ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖြည့်ဆည်းဆောင်ရွက်

သြဂုတ် ၂၅

 

3

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် သြဂုတ်၂၅ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ မီးသတ်ဦးစီးဌာန၌ ပြုလုပ်သော ရွှေသံလွင်မီဒီယာကုမ္ပဏီလီမီတက်မှ လှူဒါန်းသည့် မီးသတ်ယာဉ်(၅)စီး လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ပြီး မီးသတ်ယာဉ်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။ 

 

ဆက်လက်ပြီး ဒုတိယသမ္မတသည် လားရှိုးပြည်သူ့ဆေးရုံကြီး၌ပြုလုပ်သည့် ကွန်ပျူတာပုံရိပ် ဖေါ် ဓါတ်မှန်အဆောက်အဦဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါကွန်ပျူတာ ပုံရိပ်ဖေါ်ဓါတ်မှန် အဆောက်အဦအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ 

 

ထို့နောက် ဒုတိယသမ္မတသည် လားရှိုးမြို့ ဆရာဝန်အသင်းတိုက်၌ ပြုလုပ်သည့် မြန်မာနိုင်ငံ ဆရာဝန်အသင်းအဆောက်အဦဖွင့်ပွဲသို့ တက်ရောက်ပြီး အသင်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် အဆိုပါအဆောက်အဦခန်းမအတွင်း ဆရာဝန်အသင်းဝင်များ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆရာဝန်အသင်း (လားရှိုး)အတွက် အလှူငွေကျပ်သိန်း(၅၀၀)ကို အလှူရှင်ကိုယ်စား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းခဲ့သည်။

 

ယင်းနောက် မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် လားရှိုးမြို့၊ မြို့တော်ခန်းမ၌ပြုလုပ်သော ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး ဒေသခံ ပြည်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဒုတိယသမ္မတ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများသည် ၂၀၁၂-၂၀၁၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ လားရှိုးစာစစ်ဌာနမှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆု များပေးအပ်ခဲ့ကြသည်။

 

၄င်းနောက် ဒုတိယသမ္မတသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ရေစီးရေလာကောင်းမွန် ရေးဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ တင်ပြချက်များအပေါ် ဆွေးနွေးဖြည့်ဆည်း ဆောင်ရွက်ပေးပြီး လားရှိုးမြို့ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ညနေပိုင်းတွင် ဒုတိယသမ္မတမိသားစုနှင့် အဖွဲ့ဝင်များသည် ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီ၌ ကပ်မိန်ကျောင်းတိုက်ဆရာတော်အမှုပြုသော ဆရာတော်၊ သံဃာတော်များ အား ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း၍ စေတီတော်အား လှည့်လည်ဖူးမျှော်ကာ အလှူငွေများ ပေးအပ် လှူဒါန်းခဲ့သည်။

 

ထို့နောက် ဒုတိယသမ္မတသည် လားရှိုးမြို့၊ မြို့ရှောင်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ရုံး၌ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပြီး ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေကျပ်သိန်း(၃၀၀)ပေးအပ်ခဲ့သည်။