ရှမ်းပြည်နယ်သတင်းများ

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံပွဲ ကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၀၃

 

1

 

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို စက်တင်ဘာ(၃)ရက်၊ မွန်းလွဲ(၁)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ လွှတ်တော်ကော်မတီ ဥက္ကဌများဖြစ်ကြသော ဦးမောင်မောင်သိန်း၊ ဦးသိန်းဇော်၊ ဦးမောင်မောင်ဆွေ၊ ဦးစိုးနိုင်၊ ဦးအောင်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (၇၅၀)ခန့် တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အဖွင့်အမှာစကား ပြောကြားရာ ကျိုင်းတုံဒေသရှိ ပြည်သူများ၏ အသံ၊ ပြည်သူများ၏ ဆန္ဒ၊ ပြည်သူများ၏ လိုအပ်ချက်များကို ပြောကြားပေးစေလိုကြောင်း၊ ယခု ဆောင်ရွက်နိုင်မည့် ကိစ္စများကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး ချက်ခြင်း မဆောင်ရွက်နိုင်သေးသော ကိစ္စများကို လွှတ်တော်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံအရ ၂၀၁၀ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲပြုလုပ်ပြီး ၂၀၁၁မှာ လွှတ်တော်များ ပေါ်ပေါက်ခဲ့ကြောင်း၊ အဲဒီနောက် လွှတ်တော်များက ရွေးချယ်ပေးသော ပြည်သူ့အစိုးရနှင့် တရားစီရင်ရေးမဏ္ဍိုင်ပေါ်ပေါက်ခဲ့ကြောင်း၊ ၂၀၀၈ အခြေခံဥပဒေက ပြဌာန်းချက်အရ ပါတီစုံဒီမိုကရေစီစနစ်နှင့် စျေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ကျင့်သုံးခဲ့ကြောင်းနှင့် လွှတ်တော်၏ ဆောင်ရွက်ရသော ကိစ္စများကို ရှင်းလင်းပြောကြားသည်။ 

 

   ထို့နောက် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးတင်မောင်ဆွေက နယ်မြေဒေသဆိုင်ရာ အချက်အလက်များကို တင်ပြသည်။ ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်ချက်များကို ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက ဒေသလိုအပ်ချက်များကို တင်ပြကြပြီး၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ရေဘေးသင့်ပြည်သူများအတွက် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးစိုးနိုင်က ငွေကျပ်သိန်း(၅၀)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)လူမှုကူညီစောင့်ရှောက်မှုအသင်းသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ငွေကျပ်သိန်း(၁၀၀)တို့ ပေးအပ်လှူဒါန်းကာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌက နိဂုံးချုပ် အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

 

   ထို့အပြင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌသည် နံနက်ပိုင်းတွင် UWSA "ဝ"အထူးဒေသ(၂)အဖွဲ့မှ ဦးအိုက်လွန်း ဦးစီးသော ငြိမ်းချမ်းရေးအဖွဲ့အား လည်းကောင်း၊ ညနေပိုင်းတွင် အထူးဒေသ(၄)မှ ဦးစိုင်းလင်း ဦးစီးသော ငြိမ်းချမ်းရေးအဖွဲ့အား လည်းကောင်း ကျိုင်းတုံမြို့၊ ရွှေတြိဂံရိပ်သာ၌ တွေ့ဆုံခဲ့သည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

kayanရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အများဆုံး နေထိုင်ကြပါသည်။

We have 132 guests and no members online