ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

တောင်ကြီး   စက်တင်ဘာ  ၁၃

 

 1

 

   ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာ(၁၃)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ အခြေခံပညာ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဦးက မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ရည်ရွယ်ချက်၊ မူဝါဒနှင့် ရှမ်းပြည်နယ်အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

 

   ၎င်းနောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ကြိုးပမ်းအားထုတ်ခဲ့မှု ဗွီဒီယိုခွေမှတ်တမ်းအား (၁၀)မိနစ်ခန့် တင်ပြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက် မှတ်တမ်းများအား လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့သည်။