သဝဏ်လွှာ

(၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရှမ်းပြည်နယ်အစိုးရအဖွဲ့


ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ထံမှ
(၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့
ပေးပို့သော
သဝဏ်လွှာ


၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်


ချစ်ခင် လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်း မှီတင်း နေထိုင် ကြသည့် တိုင်းရင်းသား ပြည်သူအပေါင်းတို့ ခင်ဗျား-
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်း နေထိုင် ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံးနှင့်အတူ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ၊ ရှမ်းပြည်နယ်အတွင်း အေးချမ်းသာယာစွာနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက် သည့် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရာ ခရီးတစ်လျှောက်တွင် စည်းကမ်းရှိရှိ အတူတကွ ပါဝင်လျှောက်လှမ်း နိုင်ကြပါစေ ကြောင်း ဆုတောင်း မေတ္တာပို့သအပ် ပါသည်။
ယခုလို ဖေဖော်ဝါရီလ(၇)ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းပြည်နယ်ရဲ့ မင်္ဂလာရှိသော နေ့ထူးနေ့မြတ် အခမ်းအနားမှာ သဝဏ်လွှာ ပေးပို့ခွင့် ရတဲ့အတွက် အထူးကျေးဇူးတင် ဝမ်းမြောက်မိပါသည်။ ကျွန်တော်တို့ ရှမ်းပြည်နယ်ဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အရှေ့ဘက်ခြမ်းမှာ တည်ရှိပြီး ဧရိယာ စတုရန်းမိုင်ပေါင်း (၆၁၀၉၀) စတုရန်းမိုင် ရှိတဲ့အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် အကြီးမားဆုံး နှင့် အကျယ်ဝန်းဆုံး ပြည်နယ်တစ်ခု ဖြစ်ပါသည်။ ဒါ့အပြင် သဘာဝ တောတောင် လျှိုမြောင် စိမ့်စမ်းတို့ဖြင့်အေးချမ်းသာယာပြီး ရှုမောဖွယ် ကောင်းတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။
ဒီကနေ့ ကျင်းပတဲ့ ရှမ်းပြည်နယ်နေ့နှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အနည်းငယ် တင်ပြလိုပါသည်။ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသား မျိုးနွယ်စုပေါင်း (၃၀)ကျော်ခန့်ရှိပြီး၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်လျက်ရှိကြကာ လူဦးရေ စုစုပေါင်း (၄၉၈၆၃၂၈) ဦး အေးချမ်းသာယာစွာ နေထိုင် လုပ်ကိုင် စားသောက်လျက်ရှိကြ ပါသည်။
ချစ်ခင် လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူ အပေါင်းတို့ ခင်ဗျား-
