ရှမ်းပြည်နယ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၀၈

 

3

 

   ၂၀၁၃-ခုနှစ်၊ ရှမ်းပြည်နယ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာ(၈)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင့်မိုရ်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "ဒို့အင်ဒို့အား" သီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။

 

   ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားပြီး၊ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေက ဖတ်ကြားသည်။

 

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးတို့က ၂၀၁၃-ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပိုစတာပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "လူတိုင်းအတွက် ပညာရေး" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

   ၎င်းနောက် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "ဇာတိမာန်" သီချင်းကို သီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။