၂၀၁၃-ခုနှစ်၊ တောင်ကြီးဇုန်တက္ကသိုလ်များ(အမျိုးသား)ဘော်လီဘောပြိုင်ပွဲ ကျင်းပ

တောင်ကြီး  သြဂုတ် ၁၈

 

3


ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းသည် (၁၅-၈-၂၀၁၃)ရက်နေ့ တောင်ကြီးတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်သော ၂၀၁၃-ခုနှစ်၊ တောင်ကြီးဇုန်တက္ကသိုလ်များ(အမျိုးသား) ဘော်လီဘောပြိုင်ပွဲသို့ တက်ရောက်၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပါသည်။

တောင်ကြီးတက္ကသိုလ်မှ တာဝန်ခံကျင်းပမည့် တောင်ကြီးဇုန်တက္ကသိုလ်များ(အမျိုးသား) ဘော်လီဘောပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကစားကြမည့် တောင်ကြီးတက္ကသိုလ်၊ ပင်လုံတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်နှင့် လွိုင်ကော်တက္ကသိုလ်များရှိ ကျောင်းသား/သူများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ဘော်လီဘောအားကစား အဆင့်အတန်းမြင့်မားရေးကို ဦးတည်ပြီး ဘော်လီဘောပြိုင်ပွဲများကို ကျင်းပရခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါ ပြိုင်ပွဲအား ၂၀၁၃-ခုနှစ်၊ သြဂုတ်(၁၅)ရက်မှ သြဂုတ်(၁၈)ရက်နေ့အထိ ကျင်းပခဲ့ပါသည်။
၂၀၁၃-ခုနှစ်၊ တောင်ကြီးဇုန်တက္ကသိုလ်များ(အမျိုးသား) ဘော်လီဘောပြိုင်ပွဲ အမျိုးသားဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၁၈-၈-၂၀၁၃)ရက် (တနင်္ဂနွေနေ့)၌ တောင်ကြီးတက္ကသိုလ်အားကစားကွင်း၌ ကျင်းပခဲ့ရာ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ တောင်ကြီးတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့်နှင့် သက်ဆိုင်ရာ တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ အခြေခံပညာ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ဘော်လီဘောပြိုင်ပွဲတွင် နေရာလိုက် အကောင်းဆုံးဆုရအားကစားသမားများဆုကို ကျိုင်းတုံတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်စိုးမြင့်နှင့် တောင်ကြီးတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဒေါ်ကျင်အေးတို့မှ လည်းကောင်း၊ ဒုတိယဆုရ တောင်ကြီးတက္ကသိုလ်အသင်းအား တောင်ကြီးတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့်မှ လည်းကောင်း၊ ပထမတံခွန်စိုက်ဆုဖလားရရှိသော လွိုင်ကော်တက္ကသိုလ်အသင်းအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းမှ လည်းကောင်း အသီးသီး ဆုများကို ချီးမြှင့်ပေးခဲ့ပါသည်။