ကျွန်တော်တို့ မြန်မာနိုင်ငံသည် ပဒေသရာဇ်ခေတ် မြန်မာမင်းများ လက်ထက်တွင် ရှမ်းပြည်နယ်ရှိ ရှမ်းစော်ဘွား များသည် ကျမိုင်းများ အဖြစ် သားစဉ်မြေးဆက် ပဒေသရာဇ် မင်းငယ်များသဖွယ် အုပ်ချုပ်ခဲ့ကြပါသည်။ သို့သော် ၁၈၈၆ ခုနှစ်၊ မေလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် ဗြိတိသျှအစိုးရက ရှမ်းပြည်နယ်ကိုလည်း အိန္ဒိယပြည်နယ်အဖြစ် သိမ်းပိုက်လိုက်ကြောင်း ကြေငြာ၍ ကျမိုင်းအဖြစ် ရွေးချယ်ထားသူ များကို ဝန်ရှင်တော် မင်းကြီးနှင့် ဘုရင်ခံတို့၏ သဘောတူညီချက် ရပြီးမှသာ ခန့်ထားနိုင် ခဲ့ပါသည်။
၁၈၈၇ ခုနှစ်တွင် ရှမ်းနယ်များအား
(၁) ရှမ်းပြည်မြောက်ပိုင်း(ရှမ်းပြည်နယ်ဥတ္တရတိုင်း ဝန်ရှင်တော် မင်းကြီး လက်အောက်ခံ)
(၂) ရှမ်းပြည်နယ်တောင်ပိုင်း (ဒက္ခိဏတိုင်း ဌာနချုပ်ဝန် နှင့် နိုင်ငံရေးအရာရှိလက်အောက်ခံ)
(၃) မြေလတ်ပိုင်း (ဒက္ခိဏတိုင်းဌာနချုပ်ဝန်နှင့် နိုင်ငံရေး အရာရှိ လက်အောက်ခံ) ဟူ၍ ပိုင်းခြားအုပ်ချုပ်ခဲ့ ပါသည်။
၁၉၂၂ ခုနှစ်တွင် ပဒေသရာဇ်ရှမ်းပြည်နယ်စုကို ဖွဲ့စည်းပြီး နောက် ပဒေသရာဇ် ကောင်စီအဖွဲ့ကို တည်ထောင်ခဲ့ ပါသည်။ ဥက္ကဌအဖြစ် ရှမ်းပြည်နယ် ဝန်ရှင်တော်မင်းကြီးနှင့် ဒုဥက္ကဌအဖြစ် မြောက်ပိုင်း အရေးပိုင်မင်းတို့မှ ဦးစီး ဦးဆောင်ကာ စော်ဘွားများက အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ရှမ်းပြည်နယ်ကို ပဒေသရာဇ်စနစ်အဖြစ် အုပ်ချုပ်ခဲ့ပါသည်။
မြန်မာပြည်အား ဒိုင်အာခီ အုပ်ချုပ်ရေးစနစ် ပြောင်းလဲ အုပ်ချုပ်သောအခါ ဗြိတိသျှအစိုးရသည် ပဒေသရာဇ် ရှမ်းနယ် များအား မတိုးတက်သေးသော နယ်များအဖြစ် ဆက်လက် ထားရှိကာ မြန်မာပြည်တွင်းသို့ မသွတ်သွင်းပဲ ခွဲခြားထားခဲ့ပါသည်။ သို့သော် ရှမ်းနယ်များ အုပ်ချုပ်ရေး အတွက် ပြည်မ၌ (၉၁)ဌာန အုပ်ချုပ်ရေး ရရှိလာသည့်အထိ ပြည်မ၏ ငွေကြေးအထောက်အပံ့ကို အမှီပြု ခဲ့ရလေသည်။


အိန္ဒိယနှင့် မြန်မာပြည် တွဲရေးခွဲရေးပြဿနာ ပေါ်ပေါက် လာခဲ့သော ၁၉၃၀ ပြည့်နှစ်တွင် လန်ဒန်မြို့၌ ညှိနှိုင်းဆွေးနွေး နိုင်ရန်အတွက် ရှမ်းပြည်နယ် ကိုယ်စားပြု ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မျှ မပါဝင်သော မြန်မာပြည်မမှ ကိုယ်စားလှယ် (၂၁)ဦးကို ရွေးချယ်ခဲ့ပါသည်။ စော်ဘွားများမှ အပြင်းအထန် အရေး ဆိုသောကြောင့် ညောင်ရွှေ စော်ဘွားနှင့် သီပေါစော်ဘွား နှစ်ဦးကို တက်ရောက်ခွင့် ပေးခဲ့သည်။ လန်ဒန်မျက်နှာစုံညီ အစည်းအဝေး ( Round Table Conference)သို့ ရှမ်းပြည်နယ်မှ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခွင့်ရရှိသည့် ၁၉၃၀ ပြည့်နှစ် စက်တင်ဘာလ (၇)ရက်နေ့ကို ရှမ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကာ ပျော်ပွဲရွှင်ပွဲ များ၊ အစည်းအဝေးများကို မိုင်းကိုင်မြို့၌ နှစ်စဉ် ကျင်းပခဲ့ပါသည်။
သို့သော်လည်း အဓိကကျသော လူထုပါဝင်မှု မရှိခြင်း၊ အမျိုးသားရေး ဦးတည်ချက် ကင်းမဲ့နေခြင်း တို့ကြောင့် ထိုစက်တင်ဘာလ (၇) ရက်နေ့သည် လေးနက်သော အဓိပ္ပါယ်ကို ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။
ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်း မှီတင်း နေထိုင် ကြသည့်တိုင်းရင်းသား ပြည်သူအပေါင်းတို့ ခင်ဗျား-
ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားသောအခါမဟာမိတ်များနှင့် အတူ ဗြိတိသျှတို့၏ ကိုလိုနီအုပ်ချုပ်ရေး ယန္တရားကြီးသည်လည်း ပြန်လည်၍ ပါလာပါသည်။ ( Frontier Areas Regulation ) စည်းမျဉ်းများအရ ရှမ်းပြည်နယ်အပါအဝင် တောင်တန်းဒေသများကို ပြည်မကြီးနှင့် မပူးပေါင်းဘဲ သီးခြားအုပ်ချုပ်မှုအနေဖြင့် ဗြိတိသျှ ဘုရင်ခံ လက်အောက်တွင် သီးသန့် ခွဲထားရန် ဖြစ်ပါသည်။
ဒုတိယ ကမ္ဘာစစ်ပြီး ခေတ်သည် ရှေးကိုလိုနီခေတ်နှင့် မတူ ထူးခြားသော အမျိုးသားရေး၊ လွတ်လပ်ရေးကို ဦးစားပေးသည့် ခေတ်ဖြစ်ပါသည်။ လူထုများ၊ လူငယ် ခေါင်းဆောင်များနှင့် စော်ဘွားများမှလည်း ညီညွတ်မှု စတင်ရှိလာကြပသည်။ လူထုအဖွဲ့ အစည်းများ အနေဖြင့် ရဲဘော်တပ်ဖွဲ့ဝင်များ၊ (ရပလ)ခေါ် ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့တို့ကို ဖွဲ့စည်းကာ မျိုးချစ်နိုင်ငံရေးကို တွင်တွင် ကျယ်ကျယ် စတင်စည်းရုံးလှုပ်ရှား လာနိုင်ခဲ့ပါသည်။ ဤလှုပ်ရှားမှုများသည် စော်ဘွားများ ကောင်စီအထိ ရိုက်ခတ် လာပါတော့သည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ (၇) ရက်နေ့၌ ပဒေသရာဇ် ကောင်စီကို ဖျက်သိမ်း၍ လူထုကိုယ်စားလှယ်များ ပါဝင်သော ရှမ်းပြည်နယ် ကောင်စီကို လူထုကိုယ်စားလှယ် (၇)ဦး၊ စော်ဘွားများ ကိုယ်စားလှယ် (၇)ဦး၊ ပေါင်း (၁၄)ဦးဖြင့် အောင်မြင်စွာ ဖွဲ့စည်းခဲ့ပါသည်။
ထိုသို့ စော်ဘွားများနှင့် လူထုများ စည်းလုံးညီညွတ်စွာ ပဒေသရာဇ်ကောင်စီကို ဖျက်သိမ်းနိုင်ခဲ့ခြင်း၊ ရှမ်းပြည်နယ် ကောင်စီကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ခြင်း၊ ပြည်မကိုယ်စားပြု အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ အခြား တောင်တန်းသား ကိုယ်စားလှယ်များ တို့နှင့်အတူ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး နိုင်ရန်အတွက် ပန္နက်ချနိုင်ခဲ့သော ပြည်ထောင်စုနေ့၏ သန္ဓေတည်ရာ နေ့ထူးနေ့မြတ် ဖြစ်သည့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၇) ရက်နေ့ကို ရှမ်းအမျိုးသားနေ့ဟု ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပသော ပင်လုံအစည်းအဝေး၌ စော်ဘွားများနှင့် လူထု ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ပြီး တညီတညွတ်တည်း သတ်မှတ်ခဲ့ကြပါသည်။
