ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ ပြည်နယ်တရားရေးဦးစီးမှူးများ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   သြဂုတ်   ၁၆

 

3

 

   ရှမ်းပြည်နယ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ ပြည်နယ်တရားရေးဦးစီးမှူးများ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်(၁၆)ရက် နံနက်(၉))နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် က အဖွင့်အမှာ စကားပြောကြားသည်။

 

   ဆက်လက်၍ ရပ်စောက်မြို့နယ်တရားရုံးမှ ဒုတိယမြို့နယ်တရားသူကြီး ဒေါ်မေလင်းထူးမှ ကျမ်းသစ္စာဆိုပြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကျင်းပသော ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်အပေါ် ပြည်နယ်လွှတ်တော် တရားသူကြီးချုပ်မှ ထပ်ဆင့် ရှင်းလင်းမှာကြားသည်။

 

   ထို့နောက် ပြည်နယ်လွှတ်တော် တရားသူကြီး(၁) ဒေါ်ခင်မေတင့်၊ ပြည်နယ်လွှတ်တော် တရားသူကြီး(၂) ဦးခင်မောင်ဌေးတို့က တရားရေးဆိုင်ရာကိစ္စရပ်များကို အသီးသီးရှင်းလင်းမှာကြားသည်။

 

   ၎င်းနောက် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ချယ်ရီကြည်မှ ရှင်းလင်းမှာကြား၍ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စိုးယုမှ ငွေစာရင်း၊ ထောက်ပံ့ရေးရာကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားကြသည်။

 

   ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာတင်မှ ပြစ်မှု၊ တရားမမှုမှတ်တမ်းများ ဆောင်ရွက်သည့် ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ မှာကြားချက်များကို ဆွေးနွေးတင်ပြပြီး ခရိုင်တရားသူကြီးများနှင့် မြို့နယ်တရားသူကြီးများမှ တင်ပြလိုသည့် အချက်အလက်များ တင်ပြရာ ပြည်နယ်တရားရေးဦးစီးမှူးမှ ပြန်လည်ရှင်းလင်း ပြောကြားသည်။

 

   ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။