည်း ဆက်လက်အကောင်အထည်ဖော် ပေးသွားမည်ဖြစ်သည့်အတွက် သည်းခံပြီးနားလည်မှုရှိစွာ စောင့်စားပေးကြရန်ကြိုတင် မေတ္တာရပ်ခံလိုပါကြောင်း၊ ရွေးချယ်ခံရပြီးမြို့နယ်အတွင်းရှိကျေးရွာများအားလုံးမှာ လုပ်ငန်းများအကောင်အထည်ဖော်ပါက လိုအပ်သည်များဝိုင်းဝန်းပံ့ပိုးကူညီပြီး စီမံကိန်းအောင်မြင်အောင်ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဉီးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်မှ အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဉီးစီးမှူး ဦးမောင်မောင်ဝင်းမှ ရှမ်းပြည်နယ် အတွင်းစီမံကိန်း(၅)မြို့နယ် လုပ်ငန်းဆောင်ရွက်မှုများကိုရှင်းလင်းကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ လွှတ်တော်ရေးရာကော်မတီအသီးသီးမှ ဥက္ကဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်များ၊တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပြည်နယ်အတွင်းဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် အစိုးရ မဟုတ်သောအဖွဲ့အစည်းများနှင့် မိတ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 58 guests and no members online

Latest Updates