ရှမ်းပြည်နယ်သည် တိုင်းရင်းသားပေါင်းစုံ မှီတင်း နေထိုင်ရာ ပြည်နယ်ကြီးတစ်ခု ဖြစ်သည့်အားလျော်စွာ ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးပေါင်းစုံအား ကိုယ်စားပြုနိုင် စေရန် ၁၉၆၀ ပြည့်နှစ် ဝန်းကျင်မှ စတင်၍ ရှမ်းအမျိုးသားနေ့ အား “ ရှမ်းပြည်နယ်နေ့” ဟု ပြောင်းလဲ ခေါ်ဆို ခဲ့ကြပါသည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရှမ်းပြည်နယ် ကိုယ်စားလှယ်များ၊ မြန်မာကိုယ်စားလှယ်များ၊ ကချင်ကိုယ်စားလှယ်များနှင့် ချင်းကိုယ်စားလှယ်များသည် အင်္ဂလိပ်လက်ထဲမှ ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ခုလုံး လွတ်လပ်ရေး တောင်းယူရန် တညီတညွတ်တည်း သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ ထို့ကြောင့် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ရန် ပင်လုံစာချုပ်ကြီး ပေါ်ထွန်းခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ၏ ညီညွတ်ရေး ကျောက်တိုင်ကို ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် စိုက်ထူခဲ့ကြပါသည်။ သို့ဖြစ်၍ ရှမ်းပြည်နယ်နေ့သည် ပြည်ထောင်စုနေ့၏ အုတ်မြစ်ကြီး ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်း မှီတင်း နေထိုင် ကြသည့် တိုင်းရင်းသား ပြည်သူအပေါင်းတို့ ခင်ဗျား-
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းကြသော အခါ ရှမ်းတိုင်းရင်းသားတို့သည်လည်း မြန်မာပြည်ဖွား အခြား တိုင်းရင်းသားများနည်းတူ သွေးစည်းညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြပသည်။ လွတ်လပ်ရေး ရအံ့ ဆဲဆဲတွင် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် မသမာသူတို့၏ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အမျိုးသား ခေါင်းဆောင်ကြီး များ ကျဆုံးရာ၌ ရှမ်းအမျိုးသား မိုင်းပွန်စော်ဘွားကြီးလည်း ပါဝင် ခဲ့လေ သည်။
သို့ရာတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် လွတ်လပ်ရေးကို မဖြစ်မနေ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့ပါသည်။ ဤသို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရန်အတွက် တိုင်းရင်းသားအားလုံး သွေးစည်း ညီညွတ်စွာဖြင့် လွတ်လပ်ရေးကို အသက်ပေး၍ ရယူခဲ့ကြ သော်လည်း လွတ်လပ် ရေးရပြီး နောက်ပိုင်း တိုင်းပြည်ကို ပြန်လည် ထူထောင်ကြရမည့်အစား ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ လူမျိုးစွဲ တွေကြောင့် လက်နက်များ စွဲကိုင်ပြီး တိုင်းရင်းသား အချင်းချင်း သွေးချောင်းစီး တိုက်ပွဲများ ဆယ်စုနှစ် (၅)ခုခန့် ဖြစ်ပွားခဲ့ရာ ပြည်သူများ ဒုက္ခဝေခဲ့ရပါသည်။
သို့ဖြစ်၍ သမိုင်း၏ ခါးသီးသော သင်ခန်းစာများအရ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်ရန်အတွက် ပြည်သူလူထုက ရွေးချယ်တာဝန် ပေးအပ်ခဲ့သည့် ပြည်သူ့အစိုးရသစ်သည် ၂၀၁၁ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့မှ စ၍ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ အစိုးရသစ် အနေဖြင့် အမိမြန်မာနိုင်ငံတော်ကြီးကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ နယ်ပယ်စုံကဏ္ဍစုံတို့တွင် ပြောင်းလဲမှု ရေစီးကြောင်း နှင့်အတူ လိုက်ပါနေပြီ ဖြစ်ပါသည်။ ပါတီစုံ ဒီမိုကရေစီစနစ်နှင့် အတူ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ဦးတည် ချီတက်လျက် ရှိပါသည်။
ထိုသို့ ချီတက်ရာတွင် သမိုင်းပေး သင်ခန်းစာများအရ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန် အရေးသုံးပါးကို နောင်သားစဉ် မြေးဆက်အထိ ကမ္ဘာတည်သ၍ နိုင်ငံသားတိုင်း လိုက်နာစောင့်ရှောက် ကာကွယ် ပေးကြရမည့် အမျိုးသားရေးတာဝန် ဖြစ်တဲ့အတွက် ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာလည်း ဒီတာဝန်ကြီး သုံးရပ်ကို ဦးထိပ်ပန် ဆင်ပြီး ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။
ဒီတာဝန်ကြီးသုံးရပ်ကို အောင်အောင်မြင်မြင် ထမ်းဆောင် နိုင်ဖို့အတွက် ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေး အင်အား၊ စီးပွားရေး အင်အားနှင့် နိုင်ငံတော် ကာကွယ်ရေး အင်အားဆိုတဲ့ အင်အားသုံးရပ် တောင့်တင်းနေဖို့လိုပါသည်။
အမျိုးသား ပြန်လည် ပေါင်းစည်းညီညွတ်ရေးနှင့်ပတ်သက်ပြီး ယနေ့အချိန်ထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၁)ဖွဲ့အနက် (၁၀)ဖွဲ့ဟာ ငြိမ်းချမ်းရေးရယူပြီး နိုင်ငံတော်အစိုးရနှင့် လက်တွဲ ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။ ကျန်(၁)ဖွဲ့ ဟာလည်း ဆက်လက် ညှိနှိုင်းဆွေးနွေးလျက် ရှိပါသည်။
ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်း မှီတင်း နေထိုင် ကြသည့် တိုင်းရင်းသား ပြည်သူ အပေါင်းတို့ ခင်ဗျား-
ပြည်ထောင်စု တည်တံ့ခိုင်မြဲရန် တိုင်းရင်းသား လူမျိုးများ စည်းလုံးညီညွတ်ကြရန်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မှဲ့တစ်ပေါက်အစွန်းမခံရအောင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရန် တို့သည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ အရပ်ရပ်အရ ပြည်ထောင်စုကြီး တစ်ခုလုံးနှင့် ပြည်ထောင်စုသား အားလုံးအတွက် ထာဝရ လိုအပ်နေသော အချက်များပင် ဖြစ်ပါသည်။ ၄င်းအပြင် ပြည်ထောင်စုကြီး ထာဝရ စည်းလုံးဖွံ့ဖြိုးတိုးတက် အောင်မြင် နေစေရန် အစဉ်အမြဲ လိုက်နာစောင့်ထိန်း အကောင်အထည်ဖော် ဆောင်ရွက်နေရမည့် ပကတိအမှန်တရားလည်း ဖြစ်ပါသည်။ ထိုမျှမက ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွား၊ ပြည်ထောင်စု၏ အကျိုးစီးပွား၊ အမျိုးသား အကျိုးစီးပွား များအတွက် ရေရှည် အာမခံချက် ပေးထားသည့် မူဝါဒများ ဖြစ်သကဲ့သို့ ပကတိ အရှိတရား၊ ထာဝရ အမှန်တရားများနှင့် ကိုက်ညီ လိုက်လျော ညီထွေ ဖြစ်သော အချက်များ ဖြစ်ပြီး နိုင်ငံသားတိုင်း၊ ပြည်သူတိုင်းက အစဉ်ထာဝရ ဦးထိပ်ထားရမည့် အမျိုးသားရေး ရည်မှန်းချက် ပန်းတိုင်များပင် ဖြစ်ပါသည်။
မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးသည် အမျိုးသား နိုင်ငံရေး၏ အဓိကအချက် ဖြစ်ကြောင်း တွေ့ရမည် ဖြစ်ပသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲလျှင် ပြည်ထောင်စု ပြိုကွဲ သွားမည် ဖြစ်ပြီး တစ်ဆက်တည်း၌ပင် အချုပ်အခြာ အာဏာကို လည်း လက်လွတ်ဆုံးရှုံးသွားရမည် ဖြစ်ပသည်။ သို့ဖြစ်ရာ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင် ကြသော တိုင်းရင်း သားများ သာမက မြန်မာနိုင်ငံသား အားလုံးကပါ ဦးထိပ်ထားပြီး အစဉ် ထိန်းသိမ်း ရွက်ဆောင် ကြိုးပမ်း ကြရမည့် အမျိုးသားရေး တာဝန်ပင် ဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်း မှီတင်း နေထိုင် ကြသည့် တိုင်းရင်းသား ပြည်သူအပေါင်းတို့ ခင်ဗျား-
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃)တွင် “ နိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ စုပေါင်း နေထိုင်သော နိုင်ငံဖြစ်သည် ” ဟူ၍ ပါရှိပါသည်။
ပြည်ထောင်စုကြီး မပြိုကွဲရေးအတွက် ပြည်ထောင်စု စိတ်ဓာတ်သည် မည်မျှအရေးပါကြောင်း သိသာထင်ရှား လှပေသည်။ ပြည်ထောင်စုစိတ်ဓာတ်ဟူသည် ပြည်ထောင်စုကြီး တစ်ခုလုံး ကို တစ်မိသားစုတည်း၊ တစ်အိမ်ထောင်တည်းပင် ဖြစ်သည်ဟု စွဲမြဲ ခိုင်မာစွာ လက်ခံမှတ်ယူထားသော သဘောတရား ခံယူချက်ပင် ဖြစ်ပါသည်။ မျိုးရိုးသံယောဇဉ်၊ ဒေသ သံယောဇဉ်တို့ဖြင့် ရစ်ပတ်ဖွဲ့နှောင်လျက် အမျိုးကို စောင့်ရှောက်လိုမှု၊ အမျိုးကို ချီးမြှောက်လိုမှုတည်းဟူသော မျိုးချစ်စိတ်ပေါ် အခြေခံပေသည်။
ပြည်ထောင်စုသားအချင်းချင်း တစ်ဦးကိုတစ်ဦး ရိုင်းပင်း ကူညီလိုခြင်း၊ အခက်အခဲ တွေ့ကြုံလျှင် ကူညီဖြေရှင်း ပေးလိုခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်လိုခြင်း၊ အချင်းချင်း စာနာထောက်ထား ခြင်းနှင့် နားလည်ခွင့်လွှတ်သည်းခံ တတ်ခြင်းသည် ပြည်ထောင်စု စိတ်ဓာတ်၏ ကောင်းမြတ်သော အခြေခံများ ဖြစ်ကြပသည်။
နိဂုံးချုပ် အနေဖြင့် ယနေ့ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ကြီးဟာ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့အလယ်မှာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေတဲ့အတွက် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပြည်ထောင်စု စိတ်ဓာတ်အပေါ် အခြေခံပြီး တက်ညီလက်ညီ တစ်စိတ်တစ်ဝမ်းတည်း ကြိုးပမ်းဆောင်ရွက် သွားကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 35 guests and no members online