တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ရောင်းချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  သြဂုတ်  ၂၀

 

3

 

ရှမ်းပြည်နယ်၏ တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ရောင်းချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်(၂၀)ရက်၊ ညနေ(၄)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ တက်ရောက် အမှာစကား ပြောကြားသည်။

 

ဆက်လက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်မန်နေဂျာ ဦးကျော်သက်က မိုဘိုင်းဖုန်းရောင်းချနိုင်ရေး အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ လက်ထောက်အင်ဂျင်နီယာ ဦးမြင့်သောင်းက Sim Card ထုတ်ယူရရှိမှု အခြေအနေများ၊ Numbering ကိစ္စရပ်များ ရှင်းလင်း တင်ပြကြသည်။

 

ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ လက်ထောက်မန်နေဂျာ ဦးထွန်းခင်က ယခင်လများတွင် ရောင်းချခဲ့သော တန်ဖိုးနည်း မိုဘိုင်းဖုန်း ထုတ်ပေးစာရင်း ရရှိမှု အခြေအနေနှင့် ငွေစာရင်း Account ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး၊ အထွေထွေ ကိစ္စရပ်များ ဆွေးနွေး တင်ပြကြသည်။

 

၎င်းနောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။ ယခုလတွင် ရှမ်းပြည်နယ်အတွင်း တန်ဖိုးနည်း မိုဘိုင်းဖုန်း ထုတ်ပေးမှုမှာ CDMA - 800 MHz (၁၅၆၀၀)လုံး၊ GSM (၁၃၀၀၀)လုံး ရှိပြီး၊ ဖုန်းလျှောက်လွှာများကို (၂၁.၈.၂၀၁၃)ရက်နေ့မှ (၂၃.၈.၂၀၁၃)ရက်နေ့အထိ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင် လက်ခံသွားမည်ဖြစ်ပြီး (၂၃.၈.၂၀၁၃)ရက်နေ့၊ နံနက်(၁၀)နာရီတွင် မဲနှိုက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။