အေးသာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ရွေးချယ်ပွဲ ကျင်းပ

တောင်ကြီး  သြဂုတ်  ၁၈

 

2


ရှမ်းပြည်နယ်၊ အေးသာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ရွေးချယ်ပွဲကို သြဂုတ်(၁၈)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာစက်မှုဇုန်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင် တက်ရောက် အမှာစကားပြောကြားရာ "အေးသာယာစက်မှုဇုန်တွင်ရှိသည့် လုပ်ငန်းရှင်များကို အများဆန္ဒအရ ရွေးချယ်ပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီဝင်များ ရွေးချယ်ခြင်းဖြစ်ကြောင်း၊ စက်မှုဇုန်တွင်ရှိသော အသေးစားနှင့် အလတ်စားလုပ်ငန်းစုများ ဖွံ့ဖြိုးဖြစ်ထွန်းမှုများသည် နိုင်ငံတော်၏ စီးပွားရေးနှင့် မြို့ပြဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ပါကြောင်း၊ ရှမ်းပြည်နယ် အေးသာယာစက်မှုဇုန်ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်မှုလုပ်ငန်းရှင်များနှင့် အသေးစား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းစုများ တိုးတက်ဖွံ့ဖြိုးရန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး စက်မှုဇုန်ကို စနစ်တကျ စုပေါင်းတာဝန်ယူရန်အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းရန် လိုအပ်လာပြီဖြစ်ကြောင်း၊ ဖွဲ့စည်းဆောင်ရွက်ရာမှာ စနစ်တကျဖြင့် ဆောင်ရွက်ပြီး ရေရှည်မှာ ရပ်တည်နိုင်ပြီး၊ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် စိတ်ရင်းစေတနာကောင်းဖြင့် စည်းလုံးညီညာစွာ အလေးထားဆောင်ရွက်ကြရန်" တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍ စီမံခန့်ခွဲရေးကော်မတီဝင်၊ ရွေးချယ်ပွဲကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျမှ ဆန္ဒမဲပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ စက်မှုလုပ်ငန်းရှင်များမှ အများဆန္ဒအရ ရွေးချယ်စုစည်းပေးသည့် ကိုယ်စားလှယ်လောင်း(၃၈)ဦးထဲမှ ကော်မတီဝင်အဖြစ်(၁၅)ဦးကို ရွေးချယ်ဆန္ဒမဲပေးရမည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ အေးသာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဝင်ရွေးချယ်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်မှုဇုန်ကော်မတီဝင်များ၊ စက်မှုလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။