မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့ပြစီမံကိန်းများ (Town Development Plan)ကို စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  သြဂုတ်  ၂၁

 

2

 

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့ပြစီမံကိန်းများ (Town Development Plan)ကို စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်(၂၁)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပြစီမံကိန်းရေးဆွဲမည့် မြို့(၆)မြို့မှ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော်၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာမှူးကြီး ဒေါ်လှိုင်မော်ဦးက မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး တင်ပြသည်။

 

ထို့နောက် ရှမ်းပြည်နယ် စီမံကိန်းဦးစီးရုံးမှ ဒုတိယညွန်ကြားရေးမှူး၊ ဦးကျော်ဆန်းဦးက ဆွေးနွေးတင်ပြပြီး၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသိန်းဦးတို့က ဆွေးနွေးကြသည်။

 

၎င်းနောက် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့ပြစီမံကိန်း (Town Development Plan) ရေးဆွဲခြင်းကို တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် (၂၁.၈.၂၀၁၃ မှ ၂၃.၈.၂၀၁၃)ရက်အထိ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းကို ရှမ်းပြည်နယ်အတွင်းရှိ လူဦးရေ တစ်သိန်းအထက်ရှိသော တောင်ကြီးမြို့၊ ကလောမြို့၊ လားရှိုးမြို့၊ မူဆယ်မြို့၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ စုစုပေါင်း(၆)မြို